page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, November 7, 2012

သင်ကော ဘယ်လိုလူလဲ ( ပထမပိုင်း )

ညချစ်သူ | 3:57 AM |
ညချစ်သူ | 3:57 AM |




Best Blogger Tips
Share

မှော်ဝန်းမြေတစ်ဖက်ကမ်းက ဇာတိချက်ခြွေရာ ရွာကလေး ဖြစ်တဲ့ ကမာကလုတ်ရွာလေးသို့ 
သီတင်းကျွတ်အလုပ်ပိတ်ရက်မှာ ရွာကဆွေမျိုးသားချင်း တွေကို  ကန်တော့ရန်နှင့် အလည်
တစ်ခေါက်သွားဖို့  ပြင်ဆင်ပြီးရန်ကုန်အိမ်ကနေ မိဘနှစ်ပါးကို ခွင့်တောင်းပြီး ထွက်လာခဲ့တယ် ။
ရန်ကုန်ကနေ  မှော်ဝန်းကား စီးပြီး ခရီးစတင်ထွက်ခဲ့တယ် ။ကားပေါ်မှဆင်းပြီး  မှော်ဝန်းမြေကို
ခြေချလိုက်တယ်ဆိုရင်ဖြင့်  အရင်ကထပ်များစွာပြောင်းလဲနေတဲ့  မှော်ဝန်းမြို့ ကလေးကို အံ့သြ
ဝမ်းသာစွာ တွေ့ မြင်ရပြီး မိသားစုလိုက်ရန်ကုန်ပြောင်းသွားပြီးကတည်းက မရောက်တာကြာပြီ

ဖြစ်လို့မှော်ဝန်းမြို့ ကလေးကို  လျှောက်ပတ်ကြည့်မိတယ် ။ထိုနောက်  မှော်ဝန်းမြို့ ရဲ့ ကျက်သရေ
ဆောင် ကျိုက်မှော်ဝန်းရေလယ်စေတီကိုလည်း သွားရောက်ဖူးမျှော်ခဲ့တယ် ။ပြီးနောက်  တစ်ဖက်
ကမ်းကို ကူးရန် ဇတ်ဆိပ်ကို သွားကာ  လှေလက်မှတ်ဖြတ်ပြီး  ဇာတိချက်ခြွေရာ ရွာကလေးဆီ
သွားရန် ခရီးဆက်ခဲ့တယ် ။တစ်ဖက်ကမ်း ရောက်ပြီးနောက် ကမာကလုတ်ရွာသို့ သွားရန် ဆိုင်
ကယ်ကယ်ရီများရှိရာသို့ လျှောက်လာခဲ့မိတယ် ။အရင်ကဆို ရွာကို သွားရင် ရေလှည့်ချိန်ကို
စောင့်ပြီး မော်တော်စီးကာ သွားကြရပေမဲ့အခုဆိုရင်ဖြင့် နိုင်ငံတော်အစိုးရ၏ ထောက်ပံကူညီမှု
ရပ်ရွာနေပြည်သူတွေရဲ့ ပံပိုးကူညီမှုတွေနဲ့  ကျောက်ခင်းလမ်းအဖြစ် အသွင်ပြောင်းကာ ရွာနီးချုပ်
စပ်က ကျေးရွာသားများအတွက်ကတော့ မိုးရာသီကုန်လို့  စပါးစိုက်ချိန်ပြီးကာ  လမ်းပန်းဆက်
သွယ်ရေးသာယာချိန်ဝယ် တစ်ဖက်တစ်လမ်းကနေ ၀င်ငွေရနိုင်တဲ့ ဆိုင်ကယ်ကယ်ရီသမားများ
အဖြင့် အသက်မွေးကျောင်းပြုနေကြတာကိုလည်း တွေ့ ရပါတယ် ။

ကျွန်တော်ခရီးဆောင်အိတ်ကို လက်ကိုဆွဲပြီး ဆိုင်ကယ်ကယ်ရီငှားရန် ကယ်ရီဂိတ်သို့ လျှောက်ခဲ့
တယ် ။ကိုယ်ရောက်တဲ့အချိန်က နေလယ်နေ့ ခင်းမို့ နေအရှိန်က ပူပြင်းလှတယ် ။ဆွေမျိုးသားချင်း
တွေအတွက် ၀ယ်ယူလာသော ကန်တောပစ္စည်းတွေ နဲ့ ခရီးဆောင်အိတ်မှာ သိပ်အလေးကြီး မ
ဟုတ် ၊တစ်ပိုင်တစ်နိုင်မျှသာ ။ဒါပေမဲ့ ကိုယ်သွားမယ့်ရွာက ဇတ်ဆိပ်ကနေဆို ( ၆ )မိုင်ကျော်
( ၇ )မိုင်နီးပါးမို့  ဆိုင်ကယ်ကယ်ရီနဲ့ သွားရင် ( ၁ )နာရီလောက်တော့ ခရီးဆက်ရပေလိမ့်မယ် ။

ဆိုင်ကယ်ကယ်ရီဂိတ်သို့ သူထွက်လာပြီးနောက် အသင့်တွေ့ ရသောဆိုင်ကယ်ကို ငှားရန်ဆုံးဖြတ်
ပြီး သူ့ ထက်ဆယ်နှစ်လောက် ငယ်ပုံရသော ကယ်ရီသမားအား ကိုယ်သွားမယ့်ရွာကို ပြောပြီး
ဈေးမေးလိုက်တယ် ။
'' ညီလေး.............အကို ကမာကလုတ်သွားမလို့  ဘယ်လောက်ပေးရမလဲ ''
ဆိုင်ကယ်ကယ်ရီကောင်လေးကို သူ့ လက်ထဲကအထုပ်အပိုးတွေကို ဝေ့၀ဲကာ အကဲခတ်လိုက်
ပြီးနောက် ......
'' နှစ်ထောင်ငါးရာ ''
သူ့ အဖြေက မာကျောသလို တုံတိတိ ။
'' ဟာ......ညီလေးကလဲ နည်းနည်းတော့ လျှော့ဦးကွာ ''
'' ဈေးလျှော့မရဘူး စီးချင်စီး မစီးချင်နေ ''
ကယ်ရီသမားလေးက ခြေနှစ်ချောင်းကို ချိတ်တွယ်ထိုင်နေလျှက် ဂျစ်တစ်တစ် ၊မာကျောကျော
ပြန်ဖြေလာတယ် ။

သူ့ ရဲ့ အမူအရာ ၊အပြောအဆို ၊လေယူလေသိမ်းတို့ ကြောင့် ကြားလိုက်ရတဲ့ ကျွန်တော်ရင်ထဲ
တွင် နွေနေပူပြင်းပြင်းနှင့် ထပ်တူမျှ ဒေါသတို့ ဆူဝေလာရတယ် ။သို့ ပါသော်လည်း သည်ဒေါ
သများအား ချက်ချင်းပင် ဦးနှိမ်ဂုက်ချိုးပစ်လိုက်ရတယ် ။ကိုယ်က အခုချိန်မှာ ဧည့်သည်၊ နယ်
ခံလူမဟုတ်တော့ ။ပြီးတော့ ကိုယ်ရွာမှာ ကြက်ဖဖြစ်ပေမယ့် ၊သူများရွာမှာတော့ ကြက်ဖလုပ်
နိုင်မည်မဟုတ် ။သည်အတွေးနဲ့ ပဲ ကိုယ်စိတ်ကို ချိုးနှိမ်လိုက်ရတယ် ။

ဆိုင်ကယ်ကယ်ရီသမားလေးမှာ အသက်ကနှစ်ဆယ်ပတ်ဝန်းကျင်လောက်တော့ ရှိမည် ။အ
သားကမည်းမည်း ၊အရပ်ကခပ်ပုပု ၊မျက်လုံးအစုံက မီးကျီခဲလို နီရဲနေသလို ၊မျက်နှာတပြင်နှင့်
နားရွက် ၊နှာခေါင်းတို့ မှာလည်း မန်ဒါလီဘဲတစ်ကောင်လို နီစွေးစွေးဖြစ်နေတယ် ။အင်္ဂါရုပ်ကို
ခန့်မှန်းကြည်လိုက်တာနဲ့  အရက်သမားမှန်းသိသာလွန်းနေပြီး နေခင်းကြောင်တောင် ဈေး
ဦးပေါက်ပြီးတာနဲ့  သောက်စားထားပုံရ၏ ။

ဒါကြောင့်လည်း သူ့ အားတုန့်ပြန်လာသော လေသံနှင့် အမူအရာတို့ မှာ အရက်တန်ခိုးနှင့်
ရင့်သီးနေခြင်း ဖြစ်နိုင်ပေသည် ။ကျွန်တော်တွေးလိုက်မိတယ် '' သြော် .....သည်လူတွေ
ဆိုင်ကယ်ကယ်ရီအငှားမောင်းနေတာတောင် ကိုယ်ဘ၀ကိုယ်မသိပဲ  ကိုယ်ပိုင်ကားသာ
မောင်းနေရရင် ဘယ်လိုနေမလဲလို့ '' တွေးကြည့်မိတယ် ။ကျွန်တော်အတွေနှင့် မျောလွင့်
နေစဉ် .........
'' ဗျို့ ......အစ်ကိုလေး......ကမာကလုတ်သွားမှာဆို ....ဒီကိုလာ ''
တစ်ဖက်မှ ကျွန်တော်အား အာပေါင်အာရင်းသန်သန်နှင့် လှမ်းခေါ်သောအသံပေါ်လာတယ် ။
ကျွန်တော်လှည့်ကြည့်မိတော့ ပထမဆိုင်ကယ်ကယ်ရီးသမားလေးနှင့် ရွယ်တူခန့် ရှိနိုင်မည့်
လူတစ်ယောက်ကို တွေ့ ရတယ် ။
'' မင်းကလည်း .......ဘယ်လောက်တောင်းလို့  ၊ဘယ်လောက်ပေးရမလဲ ......ပြောပါဦးကွာ ''
ဆိုင်ကယ်သမား ၊ ကားသမားတို့ မှာ ရန်ကုန်မှာဆို ခရီးသည်များကို သူတို့ အချင်းချင်း ဂွင်
ရိုက်ပြီး ၊ဇာတ်တိုက်ကာ ဂုပ်သွေးစုပ်တတ်ကြတာမို့  မင်းလည်းအတူတူပါဘဲ သဘောဖြင့်
ကျွန်တော် လေသံမြှင့်ပြီး မေးလိုက်မိတယ် ။

စိတ်ထဲမှာလည်း ပထမကယ်ရီသမားကို ဈေးလျှော့ခိုင်းမိတာ ရင့်သီးစွာဆက်ဆံလာလို့ 
မကျေနပ်ချက်တွေနဲ့ ပေါင်းပြီး မေးလိုက်မိခြင်းဖြစ်သည် ။ထိုအခါ ဒုတိယလူငယ်က ကျွန်
တော်လက်ထဲက အထုပ်တွေနဲ့ အိတ်ကို ညွှန်ပြပြီး ပြော၏ ။
'' အစ်ကိုလေးက အထုပ်တွေလည်းပါတယ်ဆိုတော့ နှစ်ထောင်တော့ပေးပါဗျာ ''
'' ဘာကွ .....ဟေ့ကောင်မင်း......ကယ်ရီဈေးမဖျက်ပါနဲ့ကွ .....ပြီးတော့.... မင်းရဲ့ ဂိတ်
အလှည့်လည်း မဟုတ်သေးဘူး ''
ဒုတိယ ကယ်ရီလူငယ်၏ စကားမဆုံးခင် ပထမကယ်ရီသမားက ၀င်ပြောလေ၏ ။လေသံ
က မာရုံတင်မကဘူး ရန်လိုဟန်လဲ ပေါက်နေတယ် ။ဒုတိယကယ်ရီလူငယ်က အပြုံးတစ်ပွင့်
ပြုံးလျှက် လေသံအေးအေးနဲ့ ပင် ပြန်ဖြေလေ၏ ။
'' ငါက ဂိတ်အလှည့်ကျော်နေတာ မဟုတ်ဘူး ။မင်းက ဒီက အစ်ကိုလေးကို စီးချင်စီး မစီးချင်
နေဆိုလို့  မင်းမလိုက်ချင်ဘူး အောက်မေ့လို့  ကိုယ်လိုက်နိုင်မယ့်ဈေးပြောပြီး လိုက်မယ်ပြော
တာ ဒါဖြင့် ငါလိုက်ပေးမယ်ပြောတဲ့ဈေးနဲ့ မင်းလိုက်နိုင်မယ်ဆို လိုက်လေ ဒါဆို အဆင်ပြေတာ
ပဲ ''
'' ဟ...မင်းက နွားကျပြီး ဈေးဖျက်ကာ လိုက်မယ်ပြောနေတာ ငါကတော့ ငါပြောထားတဲ့ဈေး
ရမှ လိုက်နိုင်မယ်ဟေ့ ''
ကျွန်တော်လည်း သူတို့ နှစ်ယောက် ပြောနေတာကို အသာငြိမ်ပြီး ကြည့်နေမိကာ လူငယ်နှစ်
ယောက်၏ ရုပ်သွင်အမူအရာကော ၊ အပြောအဆိုလေသံကိုပါ ဘေးကနေအကဲခတ်နေမိတယ် ။

တစ်ယောက်နှင့် တစ်ယောက် အဖြူနဲ့ အမည်း ၊ဆီနဲ့ ရေလို ကွာခြားမှုက ပေါ်လွင်လှတယ် ။
ပထမလူငယ်၏ ရုပ်သွင်သဏ္ဍာန်က ရုန့် ရင်းကြမ်းတမ်းနေသလောက် ဒုတိယ လူငယ်၏ ရုပ်
သွင်သဏ္ဍာန်က သန့် စင်လို နေတာကို တွေ့ မြင်ရတယ် ။
'' ဒါတော့ မင်းဘက်က ကပ်ဖဲ့နေတာပဲကွာ ၊ဒီအစ်ကိုလေး ဆီက မင်းကြိုက်တဲ့ဈေးမရလို့  မင်း
မလိုက်နိုင်ဘူး ။ငါက သင့်တော်တဲ့ဈေးတောင်းပြီး လိုက်မယ်ပြောတာကျပြန်တော့လဲ မင်းက
မကြည်ဖြူ ပြန်ဘူး ......မင်းဟာက မဟုတ်သးပါဘူးကွာ ''
''သြော် ....မင်းက .....ဘ၀တူချင်းတော့ မရိုင်းပင်းဘူး ။အခုမှတွေ့ တဲ့သူစိမ်းဘက်ကနေလိုက်
ပြောနေရအောင် သူက မင်းပထွေးလားကွ ''

ကယ်ရီလူငယ်နှစ်ယောက်သား စကားအခြေအတင် ဖြစ်လာ၏ ။ကျွန်တော်လည်း ရန်ပွဲဖြစ်
တော့မယ်ထင်ကာ စိုးရိမ်သွားမိတယ် ။ကိုယ်အတွက်ကြောင့်တော့ ဘ၀တူကယ်ရီသမားအ
ချင်းချင်း ရန်မဖြစ်စေချင်ပေ ။သို့ ပါသော်ငြားလည်း  ကျွန်တော်စိုးရိမ်သလို ရန်ပွဲဖြစ်မလာခဲ့
ပေ ။အဘယ်ကြောင့်ဆိုသော် ဒုတိယ လူငယ်မှာ ပထမလူငယ်၏ ရိုင်းပြစွာ မပြောခံနေရသော်
လည်း စိတ်ဆိုးပုံမရသင့်အပြင် ခပ်ပြုံးပြုံးပင် ရှိနေပြီး ။
'' ဟာ...ဒါများ ငါ့ပထွေးသာဆိုရင် ခုလိုမျိုးတောင် လေကုန်ခံမနေဘူး ....တစ်ခါတည်းတင်ပြီး
လိုက်ပို့ တာကြာပြီပေါ့ ....ဟား.....ဟား.............''

ဒုတိယလူငယ် က....................
'' ကဲ....မင်းဒီဈေးနဲ့ လိုက်မလားပြော ...မလိုက်နိုင်ဘူးဆို ငါလိုက်သွားတော့မယ် ။
ပထမလူငယ်ကို ပြောလေတယ် ။
'' လုံးဝပဲကွာ ငါတောင်းတဲ့ဈေးမရနိုင်ရင်တော့ မလိုက်နိုင်ဘူး ''
'' ဒီလိုခရီးကို ဒီဈေးပြောပြီး လိုက်တဲ့ကောင်တွေက ဆန်အိုးထဲမှာ ဆန်မရှိလို ပြောတဲ့စကားကွ ''
ပထမလူငယ်က ပြောပြန်တယ် ။ထိုအခါ ဒုတိယ လူငယ်က ...........
'' ဟုတ်တယ်ကွာ ....ဟုတ်တယ် ....ဆန်ဖိုးတင်မကဘူး ....ဆီဖိုး ....ဟင်းစားဖိုးပါ မရှိလို့  ငါ
ဒီဈေးနဲ့ လိုက်တယ်ကွာ ....ဘာဖြင့်လည်း ဒီလိုများများရှာနိုင်မှ အိမ်သူသက်ထားက အိမ်ကနေ
သနပ်ခါးလိမ်းပြီး အာဝါးပေးမှာ.....ကဲ .....အစ်ကိုလေး ....လာ....သွားမယ်....တက် ''

ပြောပြောဆိုဆိုနဲ့ ဒုတိယလူငယ်က ကျွန်တော်ကို ဆိုင်ကယ်ပေါ်တင်ကာ မောင်းထွက်လာခဲ့တယ် ။
သူ့ ပုံစံက ကျွန်တော်လေ့လာအကဲခတ်မိလောက်တော့ ပကတိ အေးအေးချမ်းချမ်းပင် ။
ကျွန်တော်လည်း လမ်းဘေးဝဲယာက ရင့်မှည့်နေကြတဲ့ စပါးပင်တွေကို ကြည့်ပြီး အတွေးနယ်ချဲ့ နေမိ
တယ် ။ထိုစဉ် .....'' အစ်ကိုလေးက ဟိုကောင်ငထွန်း အကြောင်းတွေးနေတာလားဗျ '' သူအပြောတွေ
ကို ဗွေမယူပါနဲ့ ဗျာ ။သူက ဒီလိုပါပဲ မနက်လင်းတာနဲ့ အရက်သောက်တာဗျ ။အရက်မသောက်ထား
တဲ့အချိန်ဆို လူကောင်းပါဗျာ '' ထိုအခါ ကျွန်တော် အံ့သြမိတာက ဒုတိယကယ်ရီ လူငယ် ကို ပါ ။
ခရိးသည်ဖြစ်တဲ့ ကျွန်တော်သာမကဘဲ သူအပေါ်မှာပါ မိုက်ရိုင်းရင့်သီးစွာ ဆက်ဆံသော ငထွန်းလို
လူစားကိုပင် စိတ်ဆိုးဟန် မပြပဲ အပြစ်မတင်ဖေးမကာကွယ်ကာ ပြောဆိုနေသေးတာကိုပါ ။

သူ့ နေရာမှာ အခြားတစ်ယောက်သာဆို ဝေးရာကွယ်ရာမို့  တစ်ဘက်လူ၏မကောင်းကြောင်းကို
အားပါးတရ ရှုတ်ချပြောဆိုနေမှာ အသေအချာပင် ။ဒါပေမဲ့ သည်လူငယ်ကတော့ သည်လိုမဟုတ်
အသက်အရွယ်နဲ့ ပင် မလိုက်အောင် စိတ်ထားဖြူစင် ၊သဘောကောင်းလှတာမို့  လေးစားခင်မင်စ
ရာ ကယ်ရီကောင်လေးမျိုးပင် ။

သည်လူငယ်၏ လူတွေအပေါ်  ရှုမြင်ခံစားတတ်မှု နှင့် သဘောမျှစွာ စာနာတတ်မှုတို့ မှာ အရွယ်နှင့်
မမျှ ကြီးမားလှပေတယ် ။သူထက်အသက်ပိုကြီးတဲ့ ကျွန်တော်ပင်လျှင် သည်လူငယ်၏ တစ်ဝက်စာမျှ
သည်းခံခွင့်လွှတ်စိတ် ထားနိုင်မည် မထင်ပေ ။

ဆိုင်ကယ်မောင်းနေရင်းမှ လူငယ်က.......'' သြော်....လောကကြီးမှာ လူတွေအားလုံး စိတ်သဘော
ထားခြင်းတိုက်ဆိုင် ၊ တူညီမျှတဖို့ ဆိုတာဘယ်လာဖြစ်နိုင်မလဲလေ '''' ကိုယ့်အသားနာတာ ၊ ကိုယ်
စီးပွားပျက်တာမျိုးမှ မဟုတ်တော့လည်း သည်းခံသင့်တာ သည်းခံရမှာပေါ့ '' သူကိုယ်သူပဲ ပြောနေ
တာလား ကျွန်တော်ပဲ ပြောနေတာလားဆိုတာ မသိနိုင်ပေမဲ့ လူငယ်ကတော့ ဆိုင်ကယ်မောင်းရင်း
အခုလို ပြောပြနေလေ၏ ။

ကျွန်တော်လည်း သူပြောသမျှ ငြိမ်ကာနားထောင်ရင်း အကဲခတ်ကာလိုက်ပါရင်း လူငယ်ကို လေ့လာ
နေမိတယ် ။လူငယ်က စကားတစ်ပြောပြောနဲ့ ဆိုင်ကယ်ကို ဖြေးဖြေးမှန်မှန်  မောင်းနေတာကြောင့်
နောက်မှ ကျော်တက်သွားကြတဲ့ ဆိုင်ကယ်ကယ်ရီတွေက လူငယ်ကို နောင်ပြောင်ကျီစယ်သွားကြ၏ ။
'' တို့ ကတော့ ...မိန်းမအတွက် ၊ကလေးအတွက် ရှာရတာဆိုတော့ သွက်သွက်ပဲဟေ့ ရှာရဖွေရတယ်။
.....သဌေးသမီးရထားတဲ့ ကောင်ကတော့ အေးအေးရှာနိုင်တာပေါ့ကွာ ''ဟု တစ်မျိုး ပြောကြသလို ။
'' ဟေ့ ....ဆရာလေး...ဘယ်လိုလဲ....ဆိုင်ကယ်ကယ်ရီဆွဲရင်း အကျင့်ပါပြီး ခရီးသည် အစ်ကိုလေးကို
စာပြနေတာလားဟ ''ဟု တစ်ဖုံ အချင်းချင်းအော်ဟစ်နောက်ပြောင်ပြောဆိုသွားကြတဲ့ အခြားကယ်ရီ
သမားတွေရဲ့  စကားတွေက ကျွန်တော်စိတ်ထဲမှာတော့ ထူးဆန်းလို့ ပင် နေတော့၏ ။ဆိုင်ကယ်ကယ်ရီ
လူငယ်၏ တစ်စုံတစ်ခုသောအကြောင်းကို ရည်ညွန်းပြောဆိုနေကြမှန်း သိသာပေါ်လွင်နေလေ၏ ။

အခြားလူငယ်တွေ၏ နောက်ပြောင်မှုကြောင့် သည်လူငယ်သည် အမှန်တကယ်ပင် သဌေးသမီးကို ရယူ
ထားသူပဲလား ၊ဒါမှမဟုတ် သူသည်တကယ်ပဲ ကျောင်းဆရာလေးလား ။ကျောင်းဆရာဆိုလည်း ဒီအရွယ်
လောက်နဲ့ မဖြစ်နိုင်ပေ ။ဖြစ်နိုင်တယ်ပဲထားတော့ ဒီအချိန်ဆို ကျောင်းမှာရှိနေရမှာပေါ့ ။ဒါမှမဟုတ် ကျူ
ရှင်ဆရာလေးလား ။အခြားသူတို့ ပြောသလိုဆို သဌေးသမီးယူထားတယ်ဆို ယခုလို ဆိုင်ကယ်ကယ်ရီ
မောင်းနေပါ့မလား ။ဒါမှမဟုတ် တမင်တကာပင် အချင်းချင်း စနောက်နေကြတာလား ။စသည့်လားပေါင်း
မြောက်များစွာတွေးပြီး ကျွန်တော်လည်း သို့ လော ၊သို့ လော လိုက်တွေးနေမိတော့သည် ။

ထိုစဉ်အခိုက် .......ကျွန်တော်တို့ သွားနေတဲ့ မျက်နှာချင်းဆိုင်လမ်းမပေါ်မှ လမ်းလျှောက်လာကြတဲ့ လူ
တစ်စုထဲမှ ရှစ်နှစ် ၊ကိုးနှစ်အရွယ် ကောင်မလေးတွေမှ နှက်ဆက်လာတယ် ။
'' ဆရာလေး ..ဆရာလေး ''
'' ခရေ နဲ့ ကြာဖြူ တို့ ပါလား သမီးတို့ ဘယ်သွားကြမလို့ လဲ ''
''သမီးတို့ အဘိုးအဘွားအိမ် သွားကန်တော့မလို့ ပါ ''
'' အေး....အေး....သမီးတို့ ....ညနေကျရင် ....ကျောင်းမပျက်စေကြနဲ့ ဦးနော် ''
'' စောစောပြန်လာကြပေါ့ .....လေ့ကျင့်ခန်းတွေအသစ်တက်ပေးမယ် ''
'' ဟုတ်ကဲ့ပါ ....ဆရာလေး ''
ကလေးတွေက ရိုသေချစ်ကြောက်တဲ့ အမူအရာလေသံနှင့် ပြန်ဖြေပြီး ဆက်သွားကြမှ လူငယ်က
ဆိုင်ကယ်ကို ဆက်လက်မောင်းလေ၏ ။ကျွန်တော်အတွက်က ပုစ္ဆာတစ်ပုဒ်တော့ အဖြေရလိုက်ပါ
တယ် ။သည်လူငယ်သည် အမှန်တကယ်ပင် ကျူရှင်ဆရာလေးတစ်ယောက်ဆိုတာကိုပေါ့ဗျာ ။

သည်လိုနဲ့ နှစ်ယောက်သား ခရီးဆက်လာကြရာ ရွာထိပ်တွင် ရပ်ရွာလူကြီးဖြစ်ဟန်တူသော လူကြီး
သုံး ၊လေးယောက်နဲ့ ဆုံရာ လူငယ်ကိုမြင်တော့ လှမ်းနှက်ဆက်ပြီး တရေးတယူနှင့်
'' အဆင်သင့်တာပဲ ......မောင်ဖိုးဇော်ရယ် ......ဓမ္မာရံသီရွာဦးကျောင်းက ကထိန်အတွက် အလှူငွေ
လေး ထည့်သွားပါဦးကွာ ''
သည်တော့မှ ကျွန်တော်လည်း သည်လူငယ်လေး၏ အမည်မှာ ဖိုးဇော်ဆိုတာကို သိလိုက်ရတယ် ။
သည်အချိန်မှာ ဖိုးဇော်က အိတ်ထဲက ပိုက်ဆံအိတ်ကို ဖွင့်ကာကြည့်ပြီး အဘတို့ ရေ ကျွန်တော်မှာ
ပါတဲ့ငွေက နည်းနေတယ် ။ကျွန်တော်အိမ်မှာ ကျွန်တော်မိန်းမ  နှင်းဆီ ဆီကနေ ကျွန်တော်က
ထည့်ခိုင်းလို့ အလှူငွေ ငါးထောင် ထည့်ပေးပါလို့ သာ သွားပြီး ပြောပေးပါနော် ''
'' သြော်....အေး...အေး...မင်းမိန်းမ မနှင်းဆီက ပိုတောင်ထည့်ဦးမှာပါ....ငါတို့ ဝင်သွားပြီး ပြောလိုက်
ပါမယ်ကွာ ''
ကျေးရွာလူကြီးများ အားရ၀မ်းသာစွာဖြင့် ထွက်သွားကြ၏ ။ကျွန်တော်လည်း ရွာကို ရောက်ပြီမို့  ဆွေ
မျိုးသားချင်းများရှိရာသို့  မေးမြန်းကာ ဆက်သွားလေ၏ ။အမှန်မှာ ကျွန်တော်က ဒီရွာဇာတိပေမဲ့ ငယ်
ငယ်ကတည်းက ရန်ကုန်ကို မိသားစုလိုက် ပြောင်းသွားကြလို့  ရွာကလူကြီးများက ကျွန်တော်ကို ငယ်
ရုပ်ပျောက်ကာ မမှတ်မိကြခြင်း ဖြစ်ပေသည်။ထိုအတူ ကျွန်တော်မှာလည်း ပြောင်းသွားကတည်းက မ
ရောက်တာကြာပြီမို့  ကိုယ်ဆွေမျိုးသားချင်းများအိမ်တွေကို လိုက်မေးနေရခြင်းပင် ။ကျွန်တော်ရွာက
လေးမှာ ကျွန်တော်တို့ မပြောင်းခင်ကနဲ့ ခြားနားစွာ အရာရာမှာ ပြောင်းလဲနေတာကိုလည်း တွေ့ လေ
၏ ။ထိုပြင် အိမ်တိုင်းလိုလိုတွင် လျှပ်စီးမီးရရှိနေတာကိုလည်း တွေ့ လေ၏ ။'' သြော် ငါ့ရွာကလေးက
မြို့ နဲ့ မခြားပါလားဟု '' ပင် ကျွန်တော်တွေးနေမိ၏ ။


      ညချစ်သူ ( ခံစားရေးဖွဲ့ တင်ပြသည် ) ။
                          
 ဒုတိယပိုင်း ( မျှော် )

 





Share