page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, October 19, 2012

ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ

ညချစ်သူ | 1:10 AM |
ညချစ်သူ | 1:10 AM |




Best Blogger Tips
Share


ကျွန်တော် ဒီပိုစ့်လေးကိုရေးသားဖြစ်တာက  ကျွန်တော်ဆိုဒ်လေးဖြင့်တဲ့  ဆုံဆည်းရာ မှာ '' ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ  '' ဆောင်းပါးပြိုင်ပွဲ -----ပြိုင်ပွဲဝင်သူ သူငယ်ချင်းတွေ ပြိုင်ပွဲ
ဝင်စာမူရေးသားရာမှာအဆင်ပြေချောမွေ့ အောင်နမူနာအဖြစ် ရေးသားပေးထားတာ လေးပါ ။
ကျွန်တော်ကစာရေးကောင်းသူမဟုတ်တော့ တကယ်လို့ အမှားတစ်စုံတစ်ရာပါခဲ့ရင် နားလည်
ခွင့်လွှတ်ကာ ပြင်ဆင်ဖတ်ရှုပြီး  ခံစားအားပေးကြပါလို့ ပြောပါရစေခင်ဗျာ ။ 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဒီနေ့ ည မိသားစုလူစုံနေတဲ့ ထမင်းဝိုင်းလေးမှာ ကျွန်တော်ညီမအကြီး ဖြစ်တဲ့ မကြီးစုက  ပြောတယ် ။
" ကိုကြီးဇင် သီတင်းကျွတ်တော့မယ်နော်  ပိုက်ဆံ စုထားဦး မိဘတွေ ၊နှစ်ဖက်အဘိုးအဘွားတွေ ၊
ဆွေမျိုးတွေနှင့် ငယ်ငယ်ကစာသင်ပေးခဲ့ဖူးတဲ့ ဆရာ၊ဆရာမတွေကို ကန်တော့ရဦးမယ်နော် 
ရသမျှ မသုံးပစ်နဲ့ဦး "  "  အေးပါဟ မသုံးပါဘူး  မကြီးစုရာ  " လို့  ကျွန်တော်က ပြန်ပြောလိုက်တယ် ။



ကျွန်တော်အကြောင်း သူငယ်ချင်းတွေ သိအောင်ပြောရဦးမယ်.....ကျွန်တော်တို့ အိမ်မှာ ကျွန်တော်
အပါအ၀င်မိသားစု( ၈ )ယောက်ရှိတယ်ဗျ။ကျွန်တော်မိဘနှစ်ပါးရယ် မောင်နှမ ( ၆ )ယောက်ရယ်ပေါ့ ။
အိမ်မှာက ကျွန်တော်က အကြီးဆုံး ၊ ပြီးတော့ ညီမ ( ၄ ) ယောက် ၊အငယ်ဆုံးကတော့ ညီလေး ပေါ့ ။
ဒါပေမဲ့  ကျွန်တော်က အိမ်မှာ အကြီးဆုံးလို့ သာ ပြောတာပါ ညီမတွေ ကို ခေါ်တာက ( မကြီး ) ဆိုပြီး
ထည့်ပြောဖြစ်တာဗျ ။ငယ်ငယ်ကတည်းက ကိုယ်က အငယ်ပဲ ဖြစ်ချင်တာလေ ။

ညီလေးက ပြောတယ်  '' ကိုကြီးဇင်  အချိန်ရရင် သီတင်းကျွတ်လအကြောင်း  ပြောပြပါလား ''
ကိုကြီးက စာတွေဖတ်တာများတော့ ကျွန်တော်တို့ ထပ်ပိုသိတာပေါ့ ဗျာ '' '' အင်း  '' ညီလေး
ကျူရှင်မသွားရဘူးဆို ပြောပြမယ်လေ ။ချစ်မေမေက ပြောတယ်  ကဲဒါဆို အိမ်ဘေးက ကွက်လပ်မှာ
စားပွဲခင်းလိုက်သမီးကြီး  လသာသာနဲ့ တို့ မိသားစု စကားလက်ဆုံ ပြောကြတာပေါ့ ။သားကြီးကလည်း
ညီ ၊ညီမတွေ သီတင်းကျွတ်ပွဲတော်လအကြောင်းကို သိအောင်ပြောပြလိုက်လေ ။ဟုတ် ချစ်မေမေ ။



ကဲ သီတင်းကျွတ်လအကြောင်းပြောမယ်နော် အားလုံးနားထောင်တော့ ကိုကြီးလဲ သေသေချာချာ
သိလို့ပြောတာတော့ မဟုတ်ဘူး ။ ကိုယ်ဖတ်ဖူးတဲ့ သီတင်းကျွတ်လအကြောင်းလေးတွေကို ညီ ၊ညီမ
လေးတွေ သိအောင်ပြောပြရတာပါ ။ကဲ နားထောင်ကြတော့နော် ...............................။

တကယ်တော့ သီတင်းကျွတ်လဆိုတာ.............မြန်မာပြက္ခဒိန်၏ သတ္တမ လ။ ယခင်အမည် သန်တူ 
လ လို့ လည်းခေါ်သေးတယ် ။ သီတင်းကျွတ်လမှာ ရက်ပေါင်း  ၂၉ ရက်ရှိ​တယ် ။ဒါကြောင့် (ရက်မစုံ)
ဘူး ။  ရဟန်းတော်များဝါဆိုဝါကပ် သည့် ၀ါတွင်းသုံးလ ဟူသော ကာလသည် သီတင်းကျွတ် လပြည့်ကျော်သည်နှင့် ကုန်ဆုံးပေတော့မယ်။ “၀ါဆို” နှင့် အဖွင့်အပိတ်ညီစွာ “၀ါကျွတ်” ဟုလည်း 
 ရည်ညွှန်းလေ့ ရှိပါတယ် ။ ပုဂံခေတ်က သီတင်းကျွတ်လကို“သန်တူ” ဟုလည်း ခေါ်ကြသေးတယ်။
 “သန္တု” ဟူ၍ ရေးတယ် ။ ဆရာကြီး ဦးဖိုးလတ်က “သန်” သည် “ကောက်၊ စပါး”၊“တူ” သည် “ထောင်မတ်သည်” ဟုအဓိပ္ပာယ်ရကြောင်းရေးသားထားဖူးတယ်။ ထို့ကြောင့် “သန်တူ” ဆိုသည်
မှာ ကောက်စပါးပင်များ ပေါက်ပွား၊ ထွက်ထ၊ ထောင်မတ်လာသောလဟု အဓိပ္ပာယ်ရကြောင်း ဖွင့်ဆိုကြတယ် ။


“သီတင်းကျွတ်” ဟူသော အသုံးကို လအမည်အဖြစ် အင်းဝခေတ်တွင်မှ သုံးကြောင်း၊ “သတင်း” ဟု ရေးလေ့
ရှိကြောင်းလည်း ဖတ်ရဖူးပါတယ် ။ရဟန်းတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံး သည့်ကာလ
ကျွတ်လွှတ်ပြီးမြောက်သည့်လ ဖြစ်၍  သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်တယ် ။ ”သီတင်းသီလ၊ သီတင်းပတ်၊
သီတင်းသုံး၊ ဥပုသ်သီတင်း၊ သီတင်းသည်” စသည့် အသုံးများနှင့်လည်း ဆက်စပ်နေတယ်လို့ ဖတ်ဖူးတယ် ။
“သန္တု” နှင့် ၀ါကျွတ်၊ သီတင်းကျွတ်တို့ စပ်ကူးမပ်ကူး ဖြစ်နေသည့် အသုံးကို ရှင်အုန်းညို၏ ဂါထာခြောက်
ဆယ်ပျို့တွင် “အခါထိမ်းမှတ် သန္တူ ကျွတ်သော်” ဟူ၍ တွေ့ရတယ် ။ “၀ါကျွတ်သန်ပွဲ၊ သန္တူလဟု၊ မည်
ရခေါ်မြေ့၊၀ါကျွတ်နေ့တွင်” ဟူ၍ ရေးဖွဲ့ပုံများလည်း ရှိကြတယ် ။


သီတင်းကျွတ်၏ အထိမ်းအမှတ်သရုပ်မှာ မီးထွန်းပွဲတော် ကျင်းပခြင်းဖြစ်မည်ထင်ပါတယ် ။ သီတင်းကျွတ်
ကာလတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ဆီးမီးရောင်တို့ဖြင့် ထိန်ထိန်လင်းနေမည်လို့ အကို ထင်ပါတယ် ။ အိမ်တိုင်း၊ရပ်ကွက်တိုင်း၊ မြို့တိုင်း၊ နယ်တိုင်းတွင် မီးရောင်စုံများဖြင့် လှချင်တိုင်းလှနေသည့် အချိန်အခါလို့ 
ခေါ်ဆိုနိုင်တာပေါ့ကွာ ။အလင်းရောင်သည် လူသားတို့အတွက် အားအင်တစ်ခုပင် မဟုတ်လား ။ ထို့အ
တွက် ဆီမီးရောင်တထိန်ထိန်လင်းနေသော သီတင်းကျွတ်ကာလဟာ  မြန်မာလူမျိုးတို့အဖို့ အားမာန်များ
ပြည့်ဝနေသည့် လတစ်ခုဖြစ်မယ်လို့ အကိုကတော့ယုံကြည်တယ်။ဆီမီးထွန်းခြင်းဓလေ့ ဖြစ်ပေါ်လာရခြင်း
မှာလည်း ဘာသာရေးနောက်ခံကြောင့်ပင် ။အကိုတို့ ကိုးကွယ်တဲ့  ဂေါတမမြတ်စွာဘုရားရှင်သည် ၀ါတွင်းကာလပတ်လုံး တာဝတိံသာနတ်ပြည်မှာရှိတဲ့မိခင်တော်စပ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို 
အဘိဓမ္မာတရားတော်များ ဟောကြားတော်မူခဲ့ပါတယ် ။ထို့နောက်သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့ ပတ္တမြားစောင်းတန်း၊ ရွှေစောင်းတန်း၊ ငွေစောင်းတန်းတို့ဖြင့် ပြန်လည်ဆင်းသက်တော်မူသည်ဟု 
ကျမ်းဂန်တွေမှာ အကိုဖတ်ဖူးတယ် ။ ထိုသို့လူ့ပြည်သို့ ပြန်လည်ဆင်းသက်တော်မူလာချိန်တွင်
လူနတ်ဗြဟ္မာတို့က  အလင်းရောင်အမျိုးမျိုးတို့ဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ခဲ့ကြတယ် ။ အဆိုပါဓလေ့ကိုယနေ့အထိ လက်ဆင့်ကမ်းသယ်ဆောင်ကာ သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသော မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးရောင်စုံထွန်းခြင်းကို ဆောင်ရွက်ကြခြင်းဖြစ်သည်ဟု မှတ်သားခဲ့ဖူးပါတယ် ။ 


"ရွှေနန်းတောင်တော်ဦးမှာ၊ ကွန့်မြူးမြင်းမိုရ်မီး၊ ညီးတဲ့ခါချိန်" ဟု ဖိုးသူတော်ဦးမင်း  ကဖွဲ့ဆိုခဲ့သည့်
အတိုင်း သစ်ဝါးများကို မြင်းမိုရ်တောင်သဏ္ဍန် မြင့်မြင့်မားမား ဆောက်လုပ်၍ မီးထွန်းညှိ ပူဇော်သည့်
ပွဲကိုမြန်မာမင်းများလက်ထက်က ခမ်းနားစွာ ကျင်းပခဲ့ကြဖူးတယ်။ ဘုရားရှင်တာဝတိံသာမှ စောင်းတန်းသုံးသွယ်ဖြင့်ဆင်းသက်တော်မူရာမှာနတ်ဗြဟ္မာများ ခြံရံလိုက်ပါ
လာကြပုံ၊ လူအများက ပူဇော်ကြပုံတို့ကို အကြောင်းခံလျက်မီးမြင်းမိုရ်ပွဲ ကျင်းပရာတွင်ပွဲလမ်းသဘင်
များဖြင့် စည်ကားလျက်ရှိပုံ၊ မန္တလေး နေပြည်တော် မီးမြင်းမိုရ်ပွဲတွင်ပရိသတ် တိုးမပေါက်အောင် စည်ကားပုံတို့ကို ကုန်းဘောင်ဆက် မဟာရာဇ၀င်ကြီးတွင်  ရေးသားထားတယ် ။
မီးမြင်းမိုရ်ပွဲဆိုတာကို ကျေးလက်ဒေသများတွင် တာဝတိံသာပွဲဟုလည်း ခေါ်ကြောင်း သိရပါတယ်။





ဘုရားတွေမှာဆိုရင်တော့ ဓမ္မစကြာဝတ်ရွတ်အသင်းတွေ အသုတ်လိုက် ရွတ်ကြတာရှိကြပါတယ်.
ဒါ့အပြင် ညဖက်ဆိုရင်တော့ ဆီမီးကိုးထောင် ပူဇော်ပွဲ၊ ဆီမီးငါးထောင်ပူဇော်ပွဲ စသည်ဖြင့်ပေါ့
ဆီမီးခွက်လေးတွေကို ဘုရားရင်ပြင်တော်ပေါ်မှာ ပုံဖော်ထွန်းညှိလေ့ရှိကြတယ်. အအေးလည်း
တိုက်ကြတယ်ကွ . အကိုကြီးတို့ ကလေးဘ၀ကတော့ ဘာပျော်သလဲမမေးနဲ့ပေါ့ ကွာ ။ဒါအပြင်
အိမ်မှာ  ရှိသမျှ ရေအိုး ၊ကျောက်ပျဉ် ၊ရေအိမ်သာက အစပေါ့ အားလုံးကို ဖယောင်းတိုင်တွေ
လိုက်ထွန်း ရတာလည်း ပျော်ဖို့ ကောင်းတာပဲ ကွ။ပြီးတော့ ဗျောက်အိုးတွေ ၊မီးရူး ၊မီးပန်းတွေ
လည်း လွှတ်ကြရပါသေးတယ်.အခု ပြောနေရင်းတောင် ငယ်ငယ်က လူငယ်ဘာဝသီတင်းကျွတ်မှာ
ပျော်ရွှင်ခဲ့ဖူးတဲ့ အချိန်တွေကို မြင်ယောင်နေသေးတယ် ။


ရှေ့ ခေတ်စာဆိုတော်ကြီးတွေကလည်း ကဗျာတွေ  စာတွေနဲ့ သီတင်းကျွတ်လအကြောင်းကို ရေးဖွဲ့ ထား
ကြတာကိုလည်း ပြောပြဦးမယ် ။နားထောင်ကြဦးနော် ...................


"ကြာငါးမည်ကြိုင်သင်းလို့ လျှံဝင်းတဲ့ပြောင်ထိန်" ဟု ဖိုးသူတော် ဦးမင်းစာဖွဲ့သည့်အတိုင်း သီတင်းကျွတ်
လ၏ရာသီပန်းသည် ကြာမျိုးငါးပါးဖြစ်တယ်။ ကြာဖြူ ၊ ကြာနီ၊ ကြာညို၊ ကြာတံဆိပ် (ကြာပုဏ္ဍရိက်)၊ ကြာခေါင်းလောင်း(ကြာပဒုမ္မာ) တို့ဖြစ်ကြတယ် ။ "ရာသီတူခွင်၊ ရေပြင်လှတင့်၊ ကြာမျိုးပွင့်၍၊ မြတ်
ကျင့်ခေါင်ထွတ်၊ သီတင်းကျွတ်ကား"ဟူ၍ ဦးအောင်ကြီး၏ လူးတားတွင် ဖွဲ့ဆိုသည့်အတိုင်း တူရာသီ၊ သီတင်းကျွတ်လတွင်၊ ရေပြင်ထက်၌ ကြာမျိုးငါးပါးဖြင့်တင့်တယ်နေပုံကိုလည်း မြင်ယောင်ကြည့်နိုင်
ပါသေးတယ်။ ရေနှင့်ကြာ၊ ကြာနှင့်ရေ အပြန်အလှန် ကျေးဇူးပြုနေပုံ၊ကြာရှိမှ ရေကန် တင့်တယ်ပုံ၊
 ရေမြင့်မှ ကြာတင့်တယ်ပုံတို့ကို ဥပမာပြု၍ စာဖွဲ့လေ့ လည်းရှိကြသေးတယ်။ "နတ်တို့ဖန်ရေကန်
အသင့် ကြာအသင့်"၊ "ရေမနောက် ကြာမလျှောက်"၊ "ရေမြင့် ကြာတင့်"၊"အိုင်သာလို့ ကြာပေါက်" 
သည့်စကားပုံများကိုလည်း တွင်တွင်ကျယ် ကျယ် အသုံးပြုခဲ့ကြတယ်။ လရောင်ဖြင့် ပွင့်ရသော ကုမုဒြာကြာနှင့် နေရောင်ဖြင့်ပွင့်ရသော ပဒုမ္မာကြာတို့၏ သဘာဝကို လည်း စာပေများတွင် ဥပမာပြု၍ ရေးဖွဲ့ထားလေ့ရှိကြတယ်။ ခေတ်စမ်း ကဗျာစာဆို ဒေါ်ခင်စောမူ၏ "လိပ်ပြာနှင့် ကြာ
ကုမုဒ်" ဆိုသော ကဗျာ၌ နေ့အချိန်တွင် နိုးကြားနေပြီး ညရောက်လျှင် အိပ်ပျော်သွားသော လိပ်ပြာ
လေးနှင့် ညရောက်မှ လရောင်ဖြင့် ပွင့်ရသော ကုမုဒြာကြာပွင့်လေးတို့ ချစ်သူချင်း မဆုံစည်းနိုင်ကြပုံ၊
တစ်နေ့တွင် ပဒုမ္မာကြာပွင့်က နတ်သမီးလေး အရောင်အ၀ါဖြင့်ထွက်လာရာ လရောင်ဟုထင်ပြီး ကုမုဒြာကြာပွင့်လေး ငုံရာက ပွင့်လာသည့်အတွက် လိပ်ပြာလေးနှင့် ဖူးစာဆုံရပုံကို လှလှပပ
 ရေးဖွဲ့ထားပါတယ်။ အကျိုးဆောင်ပေးသောပဒုမ္မာကြာနတ်သမီးလေး အကြောင်းကို ဆက်စပ်သတိ
ရမိခြင်း ဖြစ်ပါတယ်။


ရှေ့မှာဖော်ပြခဲ့သည့်အတိုင်း သီတင်းကျွတ်လရာသီသည် တူရာသီ ဖြစ်ပြီး။ "တူ" သည် "တုလာ" 

(ချိန်ခွင်) ဟူသောပါဋ္ဌိစကားမှ ဆင်းသက်တယ် ။ ချိန်ခွင်ကိုင်စွဲသော ယောကျာ်းသဏ္ဍာန်ဟု အမှတ်အသား ပြုကြတယ်။ ချိန်ခွင်ကိုင်စွဲသောဈေးသည်၊ ကုန်သည်တို့ ကြိုက်နှစ်သက်သော ရာသီ
ဟုလည်း ဖွင့်ဆိုကြတယ် ။ လနှင့်ယှဉ်သော စန်းယှဉ်နက္ခတ်မှာ အဿဝဏီနက္ခတ်ဖြစ်ပြီး ။ သုံးလုံး-မြင်းခေါင်းသဏ္ဌာန်၊ ခြောက်လုံး-မြင်းခေါင်းသဏ္ဌာန်ဟူ၍ အဿဝဏီနက္ခတ်ကို
သရုပ်ဖော်ကြတယ် ။ လူဦးမင်း၏ သီတင်းကျွတ်လဘွဲ့လေးချိုးတွင် "တူရာသီဝယ်၊ သ၀ဏီငှက်၊ ကြယ်န၀ရတ်နှင့်နတ်ယန္တရား၊ ယုန်ရထားလည်း၊ မမှားငယ်ထွက်ချိန်၊ ပြက္ခဒိန်ဝယ်၊ နှစ်သိန်
ရည်တူ၊ ပြိုင်းမင်းမူလို့" ဟု ဖွဲ့ထားပါတယ်။


ယောမင်းကြီး ဦးဖိုးလှိုင်၏ဥတုဘောဇနသင်္ဂဟကျမ်းတွင်"တော်သလင်းသီတင်းကျွတ်နှစ်

လသည်သရဒဥတုမည်၏။လောကသည် ပူ၏။ ကောင်းကင်၌ အညစ်ကြေးကင်း၏ ၊ ဖြူစင်၏ ၊
 အိုင်၊ အင်း ၊ မြစ်ကမ်းတို့သည် ပေါ်ကုန်၏။ဟင်္သာအစရှိသော ငှက်တို့ဖြင့် ပြည့်ကုန်၏။" စသည်
ဖြင့် သာယာကြည်လင်သော သဘာဝပတ်ဝန်းကျင် မြင်ကွင်းကို ဖော်ပြထားပါတယ်။ 
သီတင်းကျွတ်လသည် မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီဝင်လုဆဲဖြစ်၍ "မိုးစဲလေသာ""မိုးစဲ
လင်းပွင့်" ရာသီဖြစ်တယ်။ ပတ်ဝန်းကျင် သာယာကြည်လင်တယ်။ မိုးကုန်ခါနီး "ပလ္လင်ဆေးမိုး"
 ခေါ် မိုးကြီးသွန်းဖြိုးသည့်အတွက် ဘုရားကျောင်းကန်များရှိ သင်ပုတ်ပလ္လင်များ၌ တင်ကျန်နေ
သော ဆွမ်းအညစ်အကြေးများအားလုံး သန့်ရှင်းစင်ကြယ်သွားစေတယ် ။ ဒါကို ၀ါလကင်းလွတ်
ချိန်တွင် မိုးမင်းက ပလ္လင်ဆေးမိုးဖြင့် နှုတ်ဆက်လိုက်ခြင်းဖြစ်သည် ဟုဆိုနိုင်ပါတယ်။


ဒါအပြင် သီတင်းကျွတ်ဖို့ မျှော်လင့်နေတဲ့ လူတွေလည်း အများကြီး ရှိကြသေးတယ်ဟ သိကြ
လား ။ဘယ်သူတွေလဲ ဆိုတာ ............................?

သီတင်းကျွတ်မှာ ရင်ခုန်ကြတာကတော့ အပျိုကြီး ၊လူပျိုကြီးတွေပါပဲ. ဒါအပြင်  လူငယ်လူရွယ် ချစ်သူရည်းစားများအဖို့လည်း မိမိတို့၏ ရည်မှန်းချက်အိပ်မက်များဖြစ်သည့် ထိမ်းမြားမင်္ဂလာ
ဆောင်နှင်းရန် အချိန်အခါသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ပျော်ရွှင်နေကြမည်မှာ သေချာ
တာပေါ့ကွာ ။ဟုတ်တယ် မှတ်လားကွ ။  မိရိုးဖလာယုံကြည်မှု ဓလေ့ထုံးစံအရ ၀ါတွင်းကာလအ
တွင်း အိမ်ထောင်ပြုခြင်းကို ရှောင်ကြဉ်ခဲ့ကြရတယ် ။ဒါကြောင့်  ၀ါကျွတ်ပြီသီတင်းကျွတ်ရောက်ပြီ
ဆိုတာနဲ့  ထိမ်းမြား လက်ထပ်ပွဲများ အဆက်မပြတ် ကျင်းပကြသကဲ့သို့ သတင်းစာများတွင်လည်း
မင်္ဂလာသတင်းများ ဝေေ၀ဆာဆာ တွေ့ကြရတယ် ။ မင်္ဂလာသတို့သား၊ သတို့သမီးတို့ကို မင်္ဂလာဆောင် စံပယ်ပန်းကုံးချီးမြှင့်ခြင်း၊ မင်္ဂလာလက်စွပ် ၀တ်ဆင်ပေးခြင်း၊ မင်္ဂလာလက်ဆောင် ပေးပို့ခြင်း၊ တက်ရောက်ချီးမြှင့်ခြင်း စသည်တို့အတွက် ကျေးဇူးတင်ကြောင်း သတင်းစာများတွင် တခမ်းတနား
 ကြေညာကြတယ် ။ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသောပျော်ရွှင် ကြည်နူးဖွယ်ကောင်းသော ကိစ္စတွေပေါ့ကွာ ။ချစ်သူရည်းစားတို့အတွက်ကတော့  အိပ်မက်နှင့် စောင့်မျှော်ခဲ့ရသည့် အချိန်အခါ
ဖြစ်လိမ့်မည်လို့  ထင်ပါတယ် ။ ဒါပေမဲ့  နံပါတ်မရှိသေးတဲ့ လူပျိုကြီးတွေ အပျိုကြီးတွေအတွက်တော့
သီတင်းကျွတ်ဆိုတာ မျှော်မောဟတ်ကော့ကြီးပေါ့.  မတွေ့လိုက်နဲ့. တွေ့လိုက်တာနဲ့. “ဘယ်တော့ စားရတော့မှာလဲ..”လို့မေးတာက မေးသူမရှက်ပေမယ့် ဖြေရသူခမြာမှာတော့ ရှိရင်ကောင်းသား မရှိရင်တော့ ရှက်ပြုံးလေး ပြုံးရင်းနဲ့“ဟင်းဟင်းဟင်း... ဟိုဟာပေါ့နော်. ဘယ်လိုပြောရမလဲပေါ့နော်. အင်းပေါ့လေ.. အဲဒါပေါ့.. နောက်နှစ်မှ....ဟင်းဟင်းဟင်း. ”ဆိုတဲ့ အသံလေးတွေလည်း ကြားကြရ
လိမ့်မယ် ထင်ပါတယ် ညီ ၊ညီမလေးတွေရေ ။


အခုပြောပြနေတာတွေအပြင် သီတင်းကျွတ်မှာ ညီ ၊ညီမလေးတွေ သိတဲ့အတိုင်းပဲ ဘုရား၊ တရား၊ သံဃာစသည့်တို့ကိုအမှူးထား၍ သက်ကြီးရွယ်အို အဘိုးအဘွားများ၊ မိဘဆွေမျိုးများ၊ အထက်အကြီးအကဲ၊ ဆရာသမားများကိုပူဇော်ကန်တော့ကြတယ် ။ ဘယ်တုန်းက စတင်ခဲ့သည့်ယဉ်ကျေးမှုမှန်း မသိပေမဲ့  သီတင်းကျွတ်ကာလကတော့ကန်တော့ပစ္စည်းများလှိုင်လှိုင်ရောင်းချရသည့်ကာလ ဖြစ်တယ်ဆိုတာ
ကတော့ အမှန်ပဲ ။ဒါအပြင် သီတင်းကျွတ်ကာလမှာ  သားသမီးတို့အနေဖြင့် အဘိုးအဘွားများ၊ မိဘများ၊ ငယ်ရွယ်သူများအနေဖြင့် အသက်အရွယ်ကြီးရင့်သည့်ဆွေမျိုးသားချင်းများ၊ အထက်အကြီးအကဲများ၊ ဆရာသမားများကို ကန်တော့ကြတယ်ဆိုတာ သိတယ်မှတ်လား ။ကာယကံ၊ ၀စီကံ၊ မနောကံဖြင့်
 ပြစ်မှားမိခဲ့သည်များရှိပါက ခွင့်လွှတ်ကြပါရန် တောင်းပန်၍ ကန်တော့ကြခြင်းဖြစ်ပါတယ်။
ကန်တော့ခံပုဂ္ဂိုလ် များကလည်း ခွင့်လွှတ်ကြောင်းပြောကြား၍ ဆုမွန်ကောင်းများတောင်းပေးခြင်း၊ မုန့်ဖိုးပေးခြင်းများပြုလုပ်ကြသည့်ဓလေ့သည် လွန်စွာချစ်စရာကောင်းသည့် အကို မြန်မာတို့၏ ယဉ်ကျေးမှုတစ်ရပ်ပင် မဟုတ်ပါလား ။မည်သည့်လူမျိုးများတွင်မှ ထိုကဲ့သို့ယဉ်ကျေးမှုကို မတွေ့မမြင်
ရနိုင်ပါဘူးကွာ ။


ထို့ကြောင့် သီတင်းကျွတ်ကာလဆိုတာ  မြန်မာလူမျိုးတွေ့အတွက်ကတော့  အကုသိုလ်စိတ်များ ကင်း
စင်ပြီးပျော်ရွှင်မှုအပြည့်၊ ၀မ်းသာပီတိအပြည့်၊ အားမာန်အပြည့်၊ တက်ကြွမှုအပြည့်ဖြင့် မြန်မာ့ယဉ်ကျေး
မှု ဓလေ့ထုံးစံများ လွှမ်းခြုံနေသည့်ကာလတစ်ခု  ဖြစ်တယ်ဆိုတာ  ညီ ၊ညီမလေးတွေ သိစေချင်လို့ 
 ပြောပြရတာပေါ့ ကွာ ။


ကဲဒါပဲနော် အကိုကြီးလည်း အလုပ်ဝင်ရတော့မယ် အချိန်လင့်နေပြီမို့  ဒီနှစ်သီတင်းကျွတ်မှာ လူကြီးမိဘတွေနဲ့ ဆရာသမားတွေကန့်တော့ဖို့ ကိုတော့ မကြီးစု ကပဲ တာဝန်ယူပြီး စီစဉ်လိုက်တော့
နော် ကုန်ကျသလောက်တော့အကိုကြီးကိုပြောလေ အချိုးကျ အကိုပေးရမှာပေါ့ကွာ ။ဒါပဲနော် 
အားလုံး ဘိုင့်................................။



ကဲကျွန်တော်သူငယ်ချင်းအားလုံးကလည်း ကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့သော မိဘနှစ်ပါး၊ လိုအပ်သည့်အချိန်တွင် အားကိုးရသည့် ဆွေးမျိုးသားချင်းများ၊ တတ်မြောက်စရာအဖြာဖြာကို သင်ကြားပြသပေးခဲ့သည့် သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာအပေါင်း၊ ထိတွေ့ပေါင်းသင်းဆက်ဆံ
ခဲ့ရသည့် ကြီးငယ်ရွယ်တူ လူအမျိုးမျိုးတို့အား  ပူဇော်ကန်တော့ခြင်းဖြင့်လည်းကောင်း ၊ ၀ါလကင်း
လွတ် သီတင်းကျွတ်ကာလမှာ  မိမိတို့ ချစ်ခင်ရသူနဲ့လည်း ပေါင်းဖက်ကာ ပျော်ရွှင်သော နှစ်ယောက်
တစ်ဘ၀လေးကိုလည်း တည်ဆောက်နိုင်ကြပါစေဗျာ ။ထိုအတူ  သီတင်းကျွတ်ကာလတွင်လည်း 
 ပျော်ရွှင်စွာ ကုသိုလ်ပြုနိုင်ကြပါစေကြောင်း ထပ်လောင်းကာ ဆုမွန်ခြွေလျှက်.......



သူငယ်ချင်းအားလုံးကို
အစဉ်လေးစားခင်မင်လျှက်
                                                                         ညချစ်သူ


ကိုးကားသောလင့်များ
http://laminnge528.blogspot.com/
http://beautifulsoul4all.multiply.com/
http://yanaung.blogspot.com/


Share