page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, June 10, 2012

လူ့သိက္ခာ.....

ZOLZOL | 2:26 AM |
ZOLZOL | 2:26 AM |




Best Blogger Tips
Share

လူနဲ့ တိရစ္ဆာန်
သိက္ခာဆိုတဲ့ အကြောင်းအရာလေးတစ်ခုဟာ လူတွေပြောကြဆိုကြရတဲ့ ကိစ္စတစ်ခုပါ။
လူ့အဖြစ်မှာ  မရှိမဖြစ်ရှိနေဖို့လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပါပဲ။
သိက္ခာမရှိတော့ရင် အဲဒီလူဟာ "အကွပ်မဲ့ကြမ်း ပရမ်းပတာ"၊
"ပဲ့မပါတဲ့လှေလို ဦးတည်ရာမဲ့မျော" ဆိုတဲ့ အဖြစ်တွေနဲ့ ကြုံရမှာပါ။
သိက္ခာဆိုတဲ့တရားက ထိန်းသိမ်းထားလို့သာလူသားဟာတိရစ္ဆာန်နဲ့ ကွာခြားနေခဲ့တာပါ။ 
သိက္ခာမဲ့ကြပြီဆိုရင်တော့လူတစ်ဦးတစ်ယောက်ဟာ တိရစ္ဆာန်နဲ့မခြားတော့ပါဘူး။
ဒါကြောင့် လူဟာ လူ့သိက္ခာကိုတန်ဖိုးထားရပါမယ်၊ လူ့သိက္ခာကို စောင့်စည်းရပါမယ်။

သိက္ခာရှိတဲ့လူ
လူမှန်ရင် သိက္ခာ ရှိရပါတယ်။ သိက္ခာရှိတဲ့ အပြုအမူ၊ သိက္ခာရှိတဲ့ အပြောအဆို၊
သိက္ခာရှိတဲ့အတွေးအကြံတွေနဲ့ ပြည့်စုံအောင် ထုံမွှန်းထားရပါတယ်။
မှန်တဲ့ အပြုအမူ၊ ကောင်းတဲ့ အပြောအဆို၊မွန်မြတ်တဲ့အတွေးအကြံရှိသူဟာ သိက္ခာရှိသူ ဖြစ်ပါတယ်။
သိက္ခာ အထူးပြည့်စုံသူဟာ အားလုံး လေးစားရသူဖြစ်ပြီးအပြည့်စုံဆုံး သူကတော့
အားလုံးကိုးကွယ်ရသူ ဖြစ်မှာပါပဲ။
အရာရာမှာလိုက်ပြီး သိက္ခာမပြည့်စုံနိုင်လို့ထိုက်သလောက် နည်းနည်းရှိနေရင်တောင်
လူ့အဖြစ်နဲ့ ရပ်တည်ခွင့် ရှိနေနိုင်ပေမယ့်သိက္ခာမဲ့တဲ့အခိုက်မှာတော့
အဲဒီ သိက္ခာမဲ့သူဟာအနေခက်ရပါပြီ။ လူ့အဖြစ်ကနေ လျောဆင်းလို့အခြေမဲ့ရပါပြီ။
လူရာမ၀င်တော့ဘူးပေါ့။

သိက္ခာရှိတဲ့ အပြုအမူ(ကာယကံ)

ခန်းခန်းနားနားနဲ့ ၀တ်ကောင်းစားလှတွေဝတ်လို့ ဣနြေ္ဒတစ်ခွဲသားနဲ့
ခန့်ခန့်ညားညားနေတာကိုသိက္ခာရှိတဲ့အပြုအမူလို့ လူတွေထင်တတ်ကြပါတယ်။
ခေတ်မီအောင်ဝတ်စားလို့ ပွဲလမ်းသဘင်အခမ်းအနား သွားနိုင်မှသိက္ခာရှိတဲ့သူလို့ ဆိုကြပြန်ပါတယ်။
ကားကောင်းကောင်း၊တိုက်ကြီးနဲ့ ခေတ်မီအသုံးအဆောင်တွေ သုံးစွဲသူကိုသိက္ခာရှိတယ်ထင်ပြီး
အားကျတတ်ကြပြန်ပါတယ်။ ဒါဟာ သိက္ခာရှိတဲ့ အပြုအမူကို လွဲမှားစွာ ခံယူကြတာပါပဲ။

လောကမှာ လူသားကို တန်းဆင်းမသွားစေဖို့ သိက္ခာထပ် သတ်မှတ်ပေးရာမှာ
ကာယဒုစရိုက် (၃)ပါးကိုမကျူးလွန်မိအောင် ထိန်းထားနိုင်တဲ့သူဟာ
သိက္ခာရှိတဲ့ အပြုအမူနဲ့လူ ဖြစ်ပါတယ်။
(၁) ပါဏာတိပါတ         = သူ့အသက်သတ်မှု၊                                                   
(၂) အဒိန္နဒါန               = အရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူ့ဥစ္စာကို ခိုးမှု၊
(၃) ကာမေသုမိစ္ဆာစာရ  = ကာမဂုဏ်တို့၌ ယုတ်ယုတ်မာမာ ကျင့်မှု။         
                 
ပါဏာတိပါတ
သူတစ်ပါးကို သတ်ဖြတ်တဲ့သူ၊ သူတစ်ပါးကို ထိခိုက်နစ်နာအောင် လုပ်တဲ့သူ၊
သူတစ်ပါးကို သိက္ခာကျဆင်းအောင် လုပ်တဲ့သူတွေဟာ သိက္ခာမဲ့တဲ့သူတွေ ဖြစ်ပါတယ်။
သူများကို ကိုယ်အားဖြင့်ဖြစ်စေ၊စိတ်အားဖြင့်ဖြစ်စေ နာကျင်ခံစားအောင် ပြုမူကြသူတွေဟာ
သိက္ခာမရှိတဲ့သူတွေ ဖြစ်သလို သူတစ်ဦးကိုကိုယ်စိတ်နှစ်ပါးထိခိုက်နစ်နာဖို့
ကြံစည်လုပ်ဆောင်နေတာဟာလည်း သိက္ခာမဲ့တဲ့ အပြုအမူပါပဲ။
အဒိန္နဒါန
သူတစ်ပါး ပစ္စည်းဥစ္စာကို ပိုင်ရှင်မသိအောင် ခိုးယူသူ၊ ခိုးယူဖို့ ကြံစည်ဆောင်ရွက်နေသူဟာ
သိက္ခာမဲ့တဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူခိုးလို့သတ်မှတ်ခံရသူကို ကိုယ့်ဥစ္စာခိုးသည်ဖြစ်စေ၊
သူတစ်ပါးဥစ္စာ ခိုးသည်ဖြစ်စေလူတွေရွံ့မုန်းကြပါတယ်။
တစ်ဦးတစ်ယောက်ပိုင်မျှမက အများပိုင် အများဆိုင် ပြည်သူပိုင် ပစ္စည်းကို၊
အရင်းအမြစ်တွေကို၊မြေယာတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး
အလွဲသုံးစား လုပ်ဆောင်ထားကြသူတွေမှာ လူတွေကသိက္ခာမရှိအောင် ဆိုကြတာဟာခိုင်လုံတဲ့ ဥပမာတစ်ရပ်ပါ။
ကျူးလွန်ပြီးသူကို မဆိုထားနဲ့ကျူးလွန်လိုတဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခွင့်ရအောင်၊
လုပ်ခွင့်လိုင်စင်ရအောင်၊ပိုင်ခွင့်အာဏာရအောင်လုပ်ဆောင်နေကျတဲ့သူတွေကိုတောင်မှ
မထောက်ခံမရွေးချယ်ကြပါဘူး။
ခိုးမှုနဲ့ ခိုးမလို့ ကြံစည်မှုဟာရှက်ဖွယ်အပြုအမူနဲ့ လူကိုအောက်တန်း ကျစေပါတယ်။
ကာမေသုမိစ္ဆာစာရ
ကာမဂုဏ်အမှုဖြစ်တဲ့ အာရုံတွေအပေါ် မြင်ချင်၊ ကြားချင်၊ စားချင်၊ နံချင်၊ ထိတွေ့ချင်၊
ကြံစည်တွေးတောချင်တာဟာ လူ့သဘာဝဖြစ်ပေမယ့် အဲဒါတွေကို
ယုတ်ယုတ်မာမာ ကျင့်မယ်ဆိုရင်တော့ သိက္ခာမဲ့ရာကျပါတယ်။
လိုချင်တောင့်တဲ့ ဒီလောဘကို လူ့ဘောင်လူ့ဘ၀က ခွင့်ပြုထားတဲ့ လူ့နည်းလူ့ဥပဒေတွေနဲ့
ရယူခံစားနိုင်ခွင့်ရှိပေမယ့် နည်းကျော်၊ ဘောင်ကျော်၊ စည်းကျော်ပြီး ရယူမယ်၊ ခံစားမယ်ဆိုရင်တော့
အားလုံးကလက်ညိုးထိုးလို့ ရှုတ်ချကြမှာပါပဲ။

သိက္ခာရှိတဲ့ အပြောအဆို (အရေးအသား)(၀စီကံ)
လူတစ်ချို့တွေ အပြောကောင်း၊ အရေးကောင်းကြပါတယ်။
"ကျောက်ဆင်းတု ခေါင်းညိတ်" လောက်အောင်ဆိုတတ်၊ ရေးတတ်ကြပေမယ့် ကိုယ့်အပြော၊
ကိုယ့်အရေးကို တာဝန်မယူနိုင်ကြပါဘူး။ အပြောနဲ့အလုပ်၊အရေးနဲ့
အလုပ် လက်တွေ့မညီရင်ကလေးတောင်မှ လူတွေကလက်မခံချင် ဖြစ်တတ်ကြတာပါပဲ။
နိုင်ငံရေးသမားတွေမှာ ကိုယ်ပေးထားတဲ့ကတိကို ဆောင်ရွက်လုပ်ကိုင် အောင်မြင်အောင်
စွမ်းဆောင်ပေးကြရတာဟာသိက္ခာကျဆင်းမှာ စိုးရိမ်ကြလို့ပါ။ 
လောကမှာ လူသားကိုအောက်တန်းကျမသွားစေဖို့တန်ဖိုးမြှင့်
ဈေးတင်ရာမှာဝစီဒုစရိုက် (၄) ပါးကို မပေါက်မကျားအောင် စောင့်စည်းနိုင်သူဟာ
သိက္ခာရှိတဲ့ အပြောအဆိုနဲ့လူ ဖြစ်ပါတယ်။

(၁) မုသာဝါဒ             = မဟုတ်မမှန်တဲ့စကား ပြောဆိုမှု၊                   
(၂) ပိသုဏ၀ါစာ         = ချောပစ်ကုန်းတိုက်မှု၊                                
(၃) ဖရုဿဝါစာ         = ကြမ်းကြမ်းတမ်းတမ်း အယုတ်တမာ ပြောဆိုမှု၊
(၄) သမ္ဖပ္ပလာပ၀ါစာ   = ပြိန်ဖျင်းသောစကား ပြောဆိုမှု။         
           
မုသာဝါဒ
မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ၊ အများအတွက်ပင် ဖြစ်စေကာမူ
မဟုတ်မမှန်တဲ့ စကားကိုမဆိုသင့်ပါ။
မဟုတ်မမှန်တဲ့ စကားရဲ့နောက်ကွယ်မှာ မဟုတ်မမှန်တဲ့ အကျိုးဆက်ဟာ
ပေါ်ထွက်လို့လာမှာဖြစ်ပါတယ်။
မိမိမှာ၊ သူတစ်ပါးမှာ မကောင်းတဲ့အကျိုးသာ ရနိုင်တာမို့ ဒီလို မဟုတ်မမှန်တဲ့ အပြောအဆိုကို
ကျူးလွန်ပြောဆိုတာဟာ သိက္ခာမဲ့စေပါတယ်။ လူကဲ့ရဲ့စေပါတယ်။
လူလိမ်လူညာအဖြစ်နဲ့ လုပ်ဖော်ကိုင်ဖက်၊စီးပွားဖက်အဖြစ် ဘယ်သူကမှ လက်ခံချင်မှာ မဟုတ်ပါဘူး။
ဘ၀လက်တွဲဖော်အဖြစ် လက်တွဲချင်ကြမှာမဟုတ်ပါဘူး။
ဆိုးတူကောင်းဖက် တိုင်ပင်ဖော်တိုင်ပင်ဖက်လုပ်ဖို့ ဝေးလို့ စကားစမည်တောင်
ဆိုချင်ကြတော့မယ် မထင်ပါဘူး။ သိက္ခာကျလှပါတယ်။

ပိသုဏ၀ါစာ
မိတ်ဆွေနှစ်ဦးကြား ယုံထင်ကြောင်ထင်ဖြစ်အောင်၊ လင်မယားကြား အထင်လွဲမှားအောင်၊
ဆွေမျိုးသားချင်းတွေကြား စိတ်ဝမ်းကွဲအောင် ချောပစ်ကုန်းတိုက်တာဟာ
သိက္ခာမရှိတဲ့ အပြောအဆိုပါပဲ။
အဲလို ပြောဆိုသူတွေဟာ အဲလို အချင်းချင်း အကွဲကွဲအပြားပြားဖြစ်မှ တဖက်ဖက်က သူတို့ကို
ချစ်လာမှာဖြစ်လို့ပါပဲ။ ညံ့ဖျင်းပြီး သိက္ခာမရှိတဲ့
" တွင်းဟောင်းကိုမှ အောင်းချင်တဲ့ ကြွက်ဖျင်း" တို့ရဲ့ဆောင်ရွက်ချက်ပါပဲ။

တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေကြား
သွေးထိုးစကားဆိုသူတွေဟာ သိက္ခာမဲ့သူတွေပါပဲ။ "နွားကွဲတော့ ကျားဆွဲ" ဆိုသလို
သူတစ်လူငါတစ်မင်း ဖြစ်ကုန်မှသူတို့ကြားဝင်အခွင့်ရမှာဖြစ်လို့ပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လုပ်အားနဲ့
မစွမ်းဆောင်နိုင်တဲ့၊မရပ်တည်နိုင်ကြတဲ့၊နယ်ချဲ့စိတ်နဲ့ အချောင်သိမ်းယူချင်တဲ့ နိုင်ငံကြီးမပီသတဲ့
ယုတ်ယုတ်ညံ့ညံ့ လုပ်ရပ်မျိုးတွေသာဖြစ်ကြပါတယ်လို့ ဆိုပါရစေ။ သူတို့ကိုအားပေး၊
သူတို့နဲ့ပူးပေါင်း၊ သူတို့ကို ရောင်းစားသူတွေလည်းအတူတူနဲ့ အနူနူပါပဲ။
သွေးကွဲနေခိုက် အချောင်နှိုက်သူတွေပါ။ သိက္ခာမဲ့သူတွေပါ။
နောက် ... စာရေးသူနဲ့ စာဖတ်ပရိဿတ်ကြား သွေးတူညီမျှ အပေးအယူရနေတာကို
မလိုမရှု့စိမ့်နဲ့အမျိုးစုံစွပ်စွဲပြီး  သွေးခွဲတဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေမှာလည်း
သိက္ခာမထိန်းနိုင်တာ တွေ့ရတာပါပဲ။
ဖရုဿဝါစာ
ကိုယ့်လိုဘတွေ မပြည့်လာလို့၊ကိုယ့်ဆန္ဒတွေ မဖြစ်လာလို့ ကြမ်းကြမ်းပြော၊ကြမ်းကြမ်းရေးကြတာ
တွေ့ရပါတယ်။ ကိုယ့်မူကိုယ့်ဝါဒနဲ့ မညီလို့ ခပ်ကြမ်းကြမ်းဝေဖန်၊ ဒေါသတွေထွက်
ပြောဆိုနေကြတာတွေလည်းရှိနေပါတယ်။

ဒီလို  ကြမ်းနေအောင် ၀မ်းတွင်းမှာ သရမ်းနေတဲ့ဝါဒဆိုးတွေကိန်းလို့
သိက္ခာမထိန်းနိုင်အောင်ဖြစ်နေကြတာတွေလည်း ကြားနေရပါတယ်။
သူတစ်ပါးကို အပုပ်ချရင်း  ကိုယ့်သိက္ခာကိုယ်ကျအောင်
ကိုယ့်သိက္ခာကိုယ်ချနေကြသလိုပါပဲ။
သမ္ဖပ္ပလာပ၀ါစာ
အဆီအနှစ်မပါတဲ့ အစားအစာဟာ အာဟာရကိုမဖြစ်စေသလို သေးဖွဲသိမ်ဖျင်းတဲ့
စကားဟာလည်း ကြားရသူကိုအချည်းနီးဖြစ်စေရုံမက အကျိုးပါ ယုတ်စေပါတယ်။
ကိုယ့်စကား၊ ကိုယ့်အရေးကို တစ်ဖက်ကမယူရင်အပိုဖြစ်လို့သေးနုတ်သွားတာပါပဲ။
အဆီအနှစ်ပါပြန်တော့ မကြိုက်လို့မစားရင် ဘယ်မှာလာ အာဟာရဖြစ်ပါတော့မလည်း။
အကျိုးများစေမယ့် စကားဆိုရင်တောင် အခွင့်အခါချင့်လို့ သင့်မှ ပြောရဆိုရပါတယ်။
ဒါမှသာ တစ်ဖက်ကတန်ဖိုးထားလို့ ပြိန်ဖျင်းတဲ့စကားဘ၀ မရောက်ရမှာပါ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှ ကျွတ်ထိုက်တဲ့သတ္တ၀ါမှသာ ချွေချွတ်လို့ ရနိုင်တာပါ။
ဒီသဘာဝကို မစဉ်းစား၊ လက်မခံဘဲ မှန်တိုင်းဆိုချင်လို့ မရနိုင်ပါဘူး။
ဆိုခဲ့ရင်လည်း သိက္ခာရှိသူရဲ့လုပ်ရပ် မဖြစ်နိုင်ဘူးဆိုတာ တင်ပြချင်ပါသေးတယ်။
သိက္ခာရှိတဲ့ အတွေးအကြံ(မနောကံ)
အဆင့်အတန်းရှိရှိနေနိုင်ဖို့၊ ဘ၀မှာ အောင်မြင်မှုတွေရဖို့၊ ဘွဲ့ထူးဂုဏ်ထူးတွေ၊
စည်းစိမ်ချမ်းသာတွေရဖို့ကြံစည်တာဟာ ကောင်းပေမယ့် အဲဒီအတွေးအကြံတွေရဲ့ နောက်ကွယ်မှာ
မှောက်မှားတဲ့ အကြံတွေပါလာတတ် ပါတယ်။
သူ့ထက်သာအောင် မရိုးသားတဲ့ နည်းမျိုးစုံနဲ့ ကြံစည်လုပ်ဆောင် အောင်မြင်တာကိုပဲ
နပ်တယ်၊ တော်တယ်လို့ သိက္ခာထင်မှတ် ဂုဏ်ယူနေတတ်ကြပါတယ်။
ပေါင်းတတ်သင်းတတ်၊ ကြံစည်တတ်လို့လူရာသွင်း မျက်နှာလုပ် လုပ်နေကြရတာတွေဟာ
အကြံအစည်နဲ့ပတ်သက်လို့ သိက္ခာလို့ မှားယွင်းလက်ခံနေကြတာတွေပါ။
လောကမှာ လူသားကို ယုတ်လျော့နိမ့်ဆင်း တန်ဖိုးမဲ့မသွားအောင် ထောက်မကန်ကျောက်ထားရာမှာ
မနောဒုစရိုက်(၃)ပါးကို မ၀င်မရောက်အောင် တားဆီးထားနိုင်သူဟာ သိက္ခာရှိတဲ့
အတွေးအကြံနဲ့လူ ဖြစ်ပါတယ်။
(၁) အဘိဇ္ဈာ   = သူတစ်ပါးစည်းစိမ်ကို "ငါ့ဟာဖြစ်လျှင် ကောင်းလေစွ"ဟု မတရား ကြံစည်မှု၊
(၂) ဗျာပါဒ     = "သေကျေပျက်စီးသွားလျှင် ကောင်းလေစွ"ဟု သူတစ်ပါးကို ပြစ်မှားမှု၊        
(၃) မိစ ၦာဒိ႒ိ   = အယူမွားမႈ(ကံ,ကံ၏အက်ိဳးကို မယံုၾကည္မႈ)           
                           
အဘိဇ်ၥာ
သူတစ်ပါး စည်းစိမ်ဥစ္စာကို ကိုယ့်ဟာဖြစ်ချင်သူဟာ သိက္ခာမရှိသူပါ။
သူတစ်ပါးပိုင်ဆိုင်ရာကို အောက်တန်းကျတဲ့စိတ်ထားနဲ့ မတော်မတရားကြံစည်တာကို
ဘယ်လိုလူကမှ လက်ခံမယ်မဟုတ်သလို အထင်လည်းကြီးမှာမဟုတ်ပါဘူး။
ဆွေမျိုးဆိုလည်း ဆွေမျိုးသားချင်းကောင်း မပီသရာ၊ သူငယ်ချင်းအပေါင်းအသင်းဆိုလည်း
အပေါင်းအသင်းကောင်း မပီသရာရောက်လို့ သူများဟာ မတရားကြံသူရယ်လို့
"အများတံတွေးခွက်မှာပက်လက်မျော" ရမှာပါ။ "သူတစ်ပါးပစ္စည်း အဘိဇ္ဈာပွားနေတာ"လို့
အရပ်ထဲမှာ ပြောကြဆိုကြတာကြားဖူးနေကြပါတယ်လေ။
ဗျာပါဒ
သူတစ်ပါးကို သေကြေပျက်စီးစေလိုတာဟာ သိက္ခာမဲ့တဲ့စိတ် ရှိနေတာပါ။
လူနဲ့လူချင်း၊ ကံတူအကျိုးပေးလို့မမြင်နိုင်ပဲ သူတစ်ပါးအသက် ကြံစည်နေမှုဟာ ကိုယ့်ရဲ့
လူ့အဖြစ်ကိုလည်း၊ အသက်ကိုလည်း တန်ဖိုးမမြင်နိုင်တာပါပဲ။
ကိုယ့်အသက်ကို တန်ဖိုးထားရင် သူတစ်ပါးအသက်ကိုလည်း ကြံစည်လိမ့်မယ်မဟုတ်ပါဘူး။
လူ့တန်ဖိုး၊ လူ့အသက်တစ်ချောင်းရဲ့တန်ဖိုးကို သိတာဟာ လူ့သိက္ခာကို သိတာပါ။
ဒါဟာ သိက္ခာရှိသူတွေ ထိန်းသိမ်းရှောင်ရှားကြတဲ့ ဒုစရိုက်မှု တစ်ခုပါ။
မစောင့်ထိန်းနိုင်သူတွေမှာ သူ့အသက်ကိုသတ်ဖို့၊ သူအိမ်ယာတွေ ဖျက်ဆီးဖို့၊ သူ့နိုင်ငံကို ကျူးကျော်ဖို့
တစ်နေ့တစ်နေ့ ကြံစည်ရင်းနဲ့ သိက္ခာမဲ့နေကြတာပါ။
မိစ ၦာဒိ႒ိ
ကိုယ့်အတွေးအခေါ် နိမ့်ကျတဲ့အခါ ကိုယ့်အပြုအမူ၊ ကိုယ့်အပြောအဆိုတွေပါ
နိမ့်ကျလို့ သိက္ခာမဲ့တဲ့လုပ်ရပ်တွေသာလုပ်နေမိတော့မှာ ကျိန်းသေပါပဲ။ 
ကံ,ကံ၏အကျိုးကို မယုံကြည်ဘဲ အတွေးအခေါ်၊ အယူလွဲမှားလို့ အပြုအမူ၊
အပြောအဆို၊ အတွေးအကြံတွေ အားလုံးမှားယွင်းပြီး ဒုစရိုက်အမှုတွေချည်းသာ ပြုမိတော့မှာပါ။
ဘယ်လိုမှ သိက္ခာမရှိ၊ သိက္ခာမသိ၊ သိက္ခာမထိန်းနိုင်တော့ပဲ
အောက်တန်းနောက်တန်းကျတဲ့ဘ၀နဲ့ ရပ်တည်ရတော့မှာပါ။

သိက္ခာဆိုသည်မှာ

သံဃာတော်တွေမှာ "သိက္ခာထပ်" ၊ "သိက္ခာချ" ၊ "သိက္ခာပုဒ်" ဆိုတာတွေရှိပါတယ်။
လူမှာလည်းလူ့အဖြစ်ကနေ "သိက္ခာကျ" တယ်ဆိုတာ "အပါယ်ကျ" တာပါပဲ။ တိရစ္ဆာန်အဖြစ်၊
ငရဲသားအဖြစ်၊အသူရကာယ်အဖြစ်၊ ပြိတ္တာအဖြစ် အောက်တန်းကျသွားတာပါ။
လူ့အဆင့်ကနေ တန်းဆင်းရတာပါ။
လူ့ပီသမဲ့ အပြုအမူ၊ အပြောအဆို၊ အတွေးအကြံ မရှိဘဲ ပျက်ယွင်းခဲ့ပြီဆိုရင်
လူ့ရုပ်လူ့သွင် ရထားပါလျက်နဲ့ လူအဖြစ် အသိအမှတ် အပြုမခံရတော့ပါဘူး။
ဒါကြောင့် လူအဖြစ်ကနေ "အဆင့်အတန်း" မလျော့ကျရအောင်
"သိက္ခာ" လေး ထိန်းထားကြပါ။
                                                                                                                        ဇော်ထွန်း
http://www.mmcfamily.org/

Share

No comments: