page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, June 15, 2012

အမေက ကျမကို ဘာကြောင့်သေစေချင်တာလဲ

ညချစ်သူ | 4:00 AM |
ညချစ်သူ | 4:00 AM |




Best Blogger Tips
Share




Details
Category: ၀တ္ထုတို
Published on Friday, 09 March 2012 18:39
Written by ဆာဘာတီနာ ဂျိမ်းစ် (Sabatina James)
Hits: 1179

ကျမ အသက် ၁၈ နှစ်မှာ မိဘတွေက  ကျမကို သတ်ဖို့ ခြိမ်းခြောက်ထားပါတယ်။ သူတို့ ခင်းတဲ့လမ်းကို မလိုက်ဘူးဆိုရင် ဒီနေ့ ကျမ အသက်ရှင်လျက် ရှိဖို့တောင် ခက်ပါလိမ့်မယ်။
ပြဿနာက ကျမ အသက် ၁၅ နှစ်မှာ စတာပါ။ အဲဒီအချိန်က ကျမတို့ မိသားစု ဩစတြီးယားနိုင်ငံ Linz မြို့မှာ နေကြပါတယ်။ ကျမတို့ရဲ့ ဇာတိ ပါကစ္စတန်နဲ့ အလွန့်ကို ဝေးတဲ့ ကမ္ဘာတစ်ခုပေါ့။ ကက်ရှ်မီးယား တောင်းတန်းတွေရဲ့ အရိပ်မိုးထားတဲ့ ကျေးရွာလေး တစ်ရွာမှာ ကျမ ကြီးပြင်းခဲ့ပေမဲ့၊ ဥရောပရဲ့ လွတ်လပ်တဲ့ ဘ၀သစ်ကို ကျမ နှစ်သက်ပါတယ်။ အဲဒီမှာ တီရှပ်နဲ့ ဂျင်းပင် လွတ်လွတ်လပ်လပ် ၀တ်လို့ရတယ်။ နှုတ်ခမ်းနီဆိုးပြီး လိုင်နာ ချယ်လို့ရတယ်လေ။
ရှေးရိုးစွဲကြီးတဲ့ ကျမ မိဘတွေကတော့ ဘယ်ကြိုက်ပါ့မလဲ။ ကျောင်းမှာ ရေကူးသင်တန်းတို့ သရုတ်ဆောင်သင်တန်းတို့မှာ ပါဖို့ အိမ်နဲ့ မနည်း တိုက်ပွဲဝင်ခဲ့ရတယ်။ အဖေက အဲဒါတွေကို ပြည့်တန်ဆာတွေ လုပ်တဲ့ အလုပ်တဲ့။ ရာသီသွေး ထိန်းတဲ့ tampon အတောင့် တွေ့ရင် အိမ်မှာ တကယ့် ပြဿနာကြီး။ အမေကလည်း ကျမ အဲဒါတွေသုံးရင် အပျိုရည်ပျက်တော့မယ်လို့ တွေးတယ်။
တစ်နေ့ အမေက ကျမ ဒိုင်ယာရီကို မိသွားပါလေရော။ ကျောင်းဆင်းတဲ့ တစ်နေ့ ပန်းခြံထဲမှာ ကောင်လေးတစ်ယောက်ကို ကျမ နမ်းတဲ့အကြောင်း ရေးထားတာ ဖတ်ပြီး၊ ဒေါသပုန် ထတော့တာပေါ့။ ကျမကို နံရံနဲ့ ကိုင်ဆောင့်တယ်။ ပြည့်တန်ဆာလို့ ခေါ်ပြီး ခြေထောက်နဲ့ ကျမကို ကန်တယ်။ သူ ကျမ အသက်လောက်တုန်းက မိဘ စီမံတဲ့သူနဲ့ပဲ အိမ်ထောင်ပြုတဲ့အကြောင်း ပြောတယ်။ ကျမလည်း သူ့လမ်းစဉ်ကိုပဲ လိုက်ရမယ်လို့ နားကွဲမတတ် ပြောတာပေါ့။
ကျမကလည်း ခေါင်းမာတဲ့သူလေ၊ ဘယ်လက်ခံလိမ့်မလဲ။ ဒီတော့ သုံးနှစ်လောက် အမေ့ အထုအရိုက်တွေ ခံရတာပေါ့။

ရှေးရိုးစွဲကြီးပြီး လူမျိုးရေးအမြစ်တွယ်နေတဲ့ ကျမတို့လို မိသားစုတွေမှာ အိမ်ထောင်ပြုတယ်ဆိုတာ သမီးတစ်ယောက်အတွက် ကံကြမ္မာပဲ။ အဖေတွေက အိမ်ထောင် အတင်းပြုခိုင်းတာ မဟုတ်ပါဘူး၊ အဓိက ချယ်လှယ်နေတာက အမေတွေ။ ကျမ အထင် အမေတွေ အဲဒီလို လုပ်တာ ပိုဆိုးတယ်။ ကျမတို့ကို ပိုပျက်စီးစေတယ်။ အမေတွေက အဲလို အတင်းစီမံပြီဆို သမီးတွေမှာ တစုံတရာ တွယ်ဖက်အားကိုးစရာ ဘာမှကို မရှိတော့ဘူး။
ဒိုင်ယာရီ ဖတ်ပြီးကတည်းက အမေက ကျမ ခြေလှမ်းတိုင်း လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်တော့တာပေါ့။ ကျမ တီရှပ် ၀တ်တော့ မလုံတလုံဟာဆိုပြီး မျက်နှာကို ဖိနပ်နဲ့ ရိုက်တယ်။ နှုတ်ခမ်းနီဆိုးတော့ ပါးစပ်ကို ဆွဲဖြဲတယ်။ ကျမကလည်း အညံ့ခံတဲ့အစား မဟုတ်ဘူး။ တခြားမိန်းကလေးတွေလို အတင်း အိမ်ထောင်ချပေးလိုက်ရင် ငြိမ်ပျောက်သွားတာမျိုး အဖြစ်မခံနိုင်ဘူး။ ကျမ လွတ်လပ်မှုကို ကျမ လိုချင်တယ်။ ရအောင် ယူမယ်။
ကျမ မိဘတွေကတော့ အဲလို ကျမ ပုန်ကန်နေတာကိုက သူတို့ကို မဟာအရှက်တော်ခွဲတယ်လို့ ယူဆတယ်။ ဩစတြီးယားက ပါကစ္စတန် အသိုင်းအ၀ိုင်းကြားမှာ ရှက်လှချည်ရဲ့လို့ ခံစားကြတယ်။ မိသားစု ဂုဏ်သိက္ခာကို ထိန်းဖို့ ကျမကို မဖြစ်မနေ အိမ်ထောင်ချမှ ဖြစ်မယ်လို့ သူတို့ ပိုသန္နိဋ္ဌာန်ချထားတယ်။
ကျမ ၁၆ နှစ်မှာ မိသားစုနဲ့အတူ ပါကစ္စတန်ကို အလည်သွားကြတယ်။ ဘလောက်စ် အင်္ကျီဝတ်ပြီး ဘောင်းဘီတိုနဲ့ အိမ်ပြင်မှာ လမ်းလျှောက်ခဲ့တာ ကျမ မှတ်မိသေးတယ်။ အဲဒီက လူတွေကတော့ ဂြိုဟ်သားဆင်းလာတယ်ထင်ပြီး ၀ိုင်းကြည့်တာပေါ့။ ယောက်ျားတွေက အုပ်စုဖွဲ့လာတယ်။ ဇီးကွက်သံ လင်းဆွဲသံလို သံသေးသံကြောင်တွေ ထွက်လာတယ်။ အိမ်ပြန်ရောက်တော့ အခန်းရှေ့မှာ ဆွေးမျိုးတွေ ၀ိုင်းဖွဲ့ပြောနေကြပြီ။ အားလုံးရှေ့မှာ အမေက ကျမကို ရိုက်တော့တာပေါ့။
ကျမတင် မဟုတ်ဘူး၊ သူ့ကိုသူလည်း ရိုက်တယ်။ ပါကစ္စတန်လူမျိုးတွေမှာ ဘာသာရေးနဲ့ ပတ်သက်တာဖြစ်ဖြစ် တစ်ခုခုကို ပြင်းပြင်းထန်ထန် ခံစားရပြီဆိုရင် သူတို့ကို သူတို့ ရိုက်လေ့ရှိတဲ့အကြောင်း ကျမ ကြားဖူးထားတယ်။ ဒါပေမဲ့ ကျမအမေက အဲလို သူ့ကိုယ်သူ လုပ်လိမ့်မယ်လို့ ကျမ ဘယ်တုန်းကမှ မျှော်လင့်မထားဘူး။ အမေက “ငါတော့ ပြည့်တန်ဆာမကို မွေးမိပြီ” လို့ ငိုပြောရင်း သူ့ဗိုက် သူ တုတ်နဲ့ရိုက်နေတာ ကျမ ကြည့်နေခဲ့ရတယ်။
အမေက ကျမကို ပညာကောင်းကောင်းပေးဖို့ ဆိုပြီး၊ ပါကစ္စတန် လာဟိုးမြို့က အစ္စလာမ်ကျောင်းကို ပို့တယ်။ အခန်းတစ်ခုထဲမှာ အခြား မိန်းကလေး ၃၀ လောက်နဲ့ နေရတယ်။ ကုလားထိုင်မရှိ၊ အိပ်ယာမရှိ၊ လေ၀င်လေထွက်ပေါက်မရှိတဲ့ အခန်း။ တစ်နေ့လုံး ဘာအလုပ်မှ မလုပ်ရဘူး။ ကိုရမ် ဖတ်လိုက်၊ ရွတ်လိုက်၊ ဘုရားရှိခိုးလိုက်၊ ကန့်လန့်ကာ နောက်ကွယ်က မော်လ၀ီဆရာတွေရဲ့ လက်ချာတွေ နားထောင်လိုက်ပဲ။
မိန်းကလေး တစ်ယောက်ယောက်က စကားပြော မေးခွန်းထုတ်မိရင် သေဖို့သာပြင်။ လူအများမြင်သာတဲ့ ကျောင်းဝင်းရှေ့မှာ ကြိမ်နဲ့ အရိုက်ခံရတယ်။ သန့်စင်ခန်းထဲမှာ ယင်တွေ မွှားတွေကလည်း အုံခဲနေတာပဲ။ အမျိုးသမီး လစဉ်သုံးဂွမ်းဖတ် ဘယ်မှာရှိမလဲ။ သွေးတွေ စွန်းထင်းနေတဲ့ တဘက်စတွေပဲ ရှိတယ်။ အိမ်သာက ရေဆွဲအိမ်သာ ဘယ်ဟုတ်မလဲ။ အောက်ကဟာတွေ အတိုင်းသား မြင်နေရတဲ့ တွင်းအိမ်သာ။
သုံးလကြာတော့ ကျမ အစားမစားတော့ဘူး၊ ရပ်ပစ်တယ်။ကျောင်းကလည်း ကျမကို နှင်ထုတ်တယ်။ နောက်ဆုံးတော့ မိသားစု ရွေးချယ်ပေးတဲ့သူနဲ့ လက်ထပ်ပါမယ်လို့ သဘောတူလိုက်တယ်။ စေ့စပ်ထားတဲ့အချိန်မှာ ကျမ ဩစတြီးယားကို ပြန်နိုင်တယ်။ ကျမ ပါကစ္စတန်ကနေ တစ်ချိုးထဲ လစ်တယ်။
နောက်တော့ မိဘတွေက ကျမကို သူတို့ မင်္ဂလာဆောင်ပေးလို့ မရနိုင်ဘူးဆိုတာ သဘောပေါက်သွားတယ်။ ဒီတော့ အဖေက ကျမကို “နင့် အသက်ထက် မိသားစု ဂုဏ်သိက္ခာက ပိုအရေးကြီးတယ်” လို့ ပြောတယ်။ ကျမကို သတ်ပစ်ဖို့အထိ စဉ်းစားပြီပေါ့။
ဒါ ကျမ အသက်ကို တိုက်ရိုက် ခြိမ်းခြောက်တာပါ။ အစွန်းရောက်တယ်လို့ ဆိုပေမဲ့၊ ဒါမျိုးတွေက ကျမတို့ အသိုင်းအ၀ိုင်းတွေမှာ ဖြစ်နေကျပါ။ ကုလသမဂ္ဂ စာရင်းတွေကို ကြည့်လေ။ တစ်ကမ္ဘာလုံးမှာ နှစ်စဉ်နှစ်တိုင်း အမျိုးသမီးနဲ့ မိန်းကလေး ၅၀၀၀ ဟာ သူတို့ မိသားစုကို မနာခံလို့၊ အရှက်ရစေလို့ ဆိုပြီး အသတ်ခံကြရတယ်။
ဘယ်ရမလဲ၊ အဖေ ပြောပြီးတာနဲ့ အိမ်ကနေ ကျမ ထွက်ပြေးတယ်။ ကြုံသလို အိပ်ခဲ့ရတယ်။ နောက် Linz မြို့က ကော်ဖီဆိုင် တစ်ဆိုင်မှာ အလုပ်ဝင်လုပ်တယ်။ ကျမ မိဘတွေက အမျိုးမျိုး လိုက်နှောက်ယှက်တယ်။ ကျမ အလုပ်လုပ်တဲ့နေရာနဲ့ အိပ်တဲ့ နေရာတွေနား ကပ်လာပြီး ၀င်ဆွဲဖို့လုပ်တယ်။ လက်ထပ်ဖို့ အမိန့်လာပေးတယ်။ မကောင်းဆိုးရွား ပယောဂတစ်ကောင်ကောင် ကျမကို ၀င်ပူးနေတယ်လို့ သူတို့ ထင်တယ်။ နောက်ဆုံး ကျမ အလုပ်ပြုတ်သွားတဲ့အထိ အဲလို လုပ်တာပဲ။ အဲဒီအချိန် ကျမ အသက် ၁၈ နှစ်ပါ။
သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ကျမ ဗီယာနာမြို့တော်ကို ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီမှာ ကျမ ဘ၀သစ်စပါတယ်။ နာမည်အသစ်ပြောင်းပြီး၊ ကက်သလစ်ဘာသာထဲ ကူးပြောင်းလိုက်တယ်။ ကျမ အတွေ့အကြုံတွေကို စာအုပ်တစ်အုပ် ရေးတယ်။ မိဘတွေက ကျမကို အသရေဖျက်မှုနဲ့ တရားစွဲပါတယ်။ တရားရုံးက ကျမဘက်ကရှိလို့ တော်သေးပေါ့။
ဒီကနေ့ ကျမဟာ ‘အိမ်ထောင်ပြုရင်ပြု မပြုရင် သေ ဆိုတဲ့ ရိုးရာအစဉ်အလာ’ (the marry-or-die tradition) အောက်ကနေ ခွဲထွက်ဖို့ ကြိုးစားနေပါတယ်။ ကျမ အခု နေထိုင်တဲ့ ဂျာမဏီနိုင်ငံမှာ Sabatina လို့ခေါ်တဲ့ ဖောင်ဒေးရှင်းတစ်ခု လုပ်နေပါတယ်။ ကျမတို့ အုပ်စုက မိသားစုတွေအောက်မှာ အမှောင်ကျနေတဲ့ အမျိုးသမီးငယ်တွေကို ရှာဖွေကူညီဖို့ မြေအောက်မြူနီစပယ် ၀န်ထမ်းတွေလို၊ ဥမင်လိုဏ်ခေါင်းထဲက အလုပ်သမားတွေလို သက်စွန့်ဆံဖျား အလုပ်လုပ်နေကြပါတယ်။
ကျမ တစ်ယောက်ထဲ အပြင်ထွက်ဖို့ မလွယ်ပါဘူး။ လမ်းထောင့် တစ်နေရာရာက ကျမကို စောင့်ချောင်းနေတယ်ဆိုတာ ကျမ သိထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမရဲ့ လွတ်လပ်မှုကို ကျမ မြတ်နိုးတယ်။ တန်ဖိုးကြီးကြီးလည်း ပေးရနိုင်ပါတယ်။
Source: Newsweek: Why my mother wants me dead by Sabatina James
ဝင့်ထန်း
Share

No comments: