Share
လည်ချောင်းထဲမှာ
ဘာမှမရှိအောင်ခြောက်ကပ်တိတ်ဆိတ်လို့နေတယ် ။ ပတ်ဝန်းကျင်ကလည်း တကယ့်ကို
တစ္ဆေဆန်ဆန်ပါပဲ ခြောက်ကပ်လို့နေတယ် ။ စဉ်းစား --- စံတင် မင်းစဉ်းစားစမ်း
အခုအချိန်ဟာ မင်းဘ၀ အတွက် အရေးအကြီးဆုံးအချိန်လို့လည်းပြောလို့ရတယ် ။
ဦးစံတင်တစ်ယောက် အခန်းတစ်ခု ထဲ သော့ တစ်ချောင်း
ကိုင်ရင်းချီတုံချတုံဖြစ်နေသည် ။ အခုအချိန်က သူ့ဘ၀အတွက် သူ့မိသားစုအတွက်
တကယ့်ကို အရေးကြီးနေတဲ့အချိန် ။ သော့တံကို ပြန်ယူရင်းဦးစံတင်
ထိုင်ခုံနောက်ကိုမှီရင်းထိုင်ချလိုက်သည် ။ နံရံမှာကပ် ထားသော နာရီကို
ကြည့်မိတော့ ညတစ်နာရီတိတိ ။ အတွေးတွေက တောင်ရောက်လိုက်မြောက်ရောက်လိုက် နဲ့
သူ့အသိကို သူ ပြန်ကပ်မရသလိုမျိုးဖြစ်နေသည် ။
(၁)
“ရွှီး...ဖြောင်း...ဖြောင်း
” ကျယ်လောင်စွာ တီးလိုက်သော လက်ခုပ်သံတွေက ခန်းမတစ်ခုလုံးပြည့်လျှံသွား
သယောင် ။ ဒီနေ့က တစ်နှစ်တာ စံပြ ၀န်ထမ်းကောင်းဆုအတွက် ဦးစံတင်
ကိုပေးအပ်သောနေ့ဖြစ်ပြီး ဂုဏ်ယူ စွာ ၀င့်ကြွား ခဲ့သော
သူ့ကိုယ်သူပြန်မြင်ယောင်နေမိသည် ။ ။ ကုမ္မဏီစီးပွားရေးကို
ကိုယ့်စီးပွားရေးလို သဘောထားပြီး ရိုးသားကြိုးစားခဲ့သော ဦးစံတင် ၊ သူဌေး၏
လူယုံတော်ဖြစ်ယုံသာမက နောက်ဆုံး သူဌေးပိုင်ဆိုင်သော ငွေသန်းပေါင်းများစွာ
ရှိသောမီးခံသေတ္တာ ပါ ကိုင်ခွင့်ရသော ဦးစံတင် ။ ပိုက်ဆံဆို၍
တစ်ပြားတစ်ချပ်မှ မလျော့ နောက်ဆုံး မီးခံသေတ္တာထဲ ငွေဘယ်လောက်ရှိသည်ကိုပင်
ဦးစံတင်က အသိဆုံး အလုပ်ရှင်သူဌေးပင်သူ့လောက်သိမည်မထင် ။ ထိုနေ့က
စံပြ၀န်ထမ်းကောင်းဆုကို လက်ခံယူပြီး အိမ်ပြန် လာတော့
သားသမီးနှင့်ဇနီးရှေ့မှာ ပြောခဲ့တာတွေ သူပြန်တွေးနေမိသည် ။
“ဒီမယ်
အေးမေရဲ့ ကျုပ်ဆိုတဲ့ စံတင်က နာမည်ကိုက အဖေက သူတပါး စံတင်ရလောက်အောင်
ကိုယ်ကျင့်သိက္ခာကောင်းရအောင် မှည့်ပေးခဲ့တာ ကျုပ်တစ်သက်လုံး ဘယ်တော့မှ
သူများစီးပွားပျက်အောင်မ လုပ်ဘူး မခိုးဘူး မ၀ှက်ဘူး မလိမ်ဘူး အဲဒါကျုပ်ရဲ့
သစ္စာတရားပဲ ” တချိန်က အဲဒီလို သူ့ဇနီးသည်အေးမေကို သူပြောခဲ့ဖူးသည် ။
သားသမီးတွေကိုလည်း သူတပါးပစ္စည်းမခိုးဖို့ မ၀ှက်ဖို့
လျှာပေါ်မြက်ပေါက်ရင်ပေါက်နေပါစေ ဘယ်တော့မှ
ကိုယ့်စိတ်ဓါတ်ကိုကိုယ်မဖျက်ဆီးဖို့ အကြိမ်ကြိမ်ဆုံးမခဲ့သော စံတင် ။ အခု
တော့ ဥာဥ့်နက် သန်းခေါင် သူဌေးရဲ့မီးခံသေတ္တာရှိရာအခန်းထဲ
သူတစ်ယောက်တည်းရှောက်ရှိနေသည် ။ သူ ဘာဆက်လုပ် ရမလဲ ။ နှဖူးမှ စီးကျလာသော
ချွေးစက်တွေက ကြမ်းပြင်ပေါ်သို့ ပေါက်ကနဲ ကျဆင်းသွားသည် ။ သက်ပြင်းမော ကို
ချရင်း ဦးစံတင်တစ်ယောက် လေးပင်နေသော ခေါင်းကို ခါယမ်းလိုက်သည် ။
(၂)
“
အဖေ အဖေ့ကို သမီးပြောစရာရှိတယ် ” “ အင်း ပြောလေသမီးရဲ့ ”
စကားနိဒါန်းခံနေကတည်းက သမီးဖြစ်သူ ပြော မည့်စကားကို ဦးစံတင်
ကြိုတင်ခန့်မှန်းလို့ရနေသည် ။ ထင်သည့်အတိုင်းပါပဲ ။ “ သမီး ကျူရှင်အတွက်
ငွေ လိုနေလို့အဖေရဲ့ အခုက သမီးမလိုက်နိုင်တဲ့ဘာသာအတွက်
ကျူရှင်ထပ်ယူဖို့လိုနေလို့ ပါအဲဒါ ငွေ တစ်လကို ၇ သောင်းလောက်ကျမယ်တဲ့ အဖေ ”
“ အင်း...” ဦးစံတင် အင်း..ချလိုက်သောအသံက သိပ်မပီပြင်ချင် ။ “
အင်းပါသမီးရယ်..စိတ်ချပါ အဖေကြိုးစားပြီးရှာပေးပါ့မယ် ” ပျော်ရွှင်စွာ
ထွက်သွားသော သမီးဖြစ်သူရဲ့ နောက်ကျောပြင်ကို ကြည့်ရင်းဦးစံတင်
သက်ပြင်းမောကိုချလိုက်သည် ။ သူ့လစာက တစ်လမှ တစ်သိန်း ၂ သောင်းကျပ်သာရသည် ။
အိမ်စရိတ် မီးဖိုချောင်စရိတ်နဲ့ ထွေလီကာလီတွေဖယ်လိုက်ရင် တစ်လတစ်
လလှောက်ငအောင် မနည်းသုံးနေရသည် ။ ဒီကြားထဲ ကလေးတွေရဲ့အဖိုးဖြစ်သူ သူ့အဖေ
မှာ လည်း လေဖြတ်ထား၍ ဦးစံတင်က တတ်နိုင်သလောက် ဓါတ်ဆာလေး ဆေးလေးတွေ
နဲ့ကုပေးနေရသေး သည် ။ အတွေးတွေမှမဆုံးခင် သားဖြစ်သူ က၀င်လာသည် ။
“
အဖေ အဖေ့ကိုကြည့်ရတာ နေမကောင်သလိုပဲ မျက်နှာမှိုင်နေပါလား ” “
မဟုတ်ပါဘူးသားရယ် အဖေအလုပ် ကိစ္စ စဉ်းစားနေတာပါ ” “
အဖေ့အလုပ်ကအဆင်ရောပြေရဲ့လားဟင် ” “ ပြေပါတယ် သားရယ် ဒီလိုပါပဲ ” “
အင်း..အဆင်ပြေရင်ပြီးတာပါပဲအဖေရာ သားအဖေ့ကိုပြောစရာရှိတယ် သားအဖေ့ ကို
ပြောစရာ ရှိလို့အဖေ ရ ဒီလို ပါ အခု သားအထက်တန်းကျောင်းပြောင်းတော့
အိမ်နဲ့လည်းအတော်ဝေးသွားတယ်လေ အဖေသိတဲ့အတိုင်း အထက်တန်း ကျောင်းက
ဆိုင်ကယ်နဲ့သွားမှ အဆင်ပြေမှာအဖေရ သားသူငယ် ချင်းတွေအကုန်
လုံးဆိုင်ကယ်တွေနဲ့သွားရတာသားတစ်ယောက်တည်း စက်ဘီးလေးစီးနေရတယ်
အချိန်လည်းကြာသလို အရမ်းဝေးတော့နေ့တိုင်း အဆင်မပြေဘူးအဖေရာ အဲဒီတော့သားကို
ဆိုင်ကယ်လေးတစ်စီးလောက် ၀ယ်ပေး ပါလားအဖေရာနော် လုပ်ပါ
သားမျက်နှာလည်းငယ်တယ်အဖေရ ရွယ်တူတွေကြားမှာ စက်ဘီးစီးတာ သားတစ်ယောက်တည်းရယ်
” မျက်နှာငယ်လေးနဲ့ပြောနေသော သားဖြစ်သူကိုကြည့်ရင်း ဦးစံတင်ရင်
ထဲဆို့နင့် သွားသည် ။ “ အေးပါသားရယ်အေးပါ အဖေအကောင်းဆုံးစီစဉ်ပေးပါ့မယ် ”
ကတိပေးပြီး ရင် ဖြစ်အောင် လုပ်တတတ်တဲ့ စံတင် ကဲမင်းဘာလုပ်မလဲ စဉ်းစားစမ်း
လစာရတာကတ စ်သိန်း ၂ သောင်း တစ်လတစ်လ ဘာမှမ စုဖြစ် ။
ဒီအတိုင်းစားစရီတ်လမ်စရိတ် အဖေ ကြီး ဓါတ်စာ နဲ့ ထွေလီကာလီတွေကို
မနည်းလောက်အောင် သုံးနေရတဲ့ စံတင် ။
(၃)
တစ်နေ့လုံးနီးပါး
ဦးစံတင် စဉ်းစားနေသည် ။ ဒီပြဿနာ ဒီအခက်အခဲတွေကို ဘယ်လို ပြေလည်အောင် သူ
ဖြေရှင်းရမလဲ-- ရုတ်တရက်သူ့မျက် လုံးထဲ ငွေအထုပ် လိုက်
ငွေအစည်းလိုက်မြင်ယောင်လာသည် ။ ဟင်..သူမြင်နေတာ သူ့ သူဌေးရဲ့ မီးခံသေတ္တာထဲက
ငွေတွေပဲ ဒါ..ဒါဆို မီးခံ့သေတ္တာ ထဲက ငွေ
တစ်ထုပ်လောက်ယူပြီးဖြေရှင်းလိုက်ယုံနဲ့ အားလုံးပြေလည်သွားနိုင်သည် ။
ငွေငါးသိန်း ဆယ် သိန်းလောက်နဲ့ သူဌေးကလည်း
လျော့လို့လျော့မှန်းတောင်သိမှာမဟုတ် ။ ပြီးရင် သူ့လစာထဲက
နည်းနည်းစီပြန်ဖြည့် ထားရင်ရ တာပဲမဟုတ်လား ။ ခွေးကောင် စံတင်
ခွေးသူတောင်းစားစံတင် မင်း ဘာတွေ စဉ်းစားနေလဲ မင်းတစ် သက်လုံး
စောင့်ထိမ်းလာတဲ့ သီလသိက္ခာ သမာဓိ ဘာတဲ့ လူတကာ စံတင်လောက်တဲ့ စံတင် ဟုတ်လား
ထွီး..ရွံ့ပါ့ကွာ ..ဟင်းမဖြစ်သေးဘူး ငါ့သိက္ခာ ငါ့ သမာဓိ
ငါစောင့်ထိမ်းတဲ့သီလ ငါအကျိုးခံလို့မဖြစ်ဘူး ။ တွေးနေရင်းဦးစံ
တင်မျက်ဝန်းထဲ သားငယ်နဲ့သမီးငယ် မျက်နှာလေးတွေက ၀င်ရောက်လာပြန်သည် ။
သူတို့လေးတွေခမျာ သူ့ကြောင့်လူတကာ နှင့်ယှဉ် သူငယ်ချင်းတွေနဲ့ယှဉ်လျှင်
မျက်နှာငယ်နေရရှာသည် ။ မဖြစ်သေးပါဘူး သူ့မှာ ဖခင်တစ်ယောက်အနေနဲ့
သားသမီးအပေါ်ဖြည့်ဆည်းပေးဖို့ တာဝန်ရှိသည် ။ သူ လုပ်ကိုလုပ်ရမည် ။
ထိုင်ခုံမှ ၀ုန်းကဲထပြီး ဦးစံတင် မီးခံသေတ္တာနားသွားပြီး သော့ကို
ဖွင့်လိုက်သည် ။
“ ချလောက် ” သော့ပွင့်သွားသံက သူ့ဦးခေါင်းကို
မိုးကြိုးအစင်းစင်းပစ်ချသလို ။ သူခေါင်းနဘမ်းကြီးသွားသည် ။ ဟင်..ငါဘာတွေ
လုပ်နေမိတာပါလိမ့် ဘုရားဘုရား ငါ ကံငါးပါးထဲက တစ်ပါးချိုးဖောက်နေတာပဲ
...(ကဲ စံတင်မင်းဘာတွေစဉ်းစာေးနတာလဲ မင်းသားသမီးတွေ
မျက်နှာမငယ်ရဖို့မင်းမှာ တာဝန်ရှိတယ်)....စံတင်... စဉ်းစား စမ်း မင်း
အကျင့်သိက္ခာသွားပြီနော် တစ်သက်လုံး မင်းနာမည်ကိုတောင်ပြောင်းလိုက်တော့
စံတင်မဟုတ်ပဲ မစံတင်လို့ မင်းကွာ အတော် သောက်သုံးမကျတဲ့ကောင် ..( ကဲ
စံတင်လုပ်လေကွာ ..မင်း ဘာစဉ်းစားနေလည်း ကြည့်စမ်း မင်းမိသားစု
ဘယ်လောက်တောင်ကျပ်တည်းနေလဲ ကဲနောက်ဆုံးမင်း အဖေကြီးအတွက်ဆေးဖိုးလည်းဒီလ
ပေးဖို့မရှိတော့ဘူး မင်းတို့တင်နေတဲ့အကြွေးတွေကြည့်စမ်း အတိုးတွေ ကနက်
သထက်နက်လာနေပြီ ဘယ်လိုဆပ်မလဲ ” “အားးးးးးးးးးးးးးး” အတွေးထဲမှာ ဦးစံတင်
တစ်ယောက်ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည် ။
နောက်ဆုံး
ဆုံးဖြတ်ချက်ကိုသူချလိုက်သည် ။ သူ လုပ်သည်မှာ မှန်သည်လား
မှားသည်လည်းသူမသိချင်တော့ အခုအချိန် အမြန် ဆုံးဖြစ်လိုသည်မှာ သူလူ့လောကထဲက
ပျောက်ကွယ်သွားချင်နေမိသည် ။
(၄)
“ ဟင်...ဒီ..ဒီငွေထဲ
ဘယ်ကရလာသလဲကိုစံတင် ” “ သူဌေးက ဘောနပ်ပေးလိုက်တာပါကွာ စံပြဆုအတွက်ရယ်
ဒီနှစ်အ တွက် ဘောနပ်ပေးလိုက်တာ ” “ ဘောနပ်က ဒီလောက်ရစရာရှိလို့လားကိုစံတင်
ရှင်မဟုတ်တာတော့မ လုပ်ပါဘူးနော် ” “ တော်ကွာ..တိတ်စမ်းအေးမေ
မင်းငါ့ကိုဘယ်လိုကောင်ထင်နေလဲ ငါတစ်သက်လုံး မဟုတ် တာမ လုပ်ဘူးကွ ”
ဒေါသတကြီးတခါမှ မအော်စဖူးအော်ဟစ်ကာ သူအိပ်ခန်းထဲ ၀င်လာခဲ့သည် ။ ဇနီးသည် က
နားမလည်စွာ ကျန်ခဲ့ရင်း တိတ်ဆိတ်သွားသည် ။
ခုတင်ပေါ်လှဲချလိုက်ရင်း
ဦးစံတင် မျက်ဝန်းမှာေ၀၀ါးလာသည်။ ဟင်...သူ မျက်ရည်တွေကျနေတာလား ....။
အရှင်ဘုရား တပည့်တော် ...ခွင့်လွှတ်ပါဘုရား
တစ်သက်လုံးစောင့်ထိမ်းထားတဲ့ကံကို တစ်ညအတွင်းမှာ
တပည့်တော်ချိုးဖောက်မိပါပြီဘုရား...။
ဦးစံတင်စိတ်ထဲမှရေရွတ်ရင်းမျက်လုံးကို အသာမှိတ်လိုက်သည် ။ တွဲခိုနေသော
မျက်ရည်စတွေက ပါးပြင်ပေါ်ကို စီးကျသွားတော့သည် ။
သက်တန့်ချို
28/6/2012
Share
No comments:
Post a Comment