page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, July 17, 2012

မိမဆုံးမ ဖမဆုံးမ

နိုးနိုး | 12:38 PM |
နိုးနိုး | 12:38 PM |




Best Blogger Tips
Share
ခေါင်းစဉ် .. တဆိတ်လေး ရိုင်းနေရင် ခွင့်လွှတ်ပါ။ မိမဆုံးမ ဖမဆုံးမ ..ဟူသော၊ ဝေါဟာရကို ကျမတို့ ငယ်ငယ်တည်းက မကြားဖူးသူ မရှိသလောက်ဖြစ်သည်။ သို့သော်..တကယ်တမ်း မျက်မြင်ကိုယ်တွေ့အားဖြင့်၊ ရေရေရာရာ သိသူ နည်းမည်ထင်ပါသည်။အကြမ်းအားဖြင့် ..မိုက်ရိုင်းသူ၊ အဂါရ၀ရှိသူတို့အား ခေါ်ကြသည်။ ကျမသည် မည်သို့သော အကြောင်းကံကြောင့် မသိပါ။ မိမဆုံးမ ဖမဆုံးမများ ...များစွာ ..များစွာ တွေ့ခဲ့ဖူးပါ၏။ (၁) ကျမ (၇)တန်းလောက်ကဖြစ်သည်။ အဖေ့မိတ်ဆွေအိမ်ကို အလည်သွား၏။ အဖေက သူတို့အိမ်မှာ ကျမကို အပ်ခဲ့ကာ၊ အလုပ်ကိစ္စတစ်ခုဖြင့် အပြင်ထွက်သွားသည်။ ထိုအိမ်တွင် အိမ်ရှင်လင်မယား နှင့် သမီး နှစ် ယောက်နေ၏။ သမီးကြီးက အသက် သုံးဆယ်ဝန်းကျင်ခန့်၊ သမီးငယ်က နှစ်ဆယ့်ငါးနှစ် ၀န်းကျင်။ သူတို့မိဘနှစ်ပါးတွင် ဖခင်ဖြစ်သူက အချိန်ပြည့်အရက်သောက်လေ့ရှိပြီး၊ မိခင်ဖြစ်သူက ဘူတာရုံတွင် ဈေးသည်ဟုဆိုသည်။ သူတို့သမီးအကြီးက ကျမအဖေ၏ရုံးက စာရေးမဖြစ်သည်။ ညီအစ်မနှစ်ယောက်စလုံးချောကြလှကြပါပေ၏။အကြီးမက ညိုညိုချောချော၊ အငယ်မက ဖြူဖြူသန့်သန့် လေး ဖြစ်သည်။ သူတို့၏ မိခင်သည် နှုတ်အလွန်ကြမ်း၏။ ကျမ အဲဒီ့အိမ်သို့ ခဏရောက်စဉ်တွင် အိမ်တွင် အရက်သမားသမား သူတို့အဖေကိုမတွေ့ရ။ သူတို့မိခင်က ပါးစပ်မှ ရင့်သီးကြမ်းတမ်းသော စကားလုံးများကို အဆက်မပြတ်ထွက်နေသည်။ အငယ်မက အစ်မဖြစ်သူကိုနင်တစ်လုံး ငါတစ်လုံးနှင့် ပြောဆို ငြင်းခုန်နေသည်။ ကျမက ကလေးသာသာမျှမို့ ..ရေရေရာရာ နားမလည်။ သေချာတာက သူတို့လိုလေသံမျိုးနှင့် အိမ်မှာ ပြောဆိုပါလျှင် အရိုက်ခံရမည် အဆူခံရမည်ဆိုတာတော့ သိသည်။ ကျမ ဖေဖေက စကားကြမ်းကြမ်းပြောတာဆဲဆိုအော်ဟစ်တာကို လုံးဝမကြိုက်။သူတို့မိခင်ကတော့ သူလည်းဆဲ၊ ညီအစ်မနှစ်ယောက်လည်း ဆဲနေသည်ကို မကြားသလိုနေပြီး ..တစ်ခွန်းမျှ ဟန့်တားခြင်းမရှိ။ ခဏနေတော့ ..သူတို့ ဖခင် ပြန်ရောက်လာသည်။
လူက မည်းမည်း သေးသေးညှက်ညှက်။ ခြေလှမ်းတွေက ဒယိမ်းဒယိုင် ....။အိမ်ထဲဝင်ဝင်ချင်း .. သူ့သမီးအကြီးကို .. မကြားဝံမနာသာ စကားတစ်ခုနှင့်ဆဲကာ ရေခပ်ခိုင်း၏။ သမီးဖြစ်သူက လှည့်မကြည့်။ သူ့ကိုပြောတာမဟုတ်သလို မျက်နှာပေးနှင့် ..။ အဖိုးကြီးက ထပ်ဆဲသည်။ ဒီတစ်ခါကျတော့ .. သူတို့မိခင်က မနေ။ ရှင့်ပါးစပ်ပေါက်ကို ပိတ်ထားလိုက်စမ်း ..ဟု၊ လှမ်းအော်သည်။ အရက်သမားဖြစ်သူက သူ့ကိုပါ ဆဲတော့သည်။ သမီးအကြီးက .. အဖေမျက်နှာကို လှမ်းကြည့်ကာ တစ်ခွန်းလှမ်းအော်၏။ ဟဲ့အကောင် ..နင်ေ-ာက်ပါးစပ်ကို ပိတ်လို့ ပြောနေတယ်လေ ......တဲ့။ ကျမ နားထဲမှာ ဒိန်းကနဲဖြစ်သွားသည်။ အဖေနှင့်သမီးမှ ဟုတ်ပါလေစ ....။ အဖေဖြစ်သူကလည်း..အပြန်အလှန်ဆဲသည်။ရိုင်းစိုင်းအောက်တန်းကျသော စကားလုံးများသည် ထိုတိုက်ခန်းအတွင်းမှာ ပဲ့တင်ထပ်နေ၏။ တိုက်ပွဲက ပြင်းသည်ထက်ပြင်းလာသည်။အမေဖြစ်သူက သူ့ယောကျာ်းကို ဟင်းချက်နေသည့် လက်ထဲက ယောက်မဖြင့် ပြေးရိုက်သည်။ သမီးတွေက ၀င်မဆွဲ ..။ အမေနှင့်အဖေ၏ ရန်ပွဲကို အရပ်ထဲက ခွေးကိုက်ပွဲလို သူတို့ပါ ၀င်နွှဲကြသည်။ ဆဲဆိုနေသော အဖေဖြစ်သူကို .. အငယ်မက လှမ်းပြောပြန်သည်။ ငါတို့ကို ဆက်ဆဲနေမယ်ဆို ..နင့်ခေါင်းကို ထမီနဲ့လာ အုပ်လိုက်မယ် ......တဲ့။ လာရဲလာကြည့်လေ ..ဟု၊ အာလေးလျှာလေးနှင့် သူတို့ဖခင်က ပြန်တုံ့ပြန်သည်။ အကြီးမက (ကန်တော့ပါရဲ့) ထမီကို မကာ ..အဖေဖြစ်သူဆီ ပြေးသွား၏။ ကျမ မျက်နှာလွှဲလိုက်ပါသည်။ကိုယ်နှင့်မဆိုင်သော်ငြား .. ကျမ တစ်သက် ထိုအိမ်ကို နောက်ထပ်အလည် မသွားဖြစ်တော့ပါ ...။ (၂) ဆေးခန်းမှာလည်း အာဝါဒါးတွေ ပြည့်နေတာပဲ ....။ ထိုစကားကိုကြားလိုက်ရသည်က ရန်ကုန်မြို့လယ်ခေါင်ရှိ .. အရိုးအကြောတရုတ်ဆေးဆရာ တစ်ယောက်၏ ဆေးကုခန်းတွင် ဖြစ်သည်။ ပြောသူ အမျိုးသမီးဆီမှ နှုတ်မှထွက်သော စကားနှင့် မလိုက်ဖက်သော ..သင်းပျံ့နေသည့် အကောင်းစားရေမွှေးနံ့ကိုရသည်။ ထိုဆေးခန်းတွင် ဆေးဆရာက ဆင်းရဲသူ လူနာများကို ငွေတစ်ထောင်ထက်မပိုသောနှုန်းဖြင့်..ကုသပေးနေသည်ကို ဆေးခန်းလာသူ အားလုံးသိကြပါ၏။ အလွှာစုံ အဆင့်တန်းစုံမှ လူများ တစ်နေ့တစ်နေ့ ရာနဲ့ချီပြီး ကုသပေးနေရသော နေရာဖြစ်သည်။ ဒလဘက်ကမ်းမှ လက်ကျိုးလာသော ကလေးမလေးတစ်ယောက်က အဖေဖြစ်သူကို ဖက်တွယ်ကာ .. ငိုမဲ့မဲ့ ..မျက်နှာလေးနှင့် သူ့အလှည့်ကို စောင့်နေရှာ၏။ တုံကင်နံပါတ်က သူ့အလှည့်ရောက်ဖို့ ဘယ်လောက်မှမလိုတော့။ ခုနက အမျိုးသမီးတွင်လည်း ..ကလေးငယ် တစ်ယောက် ပါသည်။ ဒလမှကလေးမနှင့် မတိမ်းမယိမ်း။ သူတို့အလှည့်က ဒလမှ ကလေးမလေးပြီးရင် ရောက်ပြီဖြစ်သည်။အိမ်ရှေ့တွင် သူတို့ကားကို ရပ်ထား၏။ ကားပေါ်မှ အဖိုးကြီး တစ်ယောက်ကလှမ်းအော်သည်။ သမီး နင်တို့အလှည့်မရောက်သေးဘူးလား ..တဲ့။ သူ့သမီးက ခေါင်းခါပြရင်း ပါးစပ်မှလည်း အထက်ပါအတိုင်း မကျေမချမ်းရေရွတ်လေသည်။ ဆရာ ..ကျမသားလေး ဂျွမ်းထိုးရင်း လက်နာသွားလို့ ကြည့်ပေးပါဦး။ ကိုယ့်အလှည့်မရောက်သေးတာ သိသိကြီးနဲ့ ဆရာဖြစ်သူကို လှမ်း စောဒက တက်သည်။ ဆရာက တုံကင်အလှည့်ရောက်ရင် ခေါ်မယ် ..ဟု၊ အေးဆေးစွာပြန်ပြော၏။ စိတ်မရှည်သည့် အမူအယာဖြင့်၊ မျက်မှောင်ကုတ်လိုက်သည်ကို တွေ့ရသည်။ သူ့သားလေးက ၀င်လိုက်ထွက်လိုက်နှင့် ဆော့ကစားနေ၏။ ကျမ အမှတ်တမဲ့အကြည့်ရောက်သွားသည်က သူတို့သားအမိရပ်နေသော နေရာ။ ဖိနပ်ချွတ်ရသော နေရာမို့လို့ ဆေးခန်းဝမှာ ဖိနပ်တွေ တန်းစီနေ၏။ ရာဘာဖိနပ်လည်းပါသည်။ ပိန်းတန်းဖိနပ်လည်းပါသည်။ သူတို့သားအမိက သူများတွေလို ဖိနပ်လုံးဝမချွတ်ဘဲ .. သူတစ်ပါးတို့ ချွတ်ထားသည့် ဖိနပ်များပေါ်မှာ နင်း ကာ မတ်တပ်ရပ်နေ၏။ သူတို့ဖိနပ်မှ သဲတွေ အညစ်အကြေးတွေက သူများဖိနပ်ခေါင်ပေါ်မှာ ပေရေလို့ နေသည်။ ကားပေါ်မှ အဖေဖြစ်သူကလည်း ကြာရကောင်းလား စိတ်တိုနေ၏။ ဆင်းရဲချို့တဲ့သူ လူနာများကို အထင်သေးစွာကြည့်ရင်း၊ ကားပေါ်မှာ အထက်စီးမှ စံမြန်းနေ၏။ သမီးဖြစ်သူ ကလေးအမေကလည်း သူများဖိနပ်တွေပေါ်မှာ ခေါင်းမော့ ရင်ကော့ ရပ်နေပြီးအလိုမကျစွာ မျက်မှောင်ကုတ်ထား၏။ တုံကင်နံပါတ်နောက်တစ်ခုခေါ်သံကြားသည်။ သားအမိနှစ်ယောက်က ကျမ မထင်ထားသော အပြုအမူကို ရက်စက်စွာပြုလိုက်၏။ ဒလမှ ကလေးမနှင့် သူ့မိဘများကို ကိုယ်လုံးနှင့်တိုက်ကာ သူ့သားကို လက်တစ်ဖက်ကဆွဲလျက်ဆရာ့ရှေ့ကို အတင်းဝင်ထိုင်ပြီး ..ကျမတို့ကားရပ်ထားရတာကြာပြီ ဆရာ။ သားလေးကို အရင်ကြည့်ပေးပါတဲ့။ ဆရာက စောင့်လက်စနှင့် လက်ကျိုးသော လူနာကို အရင်ကြည့်မည်ဟု၊ အကျိုးအကြောင်းပြောလေသည်။ အမျိုးသမီးမျက်နှာမှာ ညိုမှောင်လျက် ..ချက်ခြင်းပင် ဆတ်ကနဲ လှည့်ထွက်ကာ၊ ကားပေါ်တက် သွား၏။ သူ့အဖေဖြစ်သူကလည်း ဆေးဆရာကိုရော၊ ဆေးခန်းရှိလူနာများကို မကြားတကြားဆဲသည်။ လူဆင်းရဲတို့၏ ရာဘာဖိနပ် ကတ္တီပါဖိနပ်များပေါ်တွင်ဒေါက်ဖိနပ်မှ အညစ်အကြေး သဲရွှံ့တို့ ပေ ..ကျန်နေ၏။ (၃) ဟေးးးးးးကနဲ ..အော်သံနှင့်အတူ၊ သူတို့ တစ်အုပ်စုလုံး မိသားစုတစ်စုလုံး အမှိုက်ပုံးကြီးကို မွှေကြသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ..အစရှိသဖြင့် ရေးထားသည့် အမှိုက်ပုံးကြီးကို တွန်းလာသူက အဖေနှင့်အမေဖြစ်ဟန်တူ၏။ အမှိုက်ပုံးထဲမှ ထီး၊ဖိနပ် အပါအ၀င် ကလေးကစားစရာတချို့ လည်း ပါလာသည်။ လုကြယက်ကြ ...တိုးကြဝှေ့ကြ။ ထိုအထဲမှာမှ အသက်မတိမ်းမယိမ်း ကလေး၂ယောက်က ဘတ်တံတစ်စုံကို တွေ့သွားကြ သည်။ အားရ၀မ်းသာနှင့် တစ်ယောက်တစ်ခု ယူကာ၊ ကြက်တောင်ရိုက်မယ်ဟု၊ အော်ကြသည်။ ခက်တာက သူတို့မှာ ရိုက်စရာကြက်တောင်မရှိ။ ထိုအခါ ကလေးတစ်ယောက် လမ်းဘေးမှ ကျောက်စရစ်ခဲတစ်ခဲကို ပြေးကောက်သည်။ ကျောက်စရစ်ခဲ ခပ်ရွယ်ရွယ်ကို ဘတ်တံပေါ်တင်လျှက် ဟိုဘက် သည်ဘက်ရိုက်ကြ၏။ ဘာဖြစ်လာနိုင်သည်ဆိုတာ မှန်းကြည့်နိုင်ပါသည်။ လူတွေထိ သည်။ အနားမှာရပ်ထားသော တက္ကစီကို ထိသည်။ ထိုသို့ ကလေးတွေဖြစ်ချင်တိုင်းဖြစ်နေမှုအပေါ် မိဘများက စိတ်ဝင်စားဟန်မပြ။ သူတို့နှင့်မဆိုင်သည့်အလား။ သူတို့ပဲမမွေးထားသလို .. သူတို့ကိုယ်တိုင်လည်း အမှိုက်ပုံးထဲမှ ရတနာသိုက် ကိုသာ စူးစိုက်နေကြ၏။ အမြင်မတော်တဲ့သူတချို့က ဟန့်တားလိုသဖြင့်ပြောဆိုတော့မှ၊အဖေဖြစ်သူ ဘုကြည့်လှည့်ကြည့်ရင်း ကလေးတွေကို တစ်ချက်လှမ်းကြည့်သည်။ ထိရောက်သော ဟန့်တားမှုမျိုး လုံးဝမလုပ်။ ကျမက ဒီဘက် ပလပ်ဖောင်းပေါ်မှ သူတို့ပြုမူလှုပ်ရှားမှုများကို ဓာတ်ပုံရိုက်ဖြစ်ခဲ့သည်။ စာတစ်ပုဒ်ရေးဖို့ အဲဒီ့အချိန်ကတည်းက စိတ်ကူးဖြစ်ခဲ့သည်။ အထက်ပါ ဖြစ်ရပ် သုံးခုသည်၊ ပေါ့ပေါ့လေးတွေးလျှင် ဖြစ်လေ့ဖြစ်ထဟု၊ အရေးမကြီးသလို ယူဆနိုင်သော်လည်း၊ တကယ်လေးလေးနက်နက် စဉ်းစားကြည့်ပါက .. အလွန်ကြောက်စရာကောင်းသည် ဟု၊ ကျမ တွေးမိပါသည်။ အလားတူ ကိစ္စရပ်တွေလည်းများစွာ ကြုံခဲ့ဖူးပါ၏။ အဂါရ၀ ကြီးစိုးလာသော ခေတ်တွင်၊ လူကြီးရှေ့ကခေါင်းငုံ့သွားရမည်ကို မသိကြချိန်တွင် ၊ နောင်အနာဂတ်မှာအလွှာစုံမှ နေပြီး အခုလို မိမဆုံးမ ဖမဆုံးမလေးများများပြားလာလျှင် ...........။ အပေါ်ဆုံးမ မိသားစုသည် သာမာန်မိသားစု လူလတ်တန်းစားဖြစ်သည်။ ကျမတို့နှင့် ရင်းနှီး ကျွမ်းဝင်သည်။ ထို့ကြောင့် သူတို့၏ ဇာတ်သိမ်းများကိုလည်း ပြန်ကြားခဲ့ရ၏။ အဖေကို ထမီနှင့်အုပ်သော သမီးကြီးဖြစ်သူသည် အိမ်ထောင်အကျမတော်ဖြစ်ပြီး အရက်သမား မယားဖြစ်ကာ သမီးလေးနှစ် ယောက်နှင့် ဒုက္ခပင်လယ်ဝေနေ၏။ အငယ်မက ..ခရီးသွားရင်း ကားမှောက်ကာ အသေဆိုးနှင့် သေသွားသည်။ အမေဖြစ်သူက နှစ်လုံးအမှုနှင့် ထောင်ကျသည်။ အဖေအရက်သမားကတော့ ကွယ်လွန်ရှာခဲ့ပြီ ..။ အနေမတတ်သဖြင့် .. အသေလည်း မမြတ်ခဲ့ကြ ...။ မိဘကလည်း ကိုယ်တိုင်မှား ..၊ သားသမီး မှားနေတာကိုလည်း မပြုပြင်သဖြင့် .. မိသားစုတစ်ခုလုံး ဘ၀တစ်ခုသာမက သံသရာပါ အမှားဝဲဂယက်မှာ လည်ကြတော့မည်။ ဒုတိယမိသားစုသည် လူကုံထံများ ဖြစ်ကြသည်။ ငွေကြေးအရှိန်အ၀ါ ဂုဏ်သိမ်ဥစ္စာကြောင့် မောက်မာကြသည်။ သူတို့ဘယ်လိုနေကြသည်၊ အသက်ရှင်နေကြသေးသည် ကျမ မသိပါ။ သို့သော်လည်း ... လူ့တန်ဖိုးအစစ်ကို နားလည်သူများကြားဝယ် သူတို့အတွက်နေရာရှိလိမ့်မည်ဟု၊ ကျမတော့ မထင်ခဲ့။ ရေပေါ်ဆီအလွှာတစ်ခုမှာတော့ သူတို့ လူရာဝင်ကောင်းဝင်ပါလိမ့်မည်။ သို့သော် ..သူတို့သည်လည်း .....။ တတိယမိသားစုကတော့ ဆိုဖွယ်မရှိ။ ဒီပုံစံအတိုင်းဆိုလျှင်၊ သူတို့ဘ၀၏ အနာဂတ်သည် မှေးမှိန်ပျပျ ..။ မည်သို့ပင် ဖြစ်စေ .... ကျမသည် အလွှာစုံမှ လူတန်းစားများအားလုံးကို ဘ၀ပေးကြောင့် မည်သည့် အနေအထားမျိုးမှာပဲနေရသည်ဖြစ်စေ ..မိဘကလည်း မိဘ၀တ္တရားကျေ၊ သားသမီးကလည်း သားသမီး ၀တ္တရားကျေပြီး ..မည်သူ့အတွက်မှ မဟုတ်သည့်တိုင်ကိုယ့်ကိုယ်ကို တန်ဖိုးထားနိုင်သည့် လိပ်ပြာသန့်စွာ အသက်ရှင်နိုင်သည့် လူပီသသည့် လူများ .. ဖြစ်စေချင်ပါသည်။ အမိယုတ်တော့နှုတ်ကြမ်း ..အဖယုတ်တော့ ကိုယ်ကြမ်း ဆိုသည့် ..အတိုင်း၊ သားသမီးတို့၏ အပြုအမူအနေအထိုင်များသည် ကိုယ်နှင့်အများကြီးသက်ဆိုင်သည်ကို သတိချပ်စေချင်မိ၏။ မွေးကတည်းက မိဘနှင့်မနေရသူများလည်း ကိုယ်နှင့်နေထိုင်သော သူစိမ်းဖြစ်စေ ဆွေမျိုးဖြစ်စေ မိဘသာဖြစ်သည်ဟု၊ ယူဆစေချင်ပါသည်။ ဒီစာလေးကို ရေးဖြစ်သည့် ကျမသည်လည်း ငယ်ငယ်တည်းက မိစုံဖစုံနှင့်နေလိုက်ရချိန် နည်းခဲ့ပါသည်။ သို့သော်လည်း ..ကျမနှင့် အတူနေရခဲ့ရသည့် အချိန်တိုလေးအတွင်းမှ အမေ၏ ဆုံးမစကား။ အဖိုးအဖွားတို့၏ ဆုံးမစကားကို ကျမ ရင်ထဲအမြဲထည့်ခဲ့၏။ ကျမမဟုတ်တာ တစ်ခုခု လုပ်မိတိုင်း .. ကျမတစ်ယောက်တည်းကို ထိခိုက်မည်မဟုတ်ဘဲ၊ မိဘဖိုးဖွားများ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်နိုင်သည်ဟု၊ ကျမ တွေးဖြစ်ခဲ့သည်။ ထို့ကြောင့် .. ကျမ ဘ၀မှာ ဆုံးရှုံးနစ်နာမှုတွေ ရခဲ့ဖူးပါသည်။ ငဲ့ညှာသနားတတ်မှုကြောင့် နောက်ချန်ကျန်နေခဲ့ရဖူးပါသည်။ သည်းခံအလျှော့ပေးမှု၊ ထောက်ထားမှုတို့ကြောင့် .. နေရာမရဖြစ်ခဲ့ရ ဖူးပါသည်။ ရယ်စရာအနေနှင့်ပြောလျှင် ဘတ်စ်ကားပေါ်တောင်မှကျမ လုတက်သည့်အကျင့်မရှိပါ။ အတင်းတိုးဝှေ့တက်နေသူများကို အရင်ပေးတက်လိုက်ပါသည်။ နောက်ဆုံးမှ ကျမတက်သည်။ အဲဒီ့အတွက် ထိုင်စရာမရလျှင် ကျမ မထိုင်ပါ။ ထိုင်စရာရသော်လည်း လူကြီးသူမများတက်လာလျှင် ချက်ချင်း ထပေးလိုက်ပါသည်။ ကျမ အခုလို လုပ်နေသည့်လုပ်ရပ်များသည် ကျမကိုယ်တိုင်အတွက်ဆိုသည်ထက်၊ ကျမ မိဘများအတွက် ဖြစ်ပါသည်။ ကျမကို တစ်စုံတစ်ယောက် ချီးမွမ်းလာတိုင်း ကျမ မိဘတွေကို ကျမ ရည်ညွှန်းလေ့ရှိသည်။ အခုလို ဖြစ်လာရခြင်းမှာ .. ကျမ ငယ်ငယ်က တွေ့ကြုံခဲ့ဖူးသော အထက်ပါ ဖြစ်ရပ်များ၏ ကျေးဇူးလည်း မကင်းပါ။ ကျမ ..မိမဆုံးမ ဖမဆုံးမဟု၊ အပြောခံရမှာ ကြောက်ပါသည်။ ကျမ အချိန်တန်သောအခါ မိသားစုဘ၀နှင့် သားသမီးများရလာလျှင်လည်း ...ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ..ဘ၀ကို တန်ဖိုးရှိစွာ ဖြတ်သန်း ရင်ဆိုင်နိုင်သော သားသမီးလေးများအဖြစ်နေထိုင်နိုင်အောင်သွန်သင်ဦးမည်ဖြစ်၏။ ကျမ ရေးသည့်စာတွင် အမှားတစ်စုံတရာပါခဲ့ပါလျှင် .. ကျမ၏ ညံ့ဖျင်းနုံချာမှုဟု၊ မှတ်ယူပြီး သူတော်ကောင်းနှလုံးသားနှင့် ခွင့်လွှတ်နိုင်ပါစေ ..။ ကျမ၏ ပတ်ဝန်းကျင်လေးထဲက ကြုံတွေ့လာရသော အမြင်တစ်စိတ်တစ်ဒေသလေးတွေကို ကြိုးစားရေးသားပါဦးမည်။ စာဖတ်သူများ ငြိမ်းချမ်းပါစေ ...။ နန်းအသင်္ခယာ Share

No comments: