page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, February 16, 2013

ဗိုလ်ချုပ်ပြောသည့် နိုင်ငံရေးသမားဟူသည်

ညချစ်သူ | 11:34 AM |
ညချစ်သူ | 11:34 AM |




Best Blogger Tips
Share



ဂျပန်ပြည်တွင် ရဲဘော်သုံးကျိပ် စစ်ပညာစတင်သင်ခိုက် တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လရောင်နှင့် ဗိုလ်မင်းခေါင်တို့တွေ့ဆုံ စကားပြောကြစဉ် မြန်မာပြည်မှ စစ်ပညာသင်ကြားရန် ပို့လွှတ်သည့် လူများထဲတွင် ဗိုလ်ချုပ်မှာလိုက်သောသူအချို့ ပါမလာသည့်အတွက် စိတ်မကောင်းဟန်ဖြင့်

ဗိုလ်ချုပ်က “နိုင်ငံရေးသမားတိုင်းဟာ တိုင်းပြည်အတွက် ကိုယ်ကျိုးမှ စွန့်ရဲ့လားကွ” ဟု စကားစသည်တွင်


ဗိုလ်လရောင်က “တိုင်းပြည်ကို တကယ်ချစ်တဲ့ မျိုးချစ်စိတ်ရှိသူတိုင်းတော့ စွန့်ရဲကြတာချည်းပဲ” ဟု ပြန်ဖြေလိုက်ရာ

ဗိုလ်ချုပ်က “မျိုးချစ်စိတ်ရှိသူတိုင်းလည်း မဟုတ်ဘူးကွဲ့။ နိုင်ငံရေးဆိုတာ ဘာလဲလို့ ကောင်းကောင်းကြီးနားလည်ပြီး ကိုယ်ကျိုးစွန့်ရဲတဲ့ သတ္တိရှိမှလို့ ငါတော့ထင်တာပဲ” ဟု ပြောရင်း စကားကို ခေတ္တရပ်လိုက်သည်။

ဗိုလ်မင်းခေါင်မှဆက်၍ “နိုင်ငံရေးဆိုတာဘာလဲ” ဟု ၀င်ထောက်မေးလိုက်ရာ ဗိုလ်ချုပ်မှ

“လူတိုင်းကတော့ တိုင်းရေးပြည်ရေးကိုသာ နိုင်ငံရေးလို့တွက်ထားကြတယ်။ အမှန်ကတော့ ကိုယ့်ဘ၀ရပ်တည်ရေးကစပြီး ကိုယ့်အိမ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်မကြီးတစ်ခုလုံးရဲ့ လူမှုရေးကိစ္စပဲ။ နိုင်ငံရေး စကားနဲ့ပြောရင်တော့ လူတွေစားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု အားလုံးဟာ နိုင်ငံရေးပေါ့ကွ”
ဟု ရှင်းပြပြီး ဆက်လက်၍ နိုင်ငံရေး သမားဟူသည် ဆိုသည့်အကြောင်းအရာကို အခုလိုရှင်းပြခဲ့သည်။

(၁)။   တိုင်းပြည်ကျရောက်နေတဲ့ဘေးကို တကယ်စွန့်စားပြီး ကယ်တင် ချင်တဲ့စိတ်ဓါတ်မျိုး အမြဲရှိရမယ်။

(၂)။   အလုပ်လုပ်ကိုင်တဲ့နေရာမှာ ရိုးသားမှုအပြည့်အ၀ရှိရမယ်။

(၃)။   စွန့်စားရမယ့်နေရာမှာလည်း ဇွဲသတ္တိနဲ့ ပြည့်စုံပြီး ကိုယ်ကျိုးစွန့်၊ အသက်ကို စွန့်ရဲတဲ့ စိတ်မျိုးလည်း မွေးတတ်ရမယ်။

(၄)။   ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲ အမှန်လို့ မယူဆတဲ့ စိတ်ထားမျိုး မွေးတတ်ရမယ်။

(၅)။   ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ မျိုးချစ်စိတ်လည်းရှိရမယ်။   

          အရေးကြီးဆုံးကတော့ အဲဒီ (၅)ချက်ပဲ။

ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံကတော့ လုပ်ရင်းကိုင်ရင်း လေ့လာရင်းနဲ့ ရနိုင်ပါတယ်ဟု အဆုံးသတ်ပြောကြားခဲ့သည်။
 
          ထိုအကြောင်းအရာများကို မြန်မာပြည်သို့ ပြန်ရောက်ပြီး ပထမဆုံးရွှေတိဂုံ အလယ်ပစ္စယံ၌ ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဥက္ကဠအဖြစ် ပြောကြားသော မိန့်ခွန်းတွင်ပါ အဆိုပါနိုင်ငံရေးဆိုသည်မှာ အချက်များကို ထည့်သွင်းပြောခဲ့သည်ဟု လေ့လာသိရှိရသည်။

ယနေ့အချိန်အခါတွင် ဗိုလ်ချုပ်၏ နိုင်ငံရေးနှင့် နိုင်ငံရေးသမားဆိုသည်မှာ အယူအဆများကို လေ့လာလိုသူများအတွက် ရှာဖွေတင်ပြလိုက်ရပါသည်။


စာကိုး - မယ်သုန်/(၂၇၊ ၂၊ ၇၁)၊ ရွှေတူဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁)မှ ထုတ်နှုတ်တင်ပြသည်

 တို့ဗမာ Dobama Share