Share
ဟိုးရှေးရှေးတုန်းကပေါ့ကွယ် မောင်ရိုးလို့ခေါ်တဲ့
လူငယ်လေးတစ်ယောက်ရှိတယ်။ အဲဒီလူငယ်လေးဟာ ဘယ်လောက်ရိုးသားလဲဆိုတော့ ဘယ်သူပဲ
အနိုင်ကျင့်ကျင့်ဘာမှ ပြန်မလုပ်ဘူးတဲ့။ သူ့မှာ သူ့အဖေရယ်။ အစ်ကို၊ အစ်မတွေ
ရှိတာပေါ့။ သူ့အစ်ကို အစ်မတွေက
အိမ်ထောင်ကိုယ်စီနဲ့ပေါ့။ သူကတော့ အသက်ကြီးနေတဲ့ အဖေကို ပြုစုပြီး
အိမ်ထောင်မပြုသေးဘူးတဲ့။ သူ့အစ်ကို အစ်မတွေက သူ့အဖေကို လာမကြည့်လည်း သူက
စိတ်မဆိုးဘူးတဲ့။
တစ်နေ့ကျတော့ အဖေဖြစ်တဲ့သူက သူ မသေခင်
သူကလေးတွေအားလုံးကို တွေ့ချင်တယ်လို့ သူ့သားကို ပြောတာပေါ့။ သူလည်း
သူ့အစ်ကို၊ အစ်မတွေကို သွားပြောပါတယ်။ ဒါပေမယ့် မလာကြပါဘူး။ သူ့အဖေလည်း
ကြံရာမရတော့ နောက်ဆုံးမှာ
“ သား မောင်ရိုးရေ …..
မင်းအစ်ကိုအစ်မတွေကို သွားပြောလိုက် ငါမသေခင် အမွေပေးခဲ့ချင်တယ်လို့ ……
လိုချင်တဲ့သူ လာယူလို့” ပြောခိုင်းလိုကတာပေါ့။ သူလည်း မငြင်းဆန်ပဲ
သွားပြောပြထားပေါ့။ ဒီတစ်ခါ မောင်ရိုးရဲ့ အစ်ကို အစ်မတွေက အမွေဆိုတာနဲ့
ချက်ခြင်းပဲူသူတို့ရဲ့ အဖေအိမ်ကို ပြေးလာကြလို့ မောင်ရိုးတောင်
မျက်လုံးပြူးသွားရှာတယ်။
သူတို့ရဲ့ အဖေဆီလည်းရောက်ရော အလု အယက်
တောင်းကြတာပေါ့။ သူကတော့ အိမ်အပြင်ကနေပဲ ချောင်းကြည့်နေရရှာတယ်။ အဲဒီအခါ
အဖေကြီးအမှာစရာ ရှိတာမှာတာပေါ့။
” ငါသေရင် နင်တို့ရဲ့ညီလေးကို
စောင့်ရှောက်ကြနော်။ ပြီးတော့ ငါသိမ်းထားတဲ့ ပစ္စည်းတစ်ခုရှိတယ်။
အဲဒီပစ္စည်းကို မင်းတို့လိုချင်ရင် ယူပေါ့။ အဲဒါကတော့ ငါးပိဿာလေးတဲ့
ကျောက်တုံးကြီးပဲ”
လို့ ပြောပြီး သူတို့ရှေ့မှာ ချထားလိုက်တယ်။
မောင်ရိုးလည်း ဝင်လာပြီး ကြည့်နေတာပေါ့။ “အမွေဆိုတာ ဒါပဲလား” ဆိုတဲ့
စိတ်နဲ့ ပါးစပ်က ပွစိပွစိ ပြောသွားကြတယ်။ သူကတော့ ဘယ်သူမှ မယူရင်
ကျွန်တော်ယူမယ်လို့ ပြောတုံးလို့ ပြောင်းခေါ်ကြပါလေရော။ သူကတော့
ထုံးစံအတိုင်းပါပဲ။
နှစ်တွေလည်း ကြာလာရော သူ့အဖေလည်း ဆုံးသွားတာပေါ့။
သူလည်း အဲဒီကျောက်တုံးကို ဘာလုပ်ရမှန်း မသိတော့ ကောင်းကောင်းထုပ်ပိုးပြီး
သေတ္တာထဲထည့်သော့ခတ်ထားတာပေါ့။ တစ်ရက်တစ်ရက် သူ့မှာ အဲဒီကျောက်တုံးဟာ
တန်ဖိုးရှိလာမှာကိုပဲ မျှော်လင့်ပြီး တောထဲမှာ ထင်းရှာထွက်တာပေါ့။ ဒီလိုနဲ့
ကြာလာတော့ သူ့ကျောက်တုံးအကြောင်းကို သူ မေ့ပစ်လိုက်တာပေါ့။ တစ်နေ့သူ
တောထဲကို ထင်းရှာထွက်တော့ ဆင်းရဲရောက်နေတဲ့ ကောင်မလေးတစ်ယောက်ကို
တွေ့တာပေါ့။ သူလည်း ကူညီနိုင်သမျှ ကူညီလိုက်တာပေါ့။ တောထဲ
လျှောက်လည်ရင်းနဲ့ လမ်းမှားပြီး လမ်းမသိတော့ သူကိုယ်တိုင် လမ်းပြပြီး
လိုက်ပို့တာပေါ့။
မိန်းမကလေးက အရမ်းချောတော့ သူ အရမ်း
ရင်ခုန်သွားရှာတယ်လေ။ ကောင်မလေးက ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်လိုက်တော့
သူ တအားပျော်လွန်းလို့ ညတောင် အိပ်မပျော် ရှာတော့ဘူးပေါ့။ နေ့တိုင်း
နေ့တိုင်း တောထဲသွားပြီး ကောင်းမလေးနဲ့ တွေ့တဲ့ နေရာကို သွားတော့ပေါ့။
ရက်တွေ လတွေ ကြာလာတော့ သူလည်း စိတ်ညစ်ပြီး အဲဒီ နေရာကို ဒီနေ့
နောက်ဆုံးပဲလို့တွေးပြီး သွားတော့ ဘုရင့်သမီးတော်ချောလေးနဲ့ သွားတွေ့တယ်တဲ့။ သူ အရမ်းပျော်သွားတယ်လေ။
မိန်းကလေးက သူ့ကို “ နင်ဟာ ငါ့ကို ကူညီခဲ့ဖူးတယ်။ ဒီတစ်ခါ ငါနင့်ကို သတင်းကောင်းပြောပြမလို့ ....”
လို့ ကလေးလေးပုံစံအတိုင်း ပြောတာပေါ့။ ဒါနဲ့ သူက “ ဘာသတင်းကောင်းလဲ” လို့
မေးတော့ “နင့်မှာ နင့်အဖေပေးထားတဲ့ ငါးပိဿာကျောက်တုံးကြီး ရှိတယ်နော်”
“အင်း ….. ရှိတယ်” “အဲဒီကျောက်တုံးကိုယူပြီး ရွာထဲမှာ(၅)ပတ်လောက် မ
ပြီးပြေးရမယ်။ ပြီးတာနဲ့ အောင်မြင်ပြီလို့ အော်ပြီး နားနေလိုက် …… နောက်မှ
ပြန်တွေ့ကြတာပေါ့” လို့ ကောင်မလေးက ပြောပြီး ပျောက်သွားရောတဲ့။
သူလည်း
မိန်းကလေးရဲ့ စကားကို နားထောင်ပြီး ရွာထဲမှာ (၅)ပတ်လောက် ကျောက်တုံးကြီးကို
မ ပြီး ပြေးတော့တာပဲ။ ဒီတော့ ရွာသားတွေက မောင်တုံးလို့ ခေါ်ရာက
မောင်ရူးပေါလို့ ပြောင်းခေါ်ပြန်လေရော။ သူကတော့ ဘာမှ ပြန်မပြောပါဘူး။
(၅)ပတ်ပြည့်တော့ အောင်မြင်ပြီလို့အော်ပြီး လူသူမရှိတဲ့ သစ်ပင်အောက်
တစ်နေရာမှာ ထိုင်နားတာပေါ့။ ကျောက်တုံးကြီးကိုလည်း ဘေးနားမှာ ချထားတယ်လေ။
အဲဒီအချိန်မှာ သူမောပြီး ရေအရမ်းဆာနေတာပေါ့။ အဲဒီအခါမှာ ကျောက်တုံးထဲက
ရေတွေထွက် လာပါလေရော။
သူလည်း အရမ်းအံ့သြပြီး
ရေစီးသွားတဲ့အတိုင်းကြည့်လိုက်တော့ ထင်းဖြစ်သွားမယ့် သစ်ပင်တစ်ပင်
တောင်ကျောက်တုံးထဲက ရေနဲ့ လန်းဆန်းပြီး စိမ်းတောက်လာနေတာကို တွေ့လိုက်ရတယ်။
သူလည်း အားရဝမ်းသာနဲ့ ရေကိုသောက်လိုက်တော့ မောပန်းမှုဆိုတာကို သူလုံးဝ
မသိတော့သလိုပဲတဲ့။ အဲဒီသစ်ပင်ရဲ့ အရွက်တစ်ရွက်ကို သူယူပြီးစားကြည့်တယ်။
စားပြီးတော့ ခေါင်းကိုက် ညောင်းညာကိုက်ခဲတာတွေ ပျောက်ကုန်ရောတဲ့။
ဒါနဲ့
မကြာခင်မှာပဲ ဘုရင်ကြီးဆီက အမိန့်ထုတ်တာတွေ ကြားရတယ်တဲ့။ အဲဒီအချိန်မှာ
မိန်းကလေး ရောက်လာပြီး “ဒီပွဲမှာ ရှင်ဝင်ပြိုင်ရမယ်” လို့ပြောပြီး
ပျောက်သွားရောတဲ့။ ဘုရင်ကြီးက တောင်ခုနှစ်တောင်ကို မနားတမ်း
ပြေးနိုင်တဲ့သူကို လိုချင်တဲ့ ဆုတွေပေးမယ်လို့ ကြေညာတယ်။ ပြိုင်ပွဲကိုတော့
ရွာသားတိုင်းလိုလို ယှဉ်ပြိုင်ကြဖို့ စာရင်းပေးကြတယ်။ သူလည်းပါတယ်။
ပြိုင်ပွဲနေ့လည်းရောက်ရော နေရာအသီးသီး ဦးကြ တာပေါ့။ သူကတော့ ဘာမှ
မပူဘူးတဲ့။
သူတို့အားလုံး စပြေးပြီး တောင်တစ်တောင်ကို ကျော်ပြီးတာနဲ့
တစ်ချို့က မောလာတယ်။ မပြေးနိုင်တော့ဘူး။ အရှုံးပေးကြရတယ်။ အားကြီးတဲ့လူ၊
သန်မာတဲ့လူတွေလည်း တောင်ခုနှစ်လုံး စလုံးကို မပြေးနိုင်ကြပါဘူး။ သူကတော့
ပြေးတာပဲ။ ပြုံးပြုံးလေးနဲ့ပဲပေါ့။ မယုံနိုင် စရာပဲပေါ့။
အားလုံးကလည်း ငရူးလို့အော်ပြီး အားပေးလက်ခုပ်တီးကြသေးတယ်။
ဘုရင်ကြီးလည်း အံ့သြသွားပြီး အဖျား တက်သွားရော။ဘုရင်ကြီး
နှစ်ရှည်ခံစားရတဲ့ ရောဂါတစ်ခုပဲပေါ့။ ဘုရင်ကြီးက သူ့ကို ဘာလိုချင်သလဲလို့
ပြောတာပေါ့။ သူက မင်းသမီးလေးကို တွေ့ သွားပြီး “ဘုရင်ရဲ့
သမီးတော်လေးကိုလိုချင်ပါတယ်” လို့ ပြန်ဖြေတာပေါ့။ ဘုရင်ကြီးက “ဒါတော့
မဖြစ်နိုင်ဘူး ငါ့သမီးတော်ကို လိုချင်ရင် ငါ့ရောဂါကို
ပျောက်အောင်ကုပေးရမယ်” လို့ ပြန်ဖြေတာပေါ့။
“ဘုရင်ကြီးက ဘာရောဂါ
ဖြစ်နေတာလဲ ခင်ဗျာ” “ငါ နှစ်ရှည်ခံစားရတဲ့ ခေါင်း တစ်ခြမ်း ကိုက်ရောဂါပါ”
“ရပါတယ် ဘုရင်ကြီး ကျွန်တော် ဒီရောဂါပျောက်အောင် ဆေးရှာခဲ့ပါ့မယ်” လို့
ပြောပြီး သူ ထွက်သွားတယ်။
ပြီးတာနဲ့ သူတစ်ချိန်က မြင်တွေ့ခဲ့ရတဲ့
သစ်ပင်ခြောက်ကနေပြီး သစ်ပင်စိမ်း ဖြစ်သွားတဲ့ အပင်ဆီကို သွားခဲ့တယ်။ အဲဒီ
သစ်ရွက်တွေကိခူးပြီး ဆေးကျိုတယ်တဲ့။ ပြီးတာနဲ့ ဘုရင်ကြီးဆီ ယူသွားတာပေါ့။
ဘုရင်ကြီးလည်း အဲဒီဆေးကို သောက်လိုက်တာနဲ့ သူတစ်ခါမှာ မခံစားရဘူးတဲ့
ကြည်လင်မှုမျိုးကို ခံစားရတာပေါ့။ အဲဒါနဲ့ ဘုရင်ကြီးလည်း ကတိစကားအတိုင်း
သမီးတော်နဲ့ လက်ထပ်ပေး လိုက်တာပေါ့။ ဒါကြောင့် လောကမှာ အသက်ရှင်စဉ် မိဘရဲ့
မေတ္တာကို သိရမယ်။ ရိုးသားဖြောင့်မတ်မှုနဲ့ အသက် ရှင် နိုင်သူ ဖြစ်ကြပါစေ။
Mi Suzanna Khin Maung
Share
No comments:
Post a Comment