page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, June 1, 2012

ခေါင်းဆောင်ကောင်းဆိုတာ . . . . .

ညချစ်သူ | 3:02 AM |
ညချစ်သူ | 3:02 AM |




Best Blogger Tips
Share
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိတယ်။ ဘုရင်ကြီးဟာ မိဖုရားကြီးကို အရမ်းကိုချစ်တယ်။ ဘုရင်ကြီးဟာ မိဖုရားကြီးကို ဘယ်လောက်အထိအောင်ချစ်သလဲဆိုရင် ဘုရင်ကြီးမှာ မိဖုရားကြီးကလွဲပြီး အခြားမိဖုရားတွေ မရှိဘူး။  ဘုရင်ကြီးအရမ်းလိုချင်တဲ့ သား/သမီးရတနာကို မိဖုရားကြီးဟာ အချိန်အတော်ကြာတဲ့အထိ မွေးဖွား မပေးနိုင်သည့်တိုင် ဘယ်သူ့ကိုမှထပ်ပြီး မိဖုရားမတင်မြှောက်ဘူး။ မိဖုရားကြီးကိုလည်း စိတ်ညစ်စေမယ့် စကားမပြောဘဲ အားပေးစကားကိုပဲ ပြောတယ်။ အဲဒီ့လောက်အထိကို ဘုရင်ကြီးဟာ မိဖုရားကြီးအပေါ်မှာ ချစ်ခင်မြတ်နိုးခဲ့တာပါ။

          တစ်ရက်မှာတော့ မိဖုရားကြီးမှာ ကိုယ်ဝန်ရှိလာပြီး အချိန်ကာလတစ်ခုကြာပြီးတဲ့အခါမှာ ဘုရင်ကြီးအရမ်းလိုချင်တဲ့ သားရတနာလေးကို မွေးဖွားပေးနိုင်ခဲ့တယ်။ ဘုရင်ကြီးဟာ သူသိပ်ချစ်တဲ့ မိဖုရားကြီးက မွေးတဲ့ သားလေးကို ဘယ်လောက်အထိတောင် ချစ်မလဲဆိုတာတော့ ပြောပြဖို့တောင် မလိုတော့ပါဘူး။ ဒီလိုနဲ့ ဘုရင်ကြီးဟာ သူသိပ်ချစ်တဲ့သားလေးကို အရမ်းအလိုလိုက်ခဲ့တယ်။ ကြီးလာလို့ ပညာသင်တဲ့အခါမှာလည်း သူတစ်ယောက်တည်း ပြင်းနေမှာစိုးလို့ဆိုပြီး သာမန်အရပ်သားတွေနဲ့အတူ ပညာသင်စေခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်မှာပေါ့ မင်းသားလေးဟာ အတန်းထဲက သူငယ်ချင်းတစ်ယောက်နဲ့ စကားများတယ်။ မင်းသားလေးသူငယ်ချင်းက ဘုရင်ကြီးဟာ တိုင်းသူပြည်သားတွေကို အုပ်ချုပ်တဲ့နေရာမှာ ဘက်လိုက်တယ်၊ မျက်နှာလိုက်တယ် တိုင်းသူပြည်သားတွေက ပြောနေတယ်လို့ ပြောတယ်။
မင်းသားလေးက မဟုတ်ဘူး။ ဘုရင်ကြီးဟာ ဒီလိုမျိုးမဟုတ်ဘူးဆိုပြီး ပြန်ပြောတယ်။ ဒီလိုငြင်းခုံရာကနေ မင်းသားလေးနဲ့ မင်းသားလေးသူငယ်ချင်းတို့ဟာ ရန်ထဖြစ်ကြတယ်။ ရန်ဖြစ်ရာကနေ မင်းသားလေးကြောင့် တစ်ဖက်လူက သေသွားတယ်။ ဒီသတင်းဟာ တခဏအတွင်းမှာပဲ တိုင်းပြည်တစ်ပြည်လုံးကို ပျံ့နှံ့သွားခဲ့တယ်။ ဒီတော့ မင်းသားလေးဟာ တရားရုံးမှာ တရားရင်ဆိုင် ရတာပေါ့။ တရားရုံးကို တိုင်းသူပြည်သားတွေ အများကြီးက လာကြည့်ကြတယ်။ တရားရုံးက အမှုစစ်တဲ့အခါကျ မင်းသားလေးကြောင့် သာမန်အရပ်သားလေး သေသွားတာကို ဘယ်သူကမှ သက်သေမလိုက်ရဲကြဘူး။ မင်းသားလေးကလည်း ၀န်မခံဘူး။ နောက်ဆုံးတော့ ဘုရင်ကြီးကိုယ်တိုင်ထွက်လာပြီး မင်းသားလေးကို ပြောတယ်။

(ဘုရင်ကြီး) သားတော်။ ခမည်းတော်ဟာ ဘုရင်တစ်ပါးဖြစ်ပြီး သားတော်ဟာ မင်းသားလေးတစ်ပါး ဖြစ်တယ်။ ခမည်းတော်ရော၊ သားတော်ရောဟာ တိုင်းသူပြည်သားတွေ အားလုံးရဲ့ စံပြပုဂ္ဂိုလ်သာလျှင် ဖြစ်တယ်။ အားလုံးရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ သားတော်ဟာ ကိုယ်လုပ်တဲ့အပြစ်ကို ၀န်မခံရဲဘူးဆိုရင် တိုင်းသူပြည်သားတွေအားလုံးဟာ သားတော်ကို ဘယ်လိုပြောကြမလဲ၊ ဘယ်လို ဝေဖန်ကြမလဲ၊ ဘယ်လိုလေးစားကြတော့မလဲ။ တစ်ချိန်မှာ သားတော်ဟာ ခမည်းတော်ရဲ့ ထီးနန်းကို ဆက်ခံရမယ်။ အဲဒီအချိန်ကျရင် သားတော်အပေါ်မှာ လေးစားမှုမရှိတဲ့ တိုင်းသူပြည်သားတွေကို သားတော် ဘယ်လိုအုပ်ချုပ်မလဲ။

(မင်းသားလေး) မှန်လှပါ ဖခမည်းတော်။ ခမည်းတော်ရဲ့ ဆိုဆုံးမမှုကြောင့် သားတော်အမြင်မှန်ရပါပြီ။ သားတော် အမှန်အတိုင်း ၀န်ခံပါ့မယ်။ သားတော်ရဲ့သူငယ်ချင်းဟာ သားတော်ကြောင့် သေသွားတာပါ။

(ဘုရင်ကြီး) သားတော်။ သူများအသက်ကို သက်ရင် ကိုယ့်အသက်နဲ့ ပြန်လျှော်ပေးရမယ်ဆိုတာ သားတော်သိတယ်နော်။ သားတော်ဟာ မင်းသားလေးတစ်ပါး ဖြစ်ပေမယ့် သားတော်ဟာလည်း လူသားတစ်ယောက်၊ သေသွားတဲ့ သားတော်ရဲ့ သူငယ်ချင်းဟာလည်း လူသားတစ်ယောက်။ လူလူခြင်း အတူတူပါပဲ။ ဒါကြောင့် သားတော်ရဲ့ အသက်နဲ့ ပြန်လျှော်ပေးရမယ်။ သားတော် ကျေနပ်ရဲ့လား။

(မင်းသားလေး) ကျေနပ်ပါတယ် ခမည်းတော်။

(ုဘုရင်ကြီး) ကဲ ကောင်းပြီ။ ဒါဆို အမိန့်တော်ချမယ်။ မင်းသားလေးကို သတ်စေ။

ဘုရင်ကြီးဟာ သေမိန့်ချပြီးတဲ့အခါမှာ မျက်လုံးအိမ်က မျက်ရည်တွေ စီးဆင်းလာခဲ့တယ်။ သူသိပ်ချစ်ရတဲ့ သူ့ရဲ့ တစ်ဦးတည်းသောသားလေးကို သူကိုယ်တိုင် သေမိန့်ချခဲ့ရတဲ့အတွက် သူ့ရင်ထဲမှာ အရမ်းကို စို့နစ်ကြေကွဲနေခဲ့တယ်။ သူ့သားလေးအတွက် အရမ်းကို စိတ်မကောင်းဖြစ်နေရှာတယ်။ သူ့မှာ သား/သမီးဆိုလို့ ဒီတစ်ယောက်ရှိတာ။ ရှိတဲ့ဒီတစ်ယောက်ကို ချစ်လို့မှ အားမ၀သေးဘူး ခွဲခွာရတော့မယ်။ သူ့ရင်ထဲမှာ အရမ်းကို နာကျင်နေခဲ့ရှာတယ်။ ဘုရင်ကြီးဟာ ၀မ်းနည်းကြေကွဲစွာနဲ့ သူ့သားလေးကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ မင်းသားလေးဟာ ဘုရင်ကြီးကို ပြုံးပြီးကြည့်နေတယ်။ ဒါကြောင့် ဘုရင်ကြီးဟာ အရမ်းကို အံ့သြသွားတယ်။

(မင်းသားလေး) ခမည်းတော် သားတော်ကို ခွင့်လွတ်ပါ။ တကယ်တော့ သားတော်ရဲ့ သူငယ်ချင်းဟာ မသေပါဘူး။ သားတော်နဲ့သူနဲ့ စကားများတယ်။ ဖခမည်းတော်ဟာ တိုင်းသူပြည်သားတွေအပေါ် အုပ်ချုပ်တဲ့အခါ တရားမျှတမှု မရှိဘူးလို့ တိုင်းသူပြည်သားတွေက ပြောနေပါတယ်လို့ သားတော်ရဲ့ သူငယ်ချင်းက ပြောတယ်။ သားတော်က သူပြောတာကို လက်မခံဘူး။ ပြန်ငြင်းတယ်။ ခမည်းတော်ဟာ တိုင်းသူပြည်သားတွေအပေါ် အုပ်ချုပ်တဲ့အခါမှာ တရားမျှတမှုရှိတယ်။ မယုံရင် သက်သေပြမယ်လို့ ပြောပြီး သားတို့ ရန်ဖြစ်ချင်ဟန်ဆောင်ခဲ့တယ်။ သူ့ကို သေချင်ဟန်ဆောင်ခိုင်းခဲ့တယ်။ ဒီကိစ္စကို ဘယ်သူ့မှ မပြောဖို့ အတန်းသားတွေနဲ့ ဆရာကို သားကိုယ်တိုင်မှာခဲ့တယ်။ အခု ခမည်းတော်ရဲ့ စိတ်ထဲမှာ သားတော်ကြောင့် သားတော်သူငယ်ချင်း သေသွားတယ်လို့ ထင်မြင်နေတယ်။ ဒီကိစ္စကို ခမည်းတော် ဘယ်လိုဆုံးဖြတ်မလဲ။ ခမည်းတော်ရဲ့ ဆုံးဖြတ်ချက်သာ မှားခဲ့ရင် ခုနက ခမည်းတော် ပြောခဲ့သလိုပေါ့။ တိုင်းသူပြည်သားတွေက ခမည်းတော်ကို ဘယ်လိုပြောကြမလဲ၊ ဘယ်လို ဝေဖန်ကြမလဲ၊ ဘယ်လိုလေးစားကြတော့မလဲ။ အခုတော့ ခမည်းတော်ရဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုကြောင့် တိုင်းသူပြည်သားတွေဟာလည်း ခမည်းတော်အပေါ်မှာ အမြင်မစောင်းတော့ဘူး။ အားလုံးက ရိုသေလေးစားချင်ခင်ရတဲ့ ဘုရင်ကြီးတစ်ပါး ဖြစ်ခဲ့ပါပြီ။

မင်းသားလေးရဲ့ စကားအဆုံးမှာတော့ ဘုရင်ကြီးမျက်နှာဟာ ပြုံးလာခဲ့ပြီး တိုင်းသူပြည်သားတွေအားလုံးကြားအောင် စကားတစ်ခွန်းပြောလိုက်တဲ့အခါမှာတော့ တိုင်းသူပြည်သားတွေအားလုံးဟာ ဘုရင်ကြီးရဲ့ပြောစကားကို တစ်ခဲနက် အားပေးထောက်ခံခဲ့ကြပါတယ်။ တိုင်းသူပြည်သားတွေကို ဘုရင်ကြီးက ဘာပြောလိုက်တာလဲ သိလား။ တိုင်းသူပြည်သားတွေကို ဘုရင်ကြီးပြောလိုက်တာက
“ခေါင်းဆောင်ကောင်းဆိုတာ ကိုယ့်လက်အောက်ငယ်သားတွေအပေါ်မှာ ကျောသား၊ ရင်သား မခွဲခြားဘူး၊ အဖြူ၊ အမဲ မခွဲခြားပါဘူး”

အားလုံးပဲ ပျော်ရွှင်ပါစေ။
ဒီပို့စ်လေးကို ဖတ်ပြီး စာရှု့သူအနေနဲ့ ရသတစ်ခုခုကို ခံစားမိတယ်ဆိုရင်ပဲ ကျွန်တော် ကြိုးစားရကြိုးနပ်ပါပြီ။
ကြိုးစားလျက်။
Share

No comments: