Share
အလွန် ဆင်းရဲနုံချာလှတဲ့ ဘ၀တွေအဖြစ်
မွေးဖွားခဲ့ရတဲ့အတွက် အဲဒီ့ အိမ်လေးမှာ ၀လင်အောင်စားဖို့ စားစရာ
လုံလုံလောက်လောက် ဘယ်တော့မှ မရှိခဲ့ပါဘူး ...။
စားစရာ နည်းနည်းလောက် ရလာခဲ့ရင် ... အမေဖြစ်သူက သူ့သားလေးကို ပြောလေ့ရှိတယ် ...
"ဒီထမင်းခဲလေးကို သားလေး စားလိုက် .. အမေကတော့ မဆာဘူး သားရဲ့ ..."
ကလေးလေး အသက်နည်းနည်းကြီးလာတော့ အမေဖြစ်သူက အလုပ်လုပ်ပြီးလို့
အချိန်ပိုရင် အိမ်နားကမြစ်ထဲမှာ ငါးနည်းနည်းလောက် ရလိုရငြား
သွားမျှားလေ့ရှိတယ် ...။ သူ့သားအတွက် အာဟာရဖြစ်တဲ့
အစားအသောက်နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ကျွေးချင်လို့ပေါ့ ...။
ငါးသွားမျှားတိုင်း သူမဟာ ငါးနှစ်ကောင်လောက် ရတယ်...။ တစ်ကောင်ကိုတော့
ငါးစွပ်ပြုတ် လုပ်ပေးတယ် ... သူ့သားလေးအတွက်ပေါ့...။
သူ့သား ငါးစွပ်ပြုတ်လေးသောက်ပြီး ငါးကြော်စားနေတဲ့အချိန်မှာ သူကတော့ ကျန်တဲ့ အရိုးလေးတွေနဲ့ ဘေးမှာ ထိုင်စားနေတာပေါ့ ...။
ကလေးဟာ သူ့အမေဒီလို အရိုးအရင်း အကျန်လေးတွေနဲ့ စားနေတာကိုမြင်ရပြီး
စိတ်မကောင်းတော့ သူ့အမေကို သူ့ပန်းကန်ထဲက ငါးကြော်အသားလေးတွေဖဲ့ပြီး
ထည့်ပေးတယ် ...။ ဒါပေမယ့် အမေဖြစ်သူက
"သားစားမှာသာစားစမ်းပါကွယ် ... အမေက ငါး မကြိုက်ဘူး သားရဲ့ ..." တဲ့။
သားလေးအရွယ်ရောက်လာတော့ အမေဖြစ်သူဟာ သူ့သားပညာရေးအတွက် အလုပ်ပိုပြီး ကြိုးစားလုပ်ရတယ် ...။
အ၀တ်ချုပ်တဲ့အိမ်က အ၀တ်တွေကို အိမ်ယူလာပြီး လက်ချုပ်လိုက်ပေးရတယ် ...။
ဒါက သူ့သားလေး ပညာရေးရှေ့ဆက်ဖို့ ငွေရှာတဲ့နေရာမှာ တစ်စိတ်တစ်ပိုင်းတော့ အထောက်အကူပြုနိုင်တယ်လေ ...။
ဆောင်းညတစ်ည တော်တော်ညဥ့်နက်နေတဲ့အချိန်မှာ ... သားဖြစ်သူ
အိပ်ရာကနိုးလာပြီး သူ့အမေတစ်ယောက် ဖယောင်းတိုင်မီးလေးနဲ့ တကုပ်ကုပ်
အ၀တ်ချုပ်နေတာကိုမြင်လိုက်တယ် ...။
ကောင်လေးက "အမေ မအိပ်သေးဘူးလား" လို့မေးလိုက်တော့ ...
"သားလေးပြန်အိပ် ပြန်အိပ် .. အမေ မအိပ်ချင်သေးလို့ ရှိတဲ့ အလုပ်လေးတွေ လက်စသတ်နေတာ" ဆိုပြီး သူမက ပြုံးပြီးပြောတယ် ...
သူ့သားလေး အတန်းတင်စာမေးပွဲရောက်တဲ့ အချိန်မှာ ...သားနဲ့အတူ ကျောင်းကို
လိုက်စောင့်ပေးခဲ့တယ် ...။ သူ့သားစာမေးပွဲဖြေလို့ မပြီးမချင်း နေပူအောက်မှာ
နာရီများစွာ ရပ်စောင့်နေခဲ့တယ် ...။ သူ့သား စာမေးပွဲခန်းထဲက ထွက်လာတော့
ချက်ချင်း အမေရှိရာဆီကို ပြေးလာခဲ့တယ် ...။
အဲဒီ့အချိန်မှာ အမေဖြစ်သူက
သားလေးအတွက် ကြိုဝယ်ထားတဲ့ လက်ဖက်ရည်ခွက်လေးကို ကမ်းပေးလိုက်တယ် ...။
သားဖြစ်သူဟာ သူ့အမေ နေပူထဲမှာ ချွေးတွေအတော်ထွက်နေတာကို မြင်သွားတော့ ...
လက်ဖက်ရည်ခွက်လေးကို သူ့အမေဆီကိုလှမ်းလိုက်ရင်း "အမေလည်းသောက်လေ"ဆိုပြီး
ပြောလိုက်တယ်။ ဒါပေမယ့် အမေဖြစ်သူကတော့ ...
"သားပဲသောက်ပါကွယ် ... အမေ ရေမဆာပါဘူး" တဲ့ ...။
ကလေးရဲ့ အဖေဖြစ်သူ ဆုံးပါးသွားကတည်းက အမေဖြစ်သူဟာ တစ်ယောက်တည်းနဲ့
သူ့သားကို ပြုစုစောင့်ရှောက်ခဲ့တယ် ...။ အလုပ်တွေလုပ်ရတယ် .. စားရိတ်တွေကို
မျှတအောင်ကြိုးစားရတယ် ... မငတ်အောင်ရုံးကန်ခဲ့ရတယ် ...။ အိမ်နီးချင်းတွေက
ဆင်းရဲတွင်းနက်နေတဲ့ သူတို့ဘ၀ကို မြင်တော့ အမေဖြစ်သူကို
နောက်ထပ်အိမ်ထောင်ပြုဖို့ တိုက်တွန်းကြတယ် ...။ ဒါပေမယ့်
အဲလိုလာပြောကြတိုင်း အမေလုပ်သူက ငြင်းတယ် ...
"ကျွန်မအတွက် အချစ်ဆိုတာ မလိုအပ်ပါဘူး" တဲ့ ...။
သားဖြစ်သူ ပညာရေးမှာ အောင်အောင်မြင်မြင်ပြီးဆုံးသွားတော့ အလုပ်တစ်ခုရတယ်
... အဲတော့ သူ့အမေကို "အမေပင်ပန်းလှပြီ .. အလုပ်မလုပ်ပါနဲ့တော့" ဆိုပြီး
ပြောတယ် ...။ ဒါပေမယ့် သူမဟာ မနက်တိုင်း ဈေးမှာ အသီးအရွက်တွေရောင်းဖို့
သွားမြဲ သွားဆဲပါပဲ ...။ သူ့သား သူ့ကိုပို့ပေးတဲ့ ပိုက်ဆံတွေကို အမြဲတမ်း
ပြန်ပို့တယ် ...။ ဒီလိုပြောရင်းနဲ့ပေါ့ ...။
"အမေ့မှာ ပိုက်ဆံရှိပါတယ် သားရယ်"
သားဖြစ်သူဟာ လစာကောင်းတဲ့ အလုပ်ကိုရရှိသွားတော့ သူ့အမေကို အမေရိကားကို
ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ... သူအခု ရှိနေတဲ့နေရာပဲလေ ...။ ဒါပေမယ့်
အမေဖြစ်သူဟာ သူ့သားကို သူ့အတွက် ဒုက္ခမခံစေချင်ဘူး ...
ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ဘူး ...
"အဆင့်အတန်းမြင့်တဲ့ နေရာ တွေမှာ အမေမနေတတ်လို့ပါသားရယ် ... ကိုယ့်ဇာတိမြေမှာပဲ အမေနေချင်ပါတယ်" တဲ့ ...။
အသက်အရွယ်တော်တော်ရလာတော့ ... အမေဖြစ်သူဟာ ကင်ဆာရောဂါခံစားရပြီး
ဆေးရုံတင်ထားလိုက်ရတယ် ...။ ပင်လယ်တွေခြားနေတဲ့ သားဖြစ်သူဟာ
ခွဲစိတ်မှုပြီးလို့ အိပ်ယာပေါ်လှဲနေရတဲ့ သူ့အမေဆီကို အလျှင်အမြန်နဲ့
ပြန်လာခဲ့တယ် ...။ သားဖြစ်သူကိုမြင်တော့ သူမကြိုးစားပြီး ပြုံးလိုက်တယ်
...။ ဒါပေမယ့် သူ့အမေဟာ အရမ်းပိန်ပြီး အားနည်းနေရှာတာကိုမြင်လိုက်ရတော့
သားရဲ့ ရင်ထဲမှာ ဆို့နင့်ပြီး ခံစားလိုက်ရတယ် ....
အမေဖြစ်သူ ပြောတယ် ...
"မငိုပါနဲ့သားရယ် ... အမေသက်သာပါတယ်ကွယ် ... အမေဘာမှမဖြစ်ပါဘူး" တဲ့ ...။
ပေးဆပ်ခြင်းများစွာနဲ့ အမေဖြစ်သူဟာ သူမရဲ့ ရှစ်ခုမြောက်သော မုသားစကားကို ပြောပြီးပြီးချင်းပါပဲ ....
သူမရဲ့ ချစ်လှစွာသောသားရဲ့လက်ပေါ်မှာပဲ ကွယ်လွန်သွားရှာခဲ့ပါတယ် .....။
(သားသမီးများထံမှ ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက် တစ်စုံတစ်ရာမရှိပဲ
ပေးဆပ်ခြင်းများစွာဖြင့် ပြုစုပျိုးထောင်ပေးကြသော အနန္တဂိုဏ်းဝင်
မိခင်များအားလုံးကို ဂုဏ်ပြုလျှက် .....)
ဖတ်ခဲ့ဖူးသော ၀တ္ထုတိုလေးတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ပြီး မျက်ရည်နဲ့ ရေးခဲ့ ပါသည်။
(အလင်္ကာမေကျော်)
Share
No comments:
Post a Comment