page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, June 1, 2012

စိတ်ဓာတ်ခိုင်မာရင် သေခြင်းတရားကိုတောင် အလဲထိုးနိုင်တယ်။

ညချစ်သူ | 3:04 AM |
ညချစ်သူ | 3:04 AM |




Best Blogger Tips
Share
  တစ်ယောက်ကို တစ်ယောက်အရမ်းကို ချစ်ခင်ကြတဲ့ ဖြူစင်၊ သန့်ရှင်း၊ သစ္စာ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိကြသတဲ့။ ဖြူစင်ကတော့ မိန်ခလေးဖြစ်ပြီး သန့်ရှင်းနဲ့ သစ္စာကတော့ ယောက်ျားလေးတွေပေါ့။ သူတို့ဟာ အိမ်နီးနားချင်းတွေဖြစ်သလို ဟိုးငယ်ငယ်လေးကတည်းက အတူဆော့ကစားပြီး ကြီးပြင်းလာခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေလည်း ဖြစ်ကြတယ်။ ကြီးပြင်းလာတဲ့အခါမှာတော့ ဖြူစင်နဲ့သန့်ရှင်းဟာ ချစ်သူတွေ ဖြစ်သွားကြတယ်။ သစ္စာကတော့ ကံဆိုးရှာတယ်။ သူက ပိုက်ဆံအရမ်းဆင်းရဲတော့ သူ့မှာချစ်သူရဖို့နေနေသာသာ  တော်တော် များများက သူ့ကို အပေါင်းအသင်းတောင် မလုပ်ကြဘူး။ သူ့ရဲ့ သူငယ်ချင်းကောင်းတွေဖြစ်တဲ့ ဖြူစင်နဲ့သန့်ရှင်းကပဲ သူ့ကို ပေါင်းသင်းဆက်ဆံကြတယ်။
                   ဖြူစင်နဲ့သန့်ရှင်းတို့ဟာ ချစ်သူဖြစ်ပြီးတဲ့အချိန်မှာ တစ်ယောက်ကို တစ်ယောက် အရင်ကထက်ပိုပြီး ချစ်ခင်လာကြတယ်။သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိအောင်ချစ်လာကြသလဲဆိုရင် မနက်မိုးလင်းလို့အိပ်ရာနိုးရင် အိမ်ရှေ့ ၀ရန်တာမှာ ထွက်ရပ်နေတယ်။ နောက်တစ်ယောက်က နိုးလို့ဝရန်တာ ထွက်လာပြီး တစ်ယောက်နဲ့တစ်ယောက်မြင်တွေ့ပြီးမှ လုပ်စရာရှိတာ ဆက်လုပ်ကြတယ်။

                   ဒီလိုနဲ့တစ်ရက်မှာပေါ့ သန့်ရှင်းဟာ နိုင်ငံခြားကို ပညာတော်သင် ခရီးထွက်သွားတယ်။ မကြာခင်မှာပဲ သစ္စာကလည်း ကိစ္စတစ်ခုနဲ့ နယ်ကို ခရီးထွက်သွားပြန်တယ်။ ဒီတော့ ဖြူစင်ဟာ ချစ်သူလည်းမရှိ၊ အားပေးမယ့် သူငယ်ချင်းကလည်းမရှိဆိုတော့ သူ့ခမျာ အရမ်းကိုစိတ်အားငယ်နေရှာတယ်။ သူဟာ သူ့ချစ်သူပြန်လာမယ့်ရက်ကို ၀ရန်တာလေးမှာထွက်ပြီး စောင့်နေရှာတယ်။ သူ့ကိုကြည့်ပြီး တခြားသူတွေကတောင်သူ့ကို သနားနေခဲ့ကြတယ်။ သူဒီလို စောင့်နေရင်းကနေ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ ရောဂါတစ်ခု သူ့ဆီ ၀င်ရောက်လာခဲ့တယ်။ နောက်ဆုံးမှာတော့ ဆေးရုံတင်လိုက်ရရှာတယ်။ သူဖြစ်တဲ့ရောဂါဟာ ဆောင်းကုန်လို့ နွေကိုပြောင်းတဲ့အချိန်မှာ အသက်ဆုံးရှုံးဖို့ ၉၀% သေချာတယ်ဆိုတာကို သူသိနေတယ်။ ဒါကြောင့်သူဟာ သူမသေခင်အချိန်လေးမှာ သူ့ချစ်သူနဲ့ကို တွေ့သွားချင် နေရှာတယ်။ နောက်သူ့သူငယ်ချင်းကိုလည်း တွေ့ချင်နေရှာတယ်
                   သစ္စာဟာ ဖြူစင်ဆေးရုံတင်ထားတယ်ဆိုတာ သိလိုက်ရတော့ နယ်ကနေပြီး ချက်ချင်းပြန်လာခဲ့တယ်။ သစ္စာရောက်တဲ့အချိန်မှာ ဖြူစင်က အိပ်နေရှာတယ်။ သစ္စာဟာ ဖြူစင်နိုးလာမယ့် အချိန်ကိုစောင့်ရင်း ဖြူစင်ရေးထားတဲ့ ဒိုင်ယာရီစာအုပ်လေးကို တွေ့သွားပြီး ဖတ်ကြည့်တယ်။ “ပြတင်းပေါက်က မြင်နေရတဲ့အပင်လေးရယ် မင်းဆီက သစ်ရွက်လေးတွေအားလုံး ကြွေကျသွားတဲ့ အချိန်ဟာ ငါလည်း နင်နဲ့အတူ ကြွေကျရမယ့် အချိန်ပေါ့။ ငါ့ချစ်သူနဲ့ ငါ့သူငယ်ချင်း မလာခင်အချိန်လေးထိတော့ နင့်စီက တစ်ရွက်ဖြစ်ဖြစ်၊ နှစ်ရွက်ဖြစ်ဖြစ် မကြွေအောင်ချန်ထားပေးပါ အပင်လေးရယ်” လို့ရေးထားတာကို သစ္စာမြင်သွားပြီး အဲဒီ့စာရွက်လေးကို ဖြဲယူထားလိုက်ပြီး စာအုပ်ကိုလည်းဖွက်ထားလိုက်တယ်။ မကြာခင်မှာ ဖြူစင်နိုးလာတော့ သစ္စာကိုတွေ့ပြီး အရမ်းပဲပျော်သွားတယ်။ သန့်ရှင်းကိုလည်း တွေ့ချင်တယ်လို့ပြောတော့ သစ္စာက သန့်ရှင်းလည်းအခု ပြန်လာနိုင်အောင် ကြိုးစားနေပါတယ်။ သူက နိုင်ငံခြားမှာဆိုတော့ ပြန်ဖို့ခက်နေရှာမှာပေါ့လို့ အားပေးစကားပြောတယ်။
                   ဒီလိုနဲ့ပဲ ပြတင်းပေါက်က အပင်လေးက သစ်ရွက်လေးတွေဟာ တစ်ရွက်ပြီး တစ်ရွက် ကြွေကျသွားတယ်။ နောက်ဆုံးတစ်ရွက်ပဲကျန်တော့တယ်။ ဒါပေမယ့် သန့်ရှင်းကတော့ အခုချိန်ထိ မလာနိုင်ဘူးဖြစ်နေတယ်။ သစ္စာကလည်း ဒီရက်ပိုင်း သူ့စီမလာတော့ သူ့မှာ ပိုပြီးအားငယ်ရှာတာပေါ့။ သူဟာဒီသစ်ရွက်လေး မကြွေမခြင်း ငါမသေနိုင်သေးဘူးလို့စိတ်ကိုအားတင်းထားတယ်။ ဒီလိုနဲ့ကြာလာတဲ့အထိ ဒီသစ်ရွက်လေးဟာ ကြွေမကျတဲ့အပြင် နောက်ထပ်ရွက်သစ်တွေ ဝေလာတော့ ဖြူစင်ဟာ သူမသေနိုင်တော့ဘူးလို့ သူ့ကိုသူ ယုံကြည်လိုက်တယ်။ ဖြူစင်ပြန်ကျန်းမာလာတာမြင်တော့ ဆရာဝန်တွေတောင် အံ့သြတယ်။ သူဆေးရုံက မဆင်းခင်တစ်ရက်မှာပဲ သူမျှော်နေရှာတဲ့ သူချစ်သူလေးရောက်ရှိလို့လာပါတယ်။ ဖြူစင်ကျန်းမာလာတာမြင်တော့ သန့်ရှင်းကလည်း အရမ်းကိုပျော်သွားတာပေါ့။ နောက်ရက်ကျ ဖြူစင်ဟာ ဆေးရုံက ဆင်းခဲ့တယ်။
                   သူတို့အိမ်ပြန်ရောက်တဲ့အချိန်မှာ သစ္စာကိုလိုက်ရှာကြတယ်။             ရှာမတွေ့တဲ့အဆုံး သူ့အမေကို မေးကြည့်တော့ သစ္စာဟာ ဆုံးသွားရှာပြီလို့ ငိုသံနဲ့ပြောပြရှာတယ်။ အကြောင်းစုံ မေးကြည်တော့ သစ္စာဟာ ညတစ်ညမှာ ဆေးရုံကသစ်ပင်တစ်ပင်ပေါ် ရောက်နေတယ်။ မကြာခင်မှာပဲ ဆေးရုံကလူတွေက သူ့ကိုတွေ့သွားကြပြီး သူခိုး၊ သူခိုးလို့ ၀ိုင်းအော်ပြီး ပြေးလာကြတော့ သူလန့်ပြီး အမြန်ပြန်ဆင်းရာကနေ ခြေချော်ပြီးပြုတ်ကျသွားရှာတယ်။ အောက်ရောက်တော့ သူ့မှာ အသက်မရှိတော့ပါဘူး သမီးရယ်လို့ ပြောပြီးငိုနေရှာတယ်။ နောက်ပြီး လူတွေဟာ သူ့အိတ်ထဲက ဒီစာရွက်လေးကို တွေ့တော့မှ သူဘာလို့ သစ်ပင်ပေါ်မှာ ရှိနေတယ်ဆိုတာ သိသွားကြတယ်။ အဲဒီ့စာရွက်လေးကတော့ ဒါပါပဲသမီးရယ်လို့ ပြောပြီးဖြူစင့်လက်ထဲကို စာရွက်လေးထည့်ပေးလိုက်တယ်။ စာရွက်လေးကို ဖတ်ကြည့်တော့ ဖြူစင့်ဒိုင်ယာရီစာအုပ်လေးထဲက  “ပြတင်းပေါက်က မြင်နေရတဲ့အပင်လေးရယ် မင်းဆီက သစ်ရွက်လေးတွေအားလုံး ကြွေကျသွားတဲ့ အချိန်ဟာ ငါလည်း နင်နဲ့အတူ ကြွေကျရမယ့် အချိန်ပေါ့။ ငါ့ချစ်သူနဲ့ ငါ့သူငယ်ချင်း မလာခင်အချိန်လေးထိတော့ နင့်စီက တစ်ရွက်ဖြစ်ဖြစ်၊ နှစ်ရွက်ဖြစ်ဖြစ် မကြွေအောင်ချန်ထားပေးပါ အပင်လေးရယ်” လို့ ရေးထားတဲ့ စာရွက်လေး ဖြစ်နေတယ်။


(၁) လူတွေဟာ လူတစ်ယောက်ရဲ့တန်ဖိုးကို ငွေနဲ့တိုင်းတာတယ်။ တကယ်ဆိုရင် လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ရဲ့ကိုယ်ကျင့်စာရိတ္တနဲ့ပဲ တိုင်းတာသင့်ပါတယ်။ ဒီအဖြစ်အပျက်လေးမှာဆိုရင် ဆရာဝန်တွေတောင် မလုပ်နိုင်တဲ့ အလုပ်ကို လုပ်သွားတဲ့ ဆင်းရဲသားတစ်ယောက်ရဲ့ လုပ်ရပ်ဟာ ဘယ်လောက်မြင့်မြတ်လဲ။
(၂) လူတစ်ယောက်ကို သူဘာလုပ်တာလဲ၊ သူ့ရည်ရွယ်ချက်ကဘာလဲဆိုတာကို သေချာကြည့်ပြီးမှ အမှား/အမှန်ကို ဝေဖန်ပိုင်းခြားသင့်ပါတယ်။ အမြင်နဲ့ ရမ်းပြီး မစွတ်စွဲသင့်ဘူး။ ဒီအဖြစ်အပျက်လေးမှာဆိုရင် အမြင်နဲ့ရမ်းပြီး စွတ်စွဲလို့ လူတစ်ယောက်ရဲ့အသက် အလကားဆုံးရှူံးခဲ့ရတယ်။
(၃) အခက်အခဲဆိုတာ နေရာတိုင်းမှာရှိတယ်။ ဒါကို စိတ်ဓာတ်ကျပြီး ထိုင်စိတ်ညစ်နေလို့ကတော့ ဒီအခက်အခဲကို မကျော်လွှားနိုင်တဲ့အပြင် စိတ်ဆင်းရဲတာပဲ ဖြစ်မယ်။ ကိုယ်က စိတ်ဓာတ်မကျပဲနဲ့ ဒီအခက်အခဲကို ကျော်လွှားနိုင်အောင် ကြိုးစားမယ်ဆိုရင် ဒီအဖြစ်အပျက်လေးထဲက ဖြူစင့်လိုပေါ့။ စိတ်ဓာတ်ခိုင်မာတော့ သေခြင်းတရားကိုတောင် အလဲထိုးနိုင်တယ်။
                   ဒီအဖြစ်အပျက်လေးကနေပြီး ဗဟုသုတတွေအများကြီးရပါတယ်။ ဒါကတော့ ကျွန်တော်ဌာဏ်ရည် မှီသလောက်စဉ်းစားကြည့်မိတာလေးတွေပေါ့။

အားလုံးပဲ ပျော်ရွှင်ပါစေ။
ဒီပို့စ်လေးကို ဖတ်ပြီး စာရှု့သူအနေနဲ့ ရသတစ်ခုခုကို ခံစားမိတယ်ဆိုရင်ပဲ ကျွန်တော် ကြိုးစားရကြိုးနပ်ပါပြီ။
ကြိုးစားလျက်။
Share

No comments: