page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, July 8, 2012

ဖိုးသူတော်ကြီး ပြောသောပုံပြင်များ နှင့်  ကျန်တော်ဧ။် စပ်မိစပ်ရာ အတွေးများ (၁)

ညချစ်သူ | 2:48 AM |
ညချစ်သူ | 2:48 AM |




Best Blogger Tips
Share

“ဘ၀မှာ ကျွန်တော်တို့ ဘာတွေကို တည်ဆောက် နေခဲ့ ကြပါလိမ့်…”


တစ်ခါတုန်းက
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ခက်တာက သူတို့နေတဲ့အိမ်မှာ ချက်ပြုတ် စားသောက်ဖို့ မီးဖိုတစ်လုံးမှ မရှိဘူး။ ဒါကြောင့် သိပ္ပံပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကြရင် ဟိုအိမ်ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစား ရတယ်ဆိုပဲ။
တစ်နေ့လဲမဟုတ်၊ နှစ်နေ့လဲမဟုတ် နေ့တိုင်းနေ့တိုင်း မနက်စာတောင်းလိုက် ညစာတောင်းလိုက်နဲ့ ဆိုတော့ ပေးရတဲ့ အိမ်တွေကလဲ ငြိုငြင်လာတယ်။
“ခင်ဗျားတို့ကလည်းဗျာ၊ တစ်သက်လုံး ဒီလိုပဲ တောင်းစား နေတော့မှာလား။ ကိုယ့်ဖါသာ ကိုယ်လည်း ချက်စားကြ ဦးမှပေါ့”
“ချက်တော့ ချက်စားချင်ပါတယ်ဗျာ။ ဒါပေမဲ့ မီးဖို မရှိလို့ပါ”
“မီးဖိုမရှိရင် ၀ယ်ပေါ့ဗျ။ ဒါမှမဟုတ် ခင်ဗျားတို့လဲ သိပ္ပံပညာရှင် တွေပဲ… ကိုယ့်ဖါသာကိုယ် မီးဖိုလေးတစ်လုံး တောင် ဖြစ်အောင် မလုပ်တတ် ကြဘူးလား”
ဒီလို အပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီး…
“ငါတို့ အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ” လို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောက် ကြမယ်ပေါ့။ ဒီလိုနဲက အားလုံးသဘောတူ လိုက်ကြတယ်။
အဲဒါနဲ့… မီးဖိုကြီးတစ်လုံး စပြီး တည်ဆောက် ဖြစ်ကြရော ဆိုပါတော့ …။
မီးဖိုကြီး မပြီးခင်မှာ ပညာရှင်တစ်ယောက်က အကြံတစ်ခုရလာတယ်။
“ကျုပ်တို့ လုပ်တဲ့ မီးဖိုက သိပ်ပြီး ကြီးနေတော့ တစ်နေရာက တစ်နေရာကို ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား”
အဲဒီ အကြံကြောင့် မီးဖိုအောက်မှာ ဘီးတွေ တပ်ဖြစ်သွားတယ်။ အဲဒီမှာတင် နောက်တစ်ယောက်က
“ဘီးတွေကြီးပဲရှိရင် ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီး ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား”
ဒါနဲ့ပဲ… မီးဖိုမှာ အင်ဂျင်တွေ စက်တွေ တပ်ဆင်လိုက်ကြတယ်။ တတိယ သိပ္ပံပညာရှင်က…
“စက်လဲ တတ်ပြီးပြီ၊ ဘီးတွေလဲ ရှိပြီ၊ မောင်းလို့လဲ ရနေပြီဆိုတော့… တစ်ခါတည်း လူတွေပါ လိုက်စီးလို့ ရအောင် လုပ်ကြစို့” လို့ အကြံပေးတယ်။

ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ ရတဲ့ ယာဉ်ကြီး ဖြစ်သွားရော။
သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခု ဆောက်နေတယ် ကြားလို့ လာကြည့်ကြတဲ့ လူတစ်ယောက်က အဲဒီမီးဖိုကိုလည်း မြင်ရော ရင်သပ်ရှုမော ဖြစ်သွားပြီး…
“အို… အံမခန်း လက်ရာပဲ”
လို့ ချီးကျူးတယ်။ အဲဒီလူက စပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူ မှန်သမျှ မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါလေရော… တဲ့။
ကြည့်တဲ့သူတိုင်း ကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံ ကြားလေလေ သိပ္ပံပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရ လာလေလေ… သူတို့ လက်စွမ်းပြ ချင်လာလေလေ ပေါ့။
ဒါနဲ့ သိပ္ပံပညာရှင် တစ်ယောက်က မီးဖိုကြီးမှာ နောက်တွဲ တပ်ပြီး ရေချိုးခန်း၊ ဧည့်ခန်းတွေ၊ အိမ်သာတွေ ကိုပါ အလိုအလျှောက် စနစ်နဲ့ ဖွဲစည်း ပြောင်းလဲ လို့ရအောင် တပ်ဆင်လိုက်တယ်။
နောက်တစ်ယောက်ကတော့ လေဖိအားသုံး စနစ်နဲ့ မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင် လုပ်တယ်။ မီးဖိုကြီးက မိုးလေ၀သ အခြေအနေကိုလည်း တိုင်းတာပေး နိုင်တယ်။
တတိယသိပ္ပံပညာရှင် ကတော့ မီးဖိုကြီး အတွင်းမှာ ကွန်ပြူတာ တစ်လုံး တပ်ဆင်လိုက်တယ်။ သိချင်တဲ့ ပြသနာ မှန်သမျှကို အဲဒီ ကွန်ပြူတာ ဖြေရှင်းပေးနိုင်တယ် ဆိုပဲ။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက မွေးနေ့သက္ကရာဇ်ကို စာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲ ထည့်လိုက်ရင် ကွန်ပြူတာက ဗေဒင် ဟောပေးတယ်… တဲ့။
လူတွေက မီးဖိုကြီးရဲ့ ဗေဒင်ဟာ သိပ်မှန်တာပဲ လို့ချီးမွမ်းကြတယ်။
နောက်ဆုံးတော့ မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာ အထူးခြား အဆန်းသစ်ဆုံး အပြည့်အစုံဆုံး မီးဖိုကြီးပါ။ ချွတ်ယွင်းချက်လေး တစ်ခုပဲ ရှိတယ်။
အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး…တဲ့။
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေ၊ ဟင်းတွေ လိုက်တောင်းစား နေရတာပါပဲတဲ့။
ကျွန်တော်ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး လျှောက်စဉ်းစား နေမိတယ်။
“ဘ၀မှာ ကျွန်တော်တို့ ဘာတွေကို တည်ဆောက် နေခဲ့ ကြပါလိမ့်…” လို့။
ကျွန်တော်လည်း စဉ်းစားမိတယ်။အချစ်ကို လိုချင်ပါတယ်- ဆိုပြီးချစ်ခြင်းမေတ္တာကို တည်ဆောက်ခဲ့ပါသလား။ချစ်ခြင်း မေတ္တာကို ဗန်းပြ အမည်တပ်ပြီး အပိုစာသားတွေပဲ တည်ဆောက်ခဲ့ ပါသလား။

အောင်မြင်မှုကို လိုချင်ပါတယ်ဆိုပြီး – အောင်မြင်မှုနောက်ကိုလျှောက်လှမ်
းခဲ့ပါသလား။အောင်မြင်မှုအတွက် လို့  ခေါင်းစဉ်တပ်ပြီး အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ခဲ့ပါသလား။

ကျေးဇူးတင်ပါတယ် ဆိုပြီး ကျေးဇူးဆပ်ခဲ့ပါသလား။ ကျေးဇူးပါပဲစကားကိုထည်လဲသုံးပြီးတစ်ရစ်ပြီးတစ်ရစ်စားသုံးခြင်း သာပြုခဲ့ပါသလား။

ကျွန်တော်တို့တစ်တွေ တစ်ခုခုတော့ လုပ်တော့လုပ်နေကြတာပါပဲ။ (ဘာတွေမှန်းသာ မသိတာ)။ ပုံပြင်ထဲကသိပ္ပံပညာ ရှင်ကြီးတွေလို နားရတယ်လို့မရှိဘူး တကုပ်ကုပ်နဲ့ လုပ်နေရတယ်။

တည်ဆောက်ရင်း တည်ဆောက်ရင်း  ဘေးနားက မြှောက်ပြောတဲ့အခါ ၊ ခြောက်ပြောတဲ့အခါ –အပိုစာသားတွေ ထပ် ကာထပ်ကာထည့်ရင်း.... ကျွန်တော်တို့ တည်ဆောက်နေတဲ့ မီးဖိုကြီးဟာ မီးမွှေးလို့ ရနေပြီလား။


ဒီတစ်ခါ ဖိုးသူတော်ကြီး ပြောပြတာကတော့ " ချမ်း " လို့ခေါ်တဲ့နတ်ကလေးတစ်ကောင်အကြောင်းပါ။ နတ်ဖြစ်လျက်သားနဲ့ " နတ်တစ်ပါး " လို့မသုံးနှုံးဘဲ " နတ်တစ်ကောင် " လို့ ဘာကြောင့် ပြောရတာလဲ ဆိုတာမေးစရာရှိပါတယ်။ အဲဒီ " ချမ်း " ဆိုတဲ့နတ်က သည့်ပြင်နတ်တွေလို ပေမီဒေါက်မီ မဟုတ်ဘူး။ နောက်ထပ်ပြောစရာတစ်ခုရှိတာက အဲဒီ " ချမ်း " လို့ခေါ်တဲ့နတ်ကလေးက လူရှုပ်၊ လူနောက်ကလေး။ အဲလေ......နတ်ရှုပ် နတ်နောက်ကလေး ဆိုပါတော့။ သူများကို ပြောင်တတ်တယ်၊ ချောက်တွန်းတတ် တယ်။ ပြီးရင်သူ့ဘာသာသူ ပျော်ရွှင်နေတာ။ ဗြိတိသျှ အင်ဆိုက်ကလို ပီးဒီးယား စာအုပ်ထဲမှာတော့ " ချမ်း " ဆိုတာ မိစ္ဆာကောင် အသေးစားတစ်ကောင်ရဲ့ နာမည်လို့ ဖော်ပြထားတာ ဖတ်ဖူးတယ်။ ဒါပေမယ့်........ဟောဒီဖိုးသူတော်ကြီးရဲ့ပုံပြင်ထဲမှာတော့ သူဟာ မိစ္ဆာကောင်လေး မဟုတ်ပါဘူး။ လူတွေကိုလည်း ဒုက္ခမပေးတတ်ပါဘူး။ အင်မတန် ကူညီချင်တတ်တဲ့၊ စိတ်ကောင်းရှိတဲ့ နတ်ကလေးပါ။ တစ်နေ့တော့ " ချမ်း " ဟာဒုက္ခရောက်နေတဲ့ လူတွေကိုကူညီဖို့ခရီးထွက်လာခဲ့သတဲ့။ လမ်းမှာ ရွှံနွံအိုင်ထဲ နစ်နေတဲ့လှည်းတစ်စီးကိုတွေ့လိုက်ရတော့ " ချမ်း " ဟာကိုယ်ယောင်ဖျောက်ပြီး အနားကပ်ကြည့်လိုက် တယ်။ လှည်းသမားက သနားစရာပါ။ အသက်အရွယ်ကလည်း ကြီးလှပြီ။လှည်းကလည်း အိုလှပြီ။ နွားနှစ်ကောင်ကလည်း ပိန်ချုံး ချည့်နဲ့လို့။ အရိုးပေါ်အရေတင် ဖြစ်နေတာကိုး။ ရွှံနွံထဲမှာလှည်းဘီးက ပုံတောင်းထိအောင်နစ်နေတယ်။ လှည်းသမား အဘိုးအိုကြီးကတော့ သစ်ပင်ရိပ်အောက်မှာစိတ်ပျက်လက်ပျက် ထိုင်နေလေရဲ့။ သူ့ရဲ့ ပြာမွဲမွဲ မျက်ဝန်းတွေထဲမှာတော့ အရာရာကို လက်လျှော့အရှုံးပေးထားတဲ့ အရိပ်တွေဟာ င်္သချိုင်းတစ်ခုလို တိတ် တိတ်ဆိတ်ဆိတ်နဲ့ ခြောက်လှန့်နေပေတယ်။ နွားနှစ်ကောင်ကတော့ သနားစရာကောင်းပါတယ်။ဘယ်လိုမှရုန်းနိုင်တဲ့ ခွန်အားမရှိတော့တာ မြင်ရုံနဲ့ သိသာနေတာကိုး။ နွားတွေကရုန်းဖို့လည်း မကြိုးစားပါဘူးလေ။ သည်လိုပဲ လှုပ်တုပ်လှုပ်တုပ်နဲ့။ လှည်းကရွေ့ကိုမရွေ့ဘူး။ နတ်ကလေး " ချမ်း " ဟာအဲဒီမြင်ကွင်းကို ကြည့်ပြီးသိပ်သနားသွားတယ်။ စိတ်ပျက်လက်ပျက် ထိုင်နေ တဲ့ လှည်းသမား အဘိုးအိုကိုအရမ်းကူညီချင်လာတာပေါ့။ ဒါနဲ့ပဲ နတ်ကလေး " ချမ်း " ဟာသူ့ကိုယ်သူ နွားဆိုးကြီးတစ်ကောင်ယောင် ဖန်ဆင်းလိုက်တယ်။ တကယ့် အားကောင်း မောင်းသန်နွားထွားထွား ကျိုင်းကျိုင်းကြီးပေါ့လေ။ ပြီးတော့ ... လှည်းသမားကြီးရဲ့ အနားတရစ်ဝဲ၀ဲ သွားပြီးဟိုအရွက် စားသလို၊ သည်မြက်စားသလိုနဲ့ ကိုယ်ဟန်ပြလိုက်တယ်။ လှည်းသမားကြီးက “ ချမ်း ” ကိုလည်း မြင်ရော ၀မ်းသာသွားပြီး အနားချော့ ခေါ်တယ်။ " ချမ်း " ကလည်း လိုလိုချင်ချင်ပဲ လှည်းသမားကြီးရဲ့နဖားကြိုးအထိုးခံလိုက်တာပါပဲ။ ဒါနဲ့ လှည်းသမား ကြီးဟာ သူရဲ့ လှည်းက နွားတစ်ကောင်ကို ဖြုတ်ပြီး “ချမ်း” ကို သူ့လှည်းမှာတပ်လိုက်ရော။ ပြီးတာနဲ့ ... လှည်းပေါ်တက်လိုက်ပြီး " ဟဲ့ နွား၊ ဟဲ့နွား " ကြိမ်းမောင်းပြီး နွံထဲက လွတ်အောင် ရုန်းခိုင်းတယ်။ " ချမ်း " လည်း အားရှိသလောက်ရုန်းတာပါပဲ။ ဒါပေမယ့် အားကနည်းနည်းလိုနေတယ်။ ဘီးကလွတ်ကို မလွတ်ဘူး။ တစ်ဖက်က နွားကနည်းနည်းပါးပါးခွန်အားရှိရင်လည်း အကောင်းသား။ အခုတော့ တကယ့် နွားပိန်နွားခြောက်၊ “ချမ်း” ရုန်းမှသာ ဘေးက နွားက နည်းနည်းပါးပါးလှုပ်တာ။ " ချမ်း " ကတော့ရုန်းလိုက်ရတာ ချွေးဒီးဒီးကျနေပြီ။ လှည်းသမားကြီးကတော့ " ဟဲ့ နွား၊ ဟဲ့နွား " နဲ့ ကြိမ်းပြီး " ချမ်း " ကိုကြိမ်လုံးနဲ့ အားရပါးရရိုက်တော့တာပဲ။ “ချမ်း” ကလည်း အားရှိသရွေ့ ရုန်းတာပါပဲ။ " ချမ်း " က အားကြိုးမာန်တက်ရုန်းလေ လှည်းသမားကြီးက " ချမ်း " ကို ကြိမ်လုံးနဲ့ တရွှမ်းရွှမ်းရိုက်ပြီး " ဟဲ့ နွား၊ ဟဲ့နွား၊ ရုန်းလိုက်စမ်း " လို့မောင်းလေလေပဲ။ " ချမ်း " ခမျာတော့ ကြိမ်ဒဏ်ကြောင့် ကျောကို ကော့နေတာပဲ။ သူကဘေးမှာယှဉ်တွဲပြီး ရုန်းနေတဲ့ နွားပိန် ကလေးကို ကြည့်လိုက်တယ်။ " ဟင်း ... ဒင်းကျတော့ သက်သာလိုက်တာ။ သိပ်လည်း မရုန်းဘူး။ တစ်ချက်မှလည်း အရိုက်မခံရဘူး " " ချမ်း " ရဲ့ကျောပေါ်ကိုတော့ ကြိမ်လုံးက တရွှမ်းရွှမ်းကျနေဆဲပဲ။ " ဟဲ့ နွား၊ ရုန်းလိုက်စမ်း၊ ရုန်းလိုက် စမ်းဟ " လို့အတင်းရိုက်နှက်မောင်းနှင်ခံနေရဆဲပဲ။ ကြာတော့ ..... " ချမ်း " စိတ်တိုလာတယ်။ လှည်းသမားကြီးကိုပြန်မော့ ကြည့်လိုက်ပြီး ... " ခင်ဗျားက အတော်မတရားတဲ့ လူပဲဗျာ။ ကျုပ်ကကြိုးစားပမ်းစားနဲ့ ဆွဲပေးနေတာ ခင်ဗျား အမြင်ပဲ။ အားစိုက်နေရတဲ့ကျုပ်ကိုချည်းပဲရိုက်နေတယ်။ ဟိုဘက်ကကောင်ကိုတော့ မရိုက်ဘူး။ " " ချမ်း " ရဲ့စကားကို ကြားတော့ လှည်းသမားကြီးက ဟိုဘက်ကပိန်ချည့်ချည့်နွားကိုတစ်ချက်လှည့်ကြည့်ပြီး ခေါင်းခါလိုက်တယ်။ ပြီးတော့ ... " ဟိုဘက်က ကောင်က အားမရှိဘူးကွ။ အဲဒီတော့ ရိုက်ရင်လည်းသေသာသွားမယ် ... သူကတော့ လှည်းကို ရွှံ့ထဲက လွတ်အောင်ဆွဲနိုင်မှာမဟုတ်ဘူး။ မင်းကတော့ အားရှိတယ်။ မင်းဆွဲမှလှည်းက ရွှံ့ထဲက လွတ်မှာ။ အဲဒီတော့ မင်းကိုပဲ များများရိုက်ပြီး အတင်းရုန်းခိုင်းရမှာပဲ။ငါ့ကိုအပြစ်မတင်ပါနဲ့ကွာ။ ခွန်အားရှိနေတဲ့ မင်းကိုယ်မင်းပဲအပြစ်တင်ပါတော့ " လို့ပြောပြီး " ချမ်း " ကို ကြိမ်လုံးနဲ့ တရွှမ်းရွှမ်း ရိုက်တော့တာပဲ။ အဲဒီမှာတင် " ချမ်း " က ..... " သြော်....လောကရဲ့ သဘောကိုက အလုပ်များများ လုပ်နိုင်လေလေများများအရိုက်ခံရလေလေပါလား " လို့ရေရွတ်ပြီး ကိုယ်ယောင်ဖျောက် လစ်ပြေးရောတဲ့။ ပုံပြင်က....ဒါပါပဲ။


အလုပ်လုပ်ခြင်း နှင့်ခံနိုင်ရည်ရှိခြင်း
( ၁ ) ကျွန်တော် ငယ်ငယ်တုန်းက သစ်ပင်တွေ တဖြည်းဖြည်းရှည်လျားလာတာကို ကြည့်ပြီး တအံ့တသြဖြစ်ဖူး တယ်။ " ဒီ သစ်ပင်တွေဟာ ငါမမြင်လိုက်ရပဲ ဘယ်အချိန်ကများရှည်သွားတာပါလိမ့် " တစ်နေ့လုံး သစ်ပင်တစ်ပင်ရဲ့ ရှေ့တည့်တည့်မှာထိုင်ပြီး မျက်တောင်မခတ်ပဲငေးကြည့်နေခဲ့ဖူးတယ်။ သစ်ပင်ရဲ့ အမြင့်ထိပ်ဖျားကရှည်ထွက်လာတာကို မြင်ချင်လို့။ ဒါပေမယ့် မြင်ခွင့်မရခဲ့ပါဘူး။ နောက် ..... အသက်ကြီးလာမှ သိရတယ်။ သစ်ပင်တွေဟာ ညဘက်ကျမှ ရှည်ထွက်တာ ... တဲ့။သြစတြေးလျကဒေါက်တာ ဟွန်ဇာလက်(စ်)ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်က သုတေသန ပြုထားတာပါ။ သစ်ပင်တွေဟာ ည (၉) နာရီကနေ မနက် (၆) နာရီအတွင်းမှာပဲ ရှည်လျား ဆန့်ထွက်ကြတယ် ... တဲ့။ အတိအကျ ပြောရရင် ညဦးပိုင်း အချိန်မှာ၁၀% ကြီးထွားကြပြီး၊ ကျန်တဲ့၉၀% ကတော့ ညဥ့်နက်ပိုင်း မှောင်နေတဲ့အချိန်ကျမှ ရှည်လျား ဆန့်ထွက်လာကြတာလို့ ဆိုပါတယ်။ သစ်ပင်တွေဟာ လူမြင်သူမြင် အလင်းရောင်ရတဲ့နေ့အချိန်မွန်းတည့်ကနေ ညနေ (၆) နာရီ အတွင်းမှာတော့ ရပ်တန့် အနားယူကြပါသတဲ့။ ( သစ်ပင်တွေမှာလည်း အလုပ်လုပ်ချိန်နဲ့ အနားယူချိန်ဆိုပြီးခွဲခြားထားတာကိုး .... လို့ ကျွန်တော် တွေးလိုက်မိတယ် ) အဲဒီ အတွေးလေးကို ကျွန်တော်က ချစ်သူကိုပြောပြမိပါတယ်။ နောက်ပြီး ကျွန်တော်က မေးလိုက်တယ်။ " သစ်ပင်တွေဟာ ဘာဖြစ်လို့ လူတွေအိပ်တဲ့ အချိန်ကျမှအလုပ်လုပ်ကြလဲ မသိဘူးနော် " ကျွန်တော့် မေးခွန်းကြောင့် သူမက ရယ်မောတယ်။ပြီးတော့ ... နောက်သလို ပြောင်သလိုနဲ့ပြန်ဖြေပါတယ်။ " သူတို့ အလုပ်လုပ်နေတာကို လူတွေမြင်ရင်တစ်နည်းနည်းနဲ့ကြံဖန်ပြီး ကဲ့ရဲ့ပြစ်တင်မှာစိုးလို့ဖြစ်မှာပေါ့ " သူမရဲ့ အဖြေကြောင့် ကျွန်တော်ခေါင်းကိုစိတ်ပျက်လက်ပျက်ခါယမ်းမိတယ်။ ပြီးတော့ ..... ဘာကြောင့်မှန်း မသိဘူး။ ကျွန်တော် ခေါင်းညိတ်ဖြစ်သွားတယ်။ ဟုတ်တယ်.....။ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းထဲမှာ " အလုပ်လုပ်တဲ့သူ " ဟာ (တစ်နည်းမဟုတ်တစ်နည်းနဲ့) ကဲ့ရဲ့ ဝေဖန် ခံရတာကိုပဲ အမြဲတွေ့ရတယ်။ ဘယ်တော့မှ အပြစ်လွတ်တယ်လို့ မရှိဘူး။ လူတွေအားလုံးက အဲဒီ (အလုပ်လုပ်နေတဲ့) လူကိုတစ်ခုခုဝေဖန်ဖို့ အမြဲစောင့်ကြည့်နေကြသလိုပဲ မဟုတ်ဘူးလား.....။ တစ်ခုခုမှားယွင်းသွားလို့ကတော့ ရစရာမရှိအောင်အပြောခံရပြီသာမှတ်ပေတော့ပဲ။ ( တစ်ခုခု ကောင်းသွား ရင်လည်း အကဲ့ရဲ့ကတော့ မလွတ်ပါဘူး ) " အလုပ်လုပ် တဲ့သူ " အတွက် ဆုလာဘ်ဟာ ဒါမျိုးလား ???

( ၂) ကျွန်တော် အခုပြောချင်တာက " အလုပ် ဟူသမျှ ဂုဏ်ရှိစွ " ဆိုတဲ့ကိစ္စပါ။ အလုပ်လုပ်တဲ့လူဟာ အပြစ်တင်စရာ ရှိလာရင်လည်း ခံရတယ်။ ကဲ့ရဲ့စရာပေါ်လာရင်လည်း ခံရတယ်။ ပင်ပန်းစရာ ရှိတော့လည်း ဒီလူပဲ။ ဒါဖြင့်.....အလုပ်လုပ်တဲ့လူဟာ ဘာဂုဏ်ရှိသလဲ။ ဒီနေရာမှာလည်း " ဂုဏ် " ဆိုတာ ဘာလဲ ? လို့ထပ်ပြီးမေးစရာ ရှိလာပြန်ပါတယ်။ လူအတော်များများကတော့ ဂုဏ်ဆိုတာ ကြွားဝါစရာ တစ်ခုလို၊ လူလုံးပြစရာ အဆင်တန်ဆာတစ်ခုလို ...၊ နာမည်ကျော် ကုန်ပစ္စည်း အမှတ်တံဆိပ်လို သဘောထားနေကြတာပါ။ သင့်အနေနဲ့ သဘောမတူရင် ငြင်းခုံနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော် ဥပမာလေးတစ်ခု ပြောပြပါရစေဦး။ အရပ်ထဲမှာ သူသူငါငါ ပြောနေတဲ့ စကားလေးတစ်ခွန်းပါ။ " ကျွန်မ သမီးလေးကတော့ ဘွဲ့ရပြီးပြီ။ မိန်းကလေးဆိုတော့တခြားအလုပ်လည်း မသင့်တော်တာနဲ့ ကျောင်းဆရာမပဲ ၀င်လုပ်ခိုင်းလိုက်တော့တယ်။ ကျောင်းဆရာမဆိုတော့ဂုဏ်ရှိတာပေါ့” ဒီစကားအတိုင်း အတိအကျ မဟုတ်တာတောင် အလားတူအဓိပ္ပာယ်ရတဲ့ စကားမျိုးတွေကို သင့် ပတ်ဝန်းကျင်မှာလည်း ကြားကောင်းကြားဖူးပါလိမ့်မယ်။ " ဂုဏ်ရှိဖို့ " ဆိုတဲ့ ရည်ရွယ်ချက်ကို အဓိကထားပြီးကျောင်းဆရာမအလုပ်ကို ရွေးချယ်ခဲ့တဲ့ မိန်းကလေး ဟာ တကယ်တမ်း “ဆရာမ” .....ဖြစ်လာတဲ့အခါ တာဝန်ကျေပွန်နိုင်ပါ့မလား ? ကျောင်းသား တွေ အပေါ်တကယ်စေတနာ ထားနိုင်ပါ့မလား ? သူ့ဘ၀ကို " စာသင်ကြားခြင်း " အလုပ်ထဲ ဘယ်လောက်ထိ နှစ်မြုပ်နိုင်ပါ့မလဲ ..... ဘယ်လောက်ထိအနစ်နာခံပြီး စိတ်ပါလက်ပါအားသွန်ခွန်စိုက် လုပ်ကိုင်နိုင်ပါ့မလဲ ..... ။ နိုင်ငံတစ်နိုင်ငံအတွက် " ကျောင်းဆရာမ " တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီး တယ် ဆိုတာကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ သဘောမပေါက် နားမလည်ဘဲနဲ့ " ဂုဏ်ရှိရုံသက်သက် " ကျောင်းဆရာမ ၀င်လုပ်တဲ့ မိန်းမတစ်ယောက်ကြောင့် ရာပေါင်း ထောင်ပေါင်းများစွာသောကျောင်းသား တွေရဲ့ ဘ၀လမ်းကြောင်းမှာ နစ်နာစရာဒဏ်ရာတွေရသွားမှာကို တွေးကြည့်ရင် ကြောက်စရာ ကောင်း ပါတယ်။

 ( ၃ ) ကျွန်တော်တို့ဆီမှာ လူအတော်များများဟာ " အလုပ် " ကို ရွေးချယ်ရာမှာ အ၀တ်အစားဝယ်သလောက် တောင် ဂရုမစိုက်ပဲ ဖြစ်ကတတ်ဆန်း ရွေးချယ်ကြတာကို သတိထားမိပါတယ်။ ကိုယ်လုပ်မယ့် အလုပ်ရဲ့ သဘောသဘာဝက ဘာလဲ ? ကိုယ့်ပင်ကိုယ်စိတ်နေ ကိုယ်ထားသဘာဝနဲ့ ကိုက်ညီရဲ့လား ? ဒီအလုပ်အပေါ်မှာ ကိုယ်ဘယ်လောက်ထိ စေတနာထားအားစိုက်ပြီး လုပ်နိုင်မှာလဲ ? ဒီအလုပ်အတွက် ကိုယ့်ဘ၀တစ်ခုလုံးကို နှစ်မြုပ်နိုင်ရဲ့လား ? .... စသဖြင့်အပြန်ပြန်အလှန်လှန် စဉ်းစားသင့်ပါတယ်။ ( ကိုယ်နဲ့ အလုပ်နဲ့ နေရာလွဲနေပြီဆိုရင်.....သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်စလုံးမှာ နစ်နာစရာတွေအများကြီးဖြစ်လာမှာကိုး ) ကျွန်တော့် သူငယ်ချင်းမိန်းကလေးတစ်ယောက်ဆိုရင် ဘွဲ့ရပြီးတဲ့အပြင် ဒီပလိုမာသင်တန်းတွေတက်၊ ကွန်ပျုတာ၊ စာရင်းကိုင်၊ အင်္ဂလိပ်စာ၊ ပြင်သစ်စာ၊ တရုတ်စာ၊ စီမန်ခံခွဲမှု ..... စတဲ့ ဘာညာဘာညာ သင်တန်းတွေ အကုန်တက် အောင်လက်မှတ်တွေ တစ်ပြုံကြီး ကိုင်ထားပါတယ်။ ပြီးတော့ ..... အလုပ်လစ်လပ်ကြောင်းကြော်ငြာမှန်သမျှကို စုံတကာစေ့အောင် လိုက်လျှောက်တော့ တာပါပဲ။ အဲဒီလိုဦးတည်ချက် ပီပီပြင်ပြင်မရှိပဲရွေးချယ်ထားတဲ့ အလုပ်တစ်ခုကနေ ဘယ်လို " ဂုဏ် " မျိုးရနိုင်မှာတဲ့လဲ ?

( ၄ ) အ၀တ်အစား လှလှပပ ၀တ်ပြီး ချွေးမထွက်ရပဲသက်သောင့်သက်သာ နေကောင်းနေရပါလိမ့်မယ်။ ဒါပေမယ့်အဲဒါဟာ ဂုဏ် မဟုတ်ပါဘူး။ လစာငွေကောင်းကောင်း ခံစားခွင့်ကောင်းကောင်းရချင်ရပါလိမ့်မယ်။ အဲဒါဟာလည်း ဂုဏ် မဟုတ်ပါဘူး။ အဆင်တန်ဆာတွေပဲ ဖြစ်ကြပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက အမေက ပြောဖူးတယ်။ " ငါ့သား ..... စာကြိုးစား။ ပညာတတ်ရင် သူများရဲ့ ချေးတွေသေးတွေမကိုင်ရဘူး " တဲ့။ ကျွန်တော်လည်း ကြိုးစားတာပါပဲ။ အခုကျွန်တော် ဆရာဝန်လည်း ဖြစ်လာရော လူနာတွေရဲ့ ချေးတွေ သေးတွေ အပြင် ပြည်ပုပ်သွေးပုပ်တွေပါ ကိုင်နေရတော့တယ်။ ကျေးဇူးပြုပြီး.....မရယ်ပါနဲ့။ ဒါဖြင့် ..... " ဂုဏ် " ဆိုတာဘာလဲ ??? *

 (၁) ကျွန်တော်တို့ဟာ ( တခြားတိုက်တွန်းမှုတွေ၊သွေးဆောင်ဖြားယောင်းမှုတွေမပါပဲ ) ကိုယ်စိတ်ပါ လက်ပါအားသွန်ခွန်စိုက်နဲ့စေတနာအပြည့်လုပ်ဖို့ ရည်ရွယ်ပြီး " အလုပ် " တစ်ခုကို သိစိတ်ရှိရှိ ရွေးချယ်ရမယ်။ * (၂) အဲဒီလိုရွေးချယ်လုပ်ကိုင်နေရင်းကပဲ ... ဝေဖန်မှုတွေ၊ ကဲ့ရဲ့မှုတွေကို ခံရမယ်။ အပြစ်ဒဏ် တွေကိုလည်းခံရမယ်။ ပုံပြင်ထဲကနွားလို ပင်ပန်းစရာရှိရင်လည်း မညည်းမညူခံနိုင်ရည်ရှိရမယ်။ * (၃) အဲဒီလို ခံနိုင်ရည် ရှိခြင်းသည်ပင်လျှင် " လူသား " ဆိုတဲ့မှတ်ကျောက်တင် စစ်ဆေးခြင်းကို ဖြတ်သန်းအောင်မြင်သော " ဂုဏ် " ဖြစ်တယ် ..... လို့ ကျွန်တော်ပြောချင်ပါတယ်


— မင်းခိုက်စိုးစံ ၏ ကတ်သီးကပ်သတ်မှ —
Share

No comments: