page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, August 13, 2012

မလွန်ဆန်နိုင်သော ဆောင်းပါးတပုဒ်

ညချစ်သူ | 1:19 AM |
ညချစ်သူ | 1:19 AM |




Best Blogger Tips
Share

by Ma Nandar on Sunday, August 12, 2012 at 9:17pm ·
 

  
The Lord Morrison of Lambeth
  Deputy Prime Minister of the United Kingdom

ကျွန်ုပ်သည် ငပျင်းတယောက် ဖြစ်၏။ ဘယ်လောက်ပျင်းသလဲဆိုရင် ကျွန်ုပ်ဘေးမှာ အမှိုက်ပုံကြီး တပုံဖြစ်လာရင်တောင် အမှိုက်ပုံကို ထရှင်းဖို့ နေနေသာသာ အဲသည့်အမှိုက်ပုံနဲ့ ဝေးရာကို နေရာရွေ့သွားဖို့တောင် ပျင်းပါသည်။ အဲဒီလို ပျင်းခြင်းဟာ ဥပဒေစာစကားနဲ့ ပြောရရင် " အခုမှ မပျင်း ရှေးကပင်ပျင်းသည်" ဟုပင်ဆိုရပါမည်။

ငယ်တုန်းက စာကျက်ဖို့ ပျင်း၏။
ကြီးလာတော့ ထမင်းချက်ဖို့ ပျင်း၏။
အရွယ်ရောက်လာတော့ ပိုက်ဆံအရှာထွက်ဖို့ ပျင်း၏။
ကျွန်ုပ်အိပ်ချင်ပြီဆိုလျှင် ဘယ်လောက်ပဲ ပိုက်ဆံရတဲ့ အလုပ်ပဲဖြစ်ဖြစ် ငြင်းပါသည်။
ထမင်းအငတ်ခံနိုင်ပေမယ့် အအိပ်အပျက်မခံနိုင်ပါ။

ကျွန်ုပ်ကို ချစ်ခင်အထင်ကြီးမှုများနဲ့ ဇနီးမယားတော်ထားသူကပင် နောက်ဆုံးတော့ အကြောင်းသိသွားသောအခါ မပြောသာပြောသာဖြင့် " လက်စသတ်တော့ နန္ဒာလေးက ငပျင်းလေးပဲ" ဟုဆိုပါသည်။ အဲဒီလို သြော် ချရလောက် ပျင်းတဲ့ ကျွန်ုပ်ဟာ စိတ်တိုင်းကျသာ ပျင်းခွင့်ရတိုင်း ပျင်းလိုက်ရရင်ဖြင့် အခုချိန်မှာ "ခွက်လက်ဆွဲကာ တောင်းစားပါလည်း နင်သာ ငပျင်း လူ့ငဖျင်း" လို့ ဆိုရမယ့် အခြေအနေကို ရောက်နေမှာပါ။


ဒါပေမယ့် အခုချိန်မှာတော့ ကျွန်ုပ်ဟာ သင့်တဲ့လျောက်ပတ်တဲ့ ခေတ်ပညာ Degree, Diplomaများနဲ့ ဘာသာစကား ၂မျိုး၃မျိုးလောက်နဲ့ လောကအလယ်မှာ ကိုယ်ယုံကြည်ရာ လမ်းကို ကိုယ်လျှောက်နိုင်စွမ်းတဲ့ အခြေအနေတရပ်နဲ့ ကိုယ့်ကိုကိုယ် ကျေနပ်စွာ ရပ်တည်နေပါတယ်။ (မှတ်ချက်...ကိုယ့်ကိုကိုယ် ကျေနပ်ခြင်းဟာ ကိုယ့်ကိုကိုယ် အထင်ကြီးခြင်းမဟုတ်ပါ)။ အဲဒီလို ရပ်တည်နေနိုင်တာဟာ ကျွန်ုပ်ရဲ့ ကောင်းသလား ဆိုးသလားမပြောတတ်တဲ့ စိတ်ခံစားမှု တခုကြောင့်နဲ့ အလေ့အကျင့် တခုကြောင့်လိုပဲ ဆိုချင်ပါတယ်။

"မခံချင်စိတ်" ဆိုတဲ့ စိတ်ခံစားမှုဟာ မွေးကတည်းက ကျွန်ုပ်မှာပါလာတယ်လို့ ဆိုရပါမယ်။ အဲသည့်စိတ်ကြောင့် ကျွန်ုပ် ခဏခဏ ဒုက္ခရောက်ရသလို၊ အဲသည့်စိတ်ကြောင့်ပဲ ကျွန်ုပ်စိတ်တိုင်းကျ ပျင်းခွင့်မရခဲ့ဘူး။ ငယ်ကတည်းက အိမ်နီးနားချင်း ကလေးတယောက်ယောက် စာကျက်သံကြားရရင် အိပ်နေသည်ဖြစ်စေ၊ ကစားနေသည်ဖြစ်စေ၊ ဘာပဲ လုပ်နေလုပ်နေ ကျွန်ုပ်စာပြေးကျက်တတ်သည်။ သူတော့ ငါ့ထက် သာသွားတော့မှာပဲဆိုတဲ့ အတွေးက ကျွန်ုပ်သွေးတို့ကို ဆူဝေစေခဲ့သည်။

အရွယ်ရောက်လာတော့လည်း ဟိုလူ့သမီးက ဟင်းချက်ကောင်းသည်၊ ဒီလူ့သမီးက မုန့်လုပ်ကောင်းသည်ဆိုသည့် အသံများက ကျွန်ုပ်ကို အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်းကို ရောက်အောင် ပို့ပေးခဲ့သည်။ အမှန်စင်စစ် ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် လိမ္မာရေးခြားရှိခြင်းကြောင့် တတ်ကျွမ်းရခြင်း မဟုတ်ပါ။ ကိုယ့်ထက် မွေးကတည်းက အစစအရာရာ သာနေသူတို့ကို ကျွန်ုပ် လိုက်လံတုပခြင်း မရှိသော်လည်း ကိုယ်နဲ့ သူမသာ ကိုယ်မသာ ဖြစ်နေသူများထဲမှ ကျွန်ုပ်ထက်သာသွားမယ့်အရေးကိုတော့ အခွင့်မပေးနိုင်ပါ။

သူ့ကို မနာလိုခြင်း၊ ဒုက္ခရောက်အောင်လုပ်ခြင်းမဟုတ်ပါ။ သူ့ကို အနိုင်မပေးခြင်းသာ ဖြစ်ပါသည်။ မခံချင်စိတ်၏ ပျင်းခွင့်မပေးမှုကြောင့် လောကအလယ်တွင် တရားနည်းလမ်းကျစွာ ယှဉ်ပြိုင်မှု ကြီးငယ်တို့ကို ဖြတ်သန်းရင်း ကျွန်ုပ်ကြီးပြင်းခဲ့ပါသည်။

ကျွန်ုပ်ကို လောကအလယ်မှာ တင့်တယ်စွာ ထားပေးခဲ့တဲ့ အလေ့အကျင့် တခုကတော့ " စာဖတ်ခြင်း" ပါပဲ။ ကျွန်ုပ် ၃တန်းနှစ် နွေရာသီကျောင်းပိတ်ချိန်လောက်ကစပြီး မနက်မိုးလင်းကတည်းက လမ်းမပေါ်ထွက်ကာ ကစားဖေါ်ရှာသည်မှာ ညနေ ၆နာရီ အိမ်ကလိုက်ခေါ်သည့် အချိန်ထိပင် ဖြစ်ပါသည်။ ကျွန်ုပ်ကို စံချိန်ကျိုးအောင် မကစားနိုင်သော ကလေးတို့ကို စောင့်စားရင်း လမ်းထဲရှိ အလကားဖတ်၍ရသော စာအုပ်အငှားဆိုင်မှ စာအုပ်များကို အဖေါ်စောင့်ရင်း စာအုပ်ဆိုင်ရှေ့ မြောင်းနှုတ်ခမ်းတွင် ထိုင်ကာ ခြေထောက်နှစ်ချောင်းကို မြောင်းထဲသို့ တွဲလောင်းချပြီး စာဖတ်ဖြစ်ခဲ့၏။

ထိုစဉ်က ကျွန်ုပ်စ၍ဖတ်သော ဝတ္ထုမှာ မင်းသိင်္ခ၏ စုံထောက်ဝတ္ထုများဖြစ်၏။ ဖတ်ပင်ဖတ်သော်ငြားလည်း နားမလည်။ ဗမာလို ရေးထားတာကို နားမလည်ရကောင်းလားဆိုပြီး ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်ကာ  နားမလည်သည်များကို လူကြီးများကိုမေးလိုက်၊ ဖတ်လိုက်နှင့်ဖတ်ဖြစ်ခဲ့၏။ သည့်နောက်တော့ ရွှေဥဒေါင်း၊ မြသန်းတင့်နှင့် ဘာသာပြန်ပေါင်းစုံတို့ကို ဖတ်ဖြစ်ခဲ့၏။

ကျွန်ုပ်သည် ငယ်စဉ်က ပညာတတ်အသိုင်းအဝိုင်း ဆွေမျိုးများစုံလင်စွာ စုပေါင်းနေထိုင်သော အိမ်ကြီးတွင် ကြီးပျင်းလာခဲ့ရသည့်အားလျော်စွာ ကျွန်ုပ်ပတ်ဝန်းကျင်တွင်လည်း စာမျိုးစုံရှိနေခဲ့၏။ အများစုမှာ မြန်မာလိုနှင့် အင်္ဂလိပ်လို ရေးထားသော စာများဖြစ်ကြ၏။ ဒီလိုနဲ့ တော်တော်လေး အရွယ်ရောက်လာသောအခါ တက်ကျမ်းများ၊ ရသစာပေများ၊ဘာသာရေးစာအုပ်များ၊ အတ္ထုပ္ပတ္ထိများ၊ ကိုယ်တွေ့ဖြစ်ရပ်များ စသည်တို့ကို ဖတ်ဖြစ်ခဲ့၏။ ဖတ်သာဖတ်ရ၏။ နားမလည်သည်များကလည်း အနတ္တဂမပင်။ ထိုအချိန်အထိ စာဖတ်ခြင်းသည် ကျွန်ုပ်အတွက် စာဖတ်ခြင်းမျှသာ ဖြစ်၏။ ဖတ်သော စာများကို အသုံးမချတတ်ခဲ့။

တနေ့သောအခါ ကျွန်ုပ်အတွက် တန်ဖိုးအလွန်ရှိသော၊ ကျွန်ုပ် အသွေးအသားတို့ကို ဆူဝေစေသော၊ ကျွန်ုပ်ကို မြှောက်ထိုးပင့်ကော်လုပ်ပေးသော စာတပုဒ်ကို ဖတ်လိုက်ရ၏။
ကျွန်ုပ်ပျင်းချင်သည့် အခါတိုင်း ထိုစာကြောင့် ပျင်းခွင့်မရခဲ့။ ကျွန်ုပ်အားလျှော့ချင်သည့် အခါတိုင်း ထိုစာကြောင့် အားလျှော့ခွင့်မရခဲ့။ ကျွန်ုပ်၏ မုန့်ဖိုးအတော်များများ၊ နည်းပါးသော ဝင်ငွေထဲမှ ပိုက်ဆံအတော်များများသည်လည်း ထိုစာကြောင့် စာအုပ်ဖိုးများသာ ဖြစ်ခဲ့ရ၏။ ထိုစာကို မိတ်ဆွေလည်း စိတ်ဝင်စားသည်ဆိုပါက ဖတ်ကြည့်နိုင်ပါသည်။ သင့်ဘဝ(သို့) သင့်စိတ်ဓါတ်ကို ထိုစာက ပြုပြင်ပေးလိုက်လျှင်တော့ ကျွန်ုပ်တာဝန်မယူပါ။

ထိုစာ၏ ခေါင်းစဉ်မှာ ရိုးစင်းလှ၏။ " စာကို ရည်ရွယ်ချက်နဲ့ ဖတ်" ဟူသတတ်။ သို့သော် ကျွန်ုပ်ကတော့ "မူလတန်းတန်းကျောင်းသား ဝန်ကြီးချုပ်"ဟု ခေါင်းစဉ် ပြောင်းပေးလိုက်ချင်၏။

လန်ဒန်မြို့ရှိ အလင်းရောင် မတောက်ပသည့် briston ရပ်ကွက် လမ်းမတခုမှာဖြစ်သည်။ အချိန်က ည(၁၀)နာရီခန့်။ ဓါတ်ငွေ့မီးအိမ်၏ မှိတ်တုတ်တုတ် အလင်းရောင်အောက်မှာ လူတယောက် ခုံကလေး တလုံးကို ဟောပြောစင်လုပ်ပြီး အာပေါင်အာရင်းသန်သန်ဖြင့် စကားပြောနေသည်။

" ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံး ဘာသာရပ်ကို ကိုယ်တိုင်လေ့လာကြည့်သွားစမ်းပါ၊ အောင်မြင်အောင် ဘယ်လိုလုပ်မလဲ၊ ခင်ဗျားမှာ ဘာတွေတော်နေလဲ၊ ဘယ်လို အခြေခံ အစွမ်းအစတွေ ရှိနေလဲ၊ ဦးခေါင်း လက္ခဏာပညာက ပြောပြပါလိမ့်မယ်"
ထိုသူက ပြောလည်းပြော သူ့လက်ထဲက လူ့ဦးခေါင်းပုံ အစိတ်အပိုင်းတွေမှာ ဆေးရောင်စုံတွေ ခြယ်ပြီး သချာင်္၊ သမိုင်း၊မှတ်ဥာဏ်စသဖြင့် အညွှန်းစာတွေ ရေးထိုးထားတဲ့ ပုံကိုလည်း ဝှေ့ယမ်းပြနေသည်။

အဲသည့်အချိန်မှာ အသက်(၁၅)နှစ်ခန့်သာ ရှိသေးတဲ့ ကုန်ခြောက်ဆိုင်မှာ အကူလုပ်သားအဖြစ် လုပ်ကိုင်နေရတဲ့ Herbert Morrisonဆိုတဲ့ ကလေးတယောက်ဟာ သူ့ခေါင်းမှာရော ဘယ်လို အဖုအထစ်လေးတွေရှိလဲဆိုတာ အလွန်အမင်းသိချင်သွားတယ်။ ဒါနဲ့ပဲ သူ့ရဲ့ ရှိစုမဲ့စု ပိုက်ဆံလေး ခြောက်ပဲနိကို ကိုင်ပြီး ရှေ့တိုးသွားခဲ့တယ်။ ဦးခေါင်းလက္ခဏာဆရာက သူငယ်လေး ဦးခေါင်းကို ကိုင်ပြီး အဖုအထစ်တွေကို တခုချင်း လျှောက်စမ်းကြည့်တယ်။

သည့်နောက်မှာတော့ ဦးခေါင်းဆရာက " မင်းခေါင်းသိပ်ကောင်းတယ်၊ မင်းဘာစာတွေ ဖတ်လဲ"လို့ မေးပါသတဲ့။ " အများဆုံးကတော့ အပစ်အခတ်တွေပါပဲ" ။ သူငယ်လေးက သတင်းစာ လက်ပွေ့သမားများ ရောင်းလေ့ရှိတဲ့ တပဲနိတန် သဲထိတ်ရင်ဖို ဝတ္ထုလေးတွေကို ရည်ညွှန်းပြီး ပြောလိုက်သတဲ့။

ဘာမှ မဖတ်တာထက်စာရင် အပေါစားလည်း မဆိုးပါဘူး။ ဒါပေမယ့် မင်းခေါင်းက သိပ်ကောင်းတယ်၊  ဒီလို အညံ့စား အမှိုက်သရိုက်လို ဟာမျိုးတွေနဲ့ မင်းခေါင်းနဲ့ မတန်ပါဘူး၊ ပိုကောင်းတဲ့ဟာတွေ ထည့်စမ်းပါ။ သမိုင်းတို့၊ အတ္ထုပ္ဗတ္ထိတို့ မင်းကြိုက်တာတော့ ရွေးပေါ့၊ ဒါပေမယ့် ကိုယ့်အတွက် အကျိုးဖြစ်ထွန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလေးအနက်ဖတ်တဲ့ အလေ့အထမျိုး မွေးစမ်းပါ"လို့ သူက ဆိုလေသည်။

 ဦးခေါင်းပေါင်းများစွာကို ကိုင်တွယ်စမ်းသပ်လာတဲ့ ပုဂ္ဂိုလ်က သူငယ်လေးကို ထူးခြားသည့်  ဦခေါင်းပိုင်ရှင်လို့ ပြောလိုက်တော့ သူငယ်လေးဟာ အလွန်ပဲ နှစ်ထောင်းအားရဖြစ်သွားခဲ့တယ်။ သူအိမ်ပြန်လာချင်မှာ သူ့ရင်တွေ ခုန်နေခဲ့တယ်။ သူ့ဟာ အပေါစားစာတွေနဲ့ မတန်တဲ့ ဦးခေါင်းပိုင်ရှင်ပါလားလို့ သူ့ကိုယ်သူ အကြိမ်ကြိမ်ရေရွတ်နေမိခဲ့တယ်။ တဖက်ကလည်း သူဟာ မူလတန်းကျောင်းမှာပင် ပညာရေး ဆုံးခန်းတိုင်ခဲ့သော အဖြစ်က သူ့ကို ခြောက်ခြားစေပြန်တယ်။

ဘာပဲဖြစ်ဖြစ် သူလုပ်ကြည့်ခဲ့တယ်။ သူရတဲ့ ဝင်ငွေထဲမှ အနည်းငယ်ကိုဖဲ့ကာ မက်ကောလေး၏ အင်္ဂလန်သမိုင်းစာအုပ်ကို ဝယ်လိုက်တယ်။ သူဝယ်ဖတ်လိုက်တဲ့ စာအုပ်ဟာ သူ့အတွက် အင်မတန်ခက်ခဲနေခဲ့တယ်။  စာအုပ်ပြီးဆုံးဖို့ သူအတော်ကလေး ဒုက္ခခံခဲ့ရတယ်။

သည့်နောက်မှာတော့ သူဟာ အင်္ဂလိပ်သမိုင်းဖတ်စာများ စာအုပ်ကိုတွေ့သွားတယ်။ အဲသည့်စာအုပ်ကတော့ သူ့စိတ်တွေကို နိုးကြားအောင် လှူံ့ဆော်ပေးနိုင်စွမ်း ရှိခဲ့တယ်။ အဲဒီ့စာအုပ်ကြောင့် သူဟာ အရွယ်မတိုင်ခင်မှာပဲ လူမှုရေး ပြဿနာများကို စတင်သိမြင်ခွင့်ရလာခဲ့တယ်။ လန်ဒန်မြို့ ပတ်ဝန်းကျင်ရှိ လူမှုအခြေအနေများ ပို၍ တိုးတက်ကောင်းမွန်လာအောင် မည်သို့လုပ်မည်လဲဆိုတာမျိုးတွေ သူတွေးစပြုလာတယ်။သူဟာ စာကြည့်တိုက်တွေကို သွားစပြုလာတယ်။ သူ့အတွေးတွေကို စာအုပ်တွေက ပေးနိုင်စွမ်းရှိမှန်း တစထက် တစ သူသိလာတယ်။

သူဟာ တဆင့်ပြီးတဆင့် စက်မှုတော်လှန်ရေးနဲ့ စပ်လျဉ်းသည့် လူမှုရေးရာ လေ့လာချက်များ၊ လက်ရှိ ကာယအလုပ်သမား လူတန်းစား၏ လူမှုဘဝ သုံးသပ်ဝေဖန်စာများကိုပါ သူဖတ်လာတယ်။ ပညာရေးမပြည့်ဝမှုကြောင့် ဖြစ်ပေါ်ရတဲ့ ပြဿနာတွေရဲ့ အဓိပ္ပါယ်ကို သူကွဲကွဲပြားပြား မြင်လာတယ်။ အမြင်သစ်နဲ့ ကြည့်တတ်လာတယ်။

စာပေလေ့လာလိုက်စားခြင်း၏ ပီတိနှင့် လှုပ်ရှားအားတက်မှုတို့က သူ့ကိုဖမ်းစားခဲ့တယ်။ အသိပညာမှ ရသော ဝမ်းမြောက်ရွှင်လန်းရမှုကား သူခံစားရဖူးသမျှထဲတွင် အကြီးမားဆုံးဖြစ်သည်ဟု သူခံယူလာတယ်။ ထို့ကြောင့် သူဟာ စာဖတ်ချိန်နဲ့ ဖတ်စရာနေရာရဖို့ အားထုတ်ရ၏။

သူနေထိုင်ရာ ကုန်ခြောက်ဆိုင် အပေါ်ထပ်ရှိ အခန်းကျဉ်းကျဉ်းလေးဟာ ဆောင်းတွင်းမှာ အင်မတန်ချမ်းစီးလှသောကြောင့် ကိုယ်မှာ စောင်တထည်ပတ်ပြီး ဆိုင်ရှင်မိန်းမကြီးက မနက်စာစားမခေါ်ခင် အချိန်အထိ ရသမျှစာတွေကို ကြုံးဖတ်၏။ ညဘက်တွင် အခန်းက အေးလွန်းသောကြောင့် သူ့အခန်းထဲမှာ စာထိုင်မဖတ်နိုင်။ ကော်ဖီဆိုင်မှာ အပေါဆုံး ကိုကိုးတခွက်ယယ်ယူပြီး ညဥ့်နက်သည်အထိ မကုန်အောင် သောက်ကာ စာထိုင်ဖတ်၏။

အဲသည့်နောက်မှာ ဘီယာချက်စက်ရုံတွင် တယ်လီဖုန်းအော်ပရေတာအဖြစ် လုပ်ကိုင်စဉ်အခါကလည်း အလုပ်အသွားအပြန် ဘတ်စ်ကားစီးချိန်များ၊ ရထားစီးချိန်များမှာ စိတ်ပညာ၏ ပထမဥပဒေသများနှင့် ချားလ်စ်ဒါဝင်၏ လူ၏မူလအစကျမ်းများကို ဖတ်ရှုနိုင်ခဲ့တယ်။

သူ့ခေါင်းထဲမှာ အတွေးအမြင် အယူအဆတွေ ပြည့်နှက်လာတယ်။ သူ့အတွေးအမြင်အယူအဆတွေကို လက်တွေ့စမ်းသပ်အကဲဖြတ်ကြည့်ရန် အခွင့်အရေးတွေ အများကြီးရလာခဲ့တယ်။ သူဟာ ဆိုရှယ်လစ်အစည်းအဝေးခန်းတွေ၊ သမဂ္ဂခန်းမတွေ၊လမ်းစုံလမ်းထောင့် ဆွေးနွေးဝိုင်းတွေမှာ စကားတက်ပြောစပြုလာတယ်။

မူလတန်းအဆင့်သာ ပညာသင်ခွင့်ရတဲ့ သူ့ခေါင်းထဲမှာ လူထုကျန်းမာရေး၊ အိုးအိမ်စာကြည့်တိုက်၊ အလုပ်သမားရေးရာများမှသည် ကျန်းမာသန့်ရှင်းမှု စစ်ဆေးရေး၊ ရေညစ်စွန့်ထုတ်ရေး၊ အမှိုက်သိမ်းစနစ်က စလို့ အများသုံး ရေခန်းချိုးကိစ္စအထိ ပြဿနာပေါင်း သောင်းခြောက်ထောင် သူ့ခေါင်းထဲမှာ တွေးတတ်လာတယ်။ ရှိလာတယ်။

ဒီလိုနဲ့သူဟာ "လေဘာ"လှုပ်ရှားမှုမှာ အဖွဲ့သားတဦးဖြစ်လာခဲ့တယ်။သူ့ကောက်နှုတ်ချက်တွေ၊ အဆိုပြုချက်တွေကို ခိုင်ခိုင်မာမာ ကာကွယ်နိုင်ဖို့ စာအုပ်စာတမ်းတွေကို သည့်ထက်တိုးပြီး အလေးအနက် ဖတ်ဖို့ လိုအပ်ကြောင်းသိလာခဲ့တယ်။

အစည်းအဝေးတွေမှာ သူ့ကို မေးခွန်းတွေ တပြုံတခေါင်းကြီး မေးမြန်းရှိကြတယ်။ တခါတရံမှာ သူ့အတွက် အလွန်အဖြေရကျပ်တဲ့ မေးခွန်းမျိုးတွေ ပါလာတတ်တယ်။ ထိုအခါမျိုးမှာ သူ့အတွက် အားကိုးစရာဟာ စာအုပ်စာပေများသာ ဖြစ်ခဲ့ရတယ်။ အံ့သြဖွယ် ကောင်းလှစွာပဲ သူဟာ စာအုပ်စာပေများ အားကိုးနဲ့ ခက်ခဲလှစွာသော မေးခွန်းပေါင်းများစွာကို ဖြေကြားနိုင်ခဲ့ပါတယ်။

တန်ဖိုးရှိလှတဲ့ အတွေ့အကြုံပေါင်းများစွာဟာ သူ့ကို လွှတ်တော်အမတ်တစ်ဦးအဖြစ် တွန်းပို့ခဲ့တယ်။ ထို့နောက်မှာတော့ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းမှာ ဗြိတိန်နိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနိုင်ခဲ့တယ်။ ပြည်တွင်းလုံခြုံရေးဌာန အကြီးအကဲအဖြစ် ချာချီ၏ စစ်ကာလအစိုးရအဖွဲ့ဝင်မှာလည်း အရေးပါသူတစ်ဦးဖြစ်ခဲ့တယ်။

အက်တလီ အစိုးရလက်ထက်(၁၉ ၄၅-၁၉ ၅၁)မှာ အောက်လွှတ်တော်ရဲ့ အာဏာရလေဘာပါတီအမတ်များ၏ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ အစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နိုင်ခဲ့ကြောင်း ဆောင်းပါးမှာ ဖေါ်ပြထားတယ်။

အဲသည့်ဆောင်းပါးကို ဖတ်လိုက်ရသည့် အချိန်မှစ၍ ကျွန်ုပ် ပျင်းချင်သည့်အခါ ထိုဆောင်းပါးကို သတိရလာသည်။ ကျွန်ုပ် လောကကြီးကို အရှုံးပေးချင်သောအခါတိုင်း ထိုဆောင်းပါးကို သတိရသည်။ လူတဦးတယောက်ရဲ့ အရည်အသွေး၊ အရည်အချင်းဆိုသည်မှာ မွေးရာပါ သဘာဝအင်အားများထက် ဖြစ်ချင်စိတ်၊ လုပ်ချင်စိတ်များ အပေါ်တွင်သာ မူတည်ကြောင်း ကျွန်ုပ်သတိပြုမိလာသည်။

" ငါက ခေတ်မီ နိုင်ငံကြီးတွေမှာ ခေတ်ပညာ မသင်ရလို့  ငါ့တိုင်းပြည်ကို ဘာမှအကျိုးမပြုနိုင်ဘူးဆိုတဲ့ အတွေးအခေါ်မျိုး၊ ငါက အင်္ဂလိပ်စာ ကောင်းကောင်းမတတ်လို့ လောကကို ဘာမှ အကျိုးမပြုနိုင်ဘူးဆိုတဲ့ အယူအဆမျိုးကို လုံးဝမထားသင့် မယူဆသင့်ပါဘူး။ ကျွန်ုပ်တို့ မြန်မာစာပေဟာလည်း ကမ္ဘာမှာ သေးသိမ် သိမ်နုတ်တဲ့ စာပေမဟုတ်ဘူးဆိုတာကို ရဲရဲကြီး ယုံကြည်စေချင်ပါတယ်။

သင့်မိသားစု၊ သင့်ပတ်ဝန်းကျင်၊ သင့်လူအဖွဲ့အစည်း၊ သင့် ရပ်ရွာ၊ သင့်တိုင်းပြည်ကို ကောင်းကျိုးလည်းပြုချင်တယ်၊ သင့်မှာလည်း ပစ္စည်းဥစ္စာ၊ အတတ်ပညာအနေနဲ့ ဘာမှမယ်မယ်ရရ မရှိသေးဘူးဆိုရင်တောင် အားမလျှောလိုက်ပါနဲ့။ သင့်ဘေးမှာ စာအုပ်တွေရှိနေပါတယ်။ ဒီနေ့ပဲ ကောက်ဖတ်လိုက်ပါ မိတ်ဆွေ။

နန္ဒာ(ဂျပန်)

ဘ၀ကို ခွန်အား ဖြစ်စေသောစာ တစ်ပုဒ် အဖြစ်..မလွတ်တမ်း ဖတ်သင့်သည်ဟု အကြံ ပြုချင်ပါသည်။
ညချစ်သူ
Share