page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, September 23, 2012

လောဘ ဆိုတာ

ညချစ်သူ | 2:36 AM |
ညချစ်သူ | 2:36 AM |




Best Blogger Tips
Share





လောကမှာ လူရယ်လို့ဖြစ်လာရင် လူတိုင်း လူတိုင်းဟာ လောဘနဲ့မကင်းကြပါဘူး ။
ပုထုဇဉ် လူသားတွေကိုး။လောဘလွန်ကဲလာရင်လည်း ဒုက္ခရောက်ကြရတာဓမ္မတာပါပဲ။
လောဘဆိုတာ ရှိသင့်တာရှိထိုက်တာထက် ပိုလောဘကြီးလာရင် လောဘနောက်ကောက်
ကောက် ပါသွားတတ်ပါတယ်။လောဘဆိုတာ လိုချင်တက်မက်တဲ့ သဘောတရားပါ။
အရာဝတ္ထုတစ်ခုခုအပေါ်မှာ လိုချင်တက်မက်လိုတဲ့ စိတ်ဟာ လောဘစိတ်ပါပဲ။
လောဘမှာမှ သမလောဘနဲ့ ၀ိသမလောဘဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။
သမလောဘဆိုတာကတော့ မျှမျှတတ တရားသဖြင့် ရယူလိုတဲ့ လောဘစိတ်ပါ။
ဝိသမလောဘဆိုတာကတော့ မလိုမတရားအတင်းအဓမ္မ မတရားသဖြင့် ရယူလိုတဲ့
လောဘစိတ်ပါ။ကျွန်တော်သူငယ်ချင်းတွေကို လောဘစိတ်နဲ့ ပတ်သက်ပြီး  ပုံပြင်တစ်ခု
လောက်ပြောပြချင်ပါတယ် ။



ပုံပြင်လေးကတော့ ......................................
တစ်ခါတုန်းက မြေပိုင်ရှင်ကြီးရဲ့အခစားလယ်သမားတစ်ယောက်ကို ချီးမြှောက်ချင်တာနဲ့
လိုတဲ့ဆုကိုတောင်းပါလို့ ပြောလိုက်တယ်။ လယ်သမားက သေသေချာချာစဉ်းစားပြီးနောက်
“ မြေတွေအများကြီးလိုချင်တယ် ” လို့ပြောလိုက်ပါတယ်။ ဒီတော့ မြေပိုင်ရှင်ကြီးက
“ နေစထွက်ချိန်ကစပြီး နေဝင်ချိန်အထိ  မြင်းစီးပြီးပတ်မိသလောက်မြေကိုယူစေ ”
လို့ မြေပိုင်ဆိုင်ခွင့်ကိုပေးလိုက်ပါတယ်။ လယ်သမားလည်း အရမ်းကို ဝမ်းသာသွားပါတယ်။
ဒါနဲ့ နေစထွက်ချိန်မှာပဲ မြင်းစီးပြီးထွက်ခဲ့ပါတယ်။ လောဘရဲ့သဘောအတိုင်းပါပဲ၊
မြေကို များများလိုချင်တာကြောင့် တော်တော်နဲ့နောက်ကြောင်းမလှည့်ဖြစ်ပါဘူး။
နေဝင်ခါနီးအချိန်ရောက်မှ စထွက်တဲ့နေရာကို ပြန်ရောက်မှ ဖြစ်မှာကို သတိရပြီး၊
မြင်းကို ဒုန်းဆိုင်းပြီး အားကုန်ပြန်မောင်းနှင်ခဲ့ပါတယ်။မြင်းဟာ တစ်နေ့လုံး ဘာအစားမှ
လည်း မစားရ၊ ရေလည်းမသောက်ရတာကြောင့် အမောဆို့ပြီး လမ်းမှာ သေဆုံးသွားပါတယ်။
နေကလည်း ဝင်တော့မယ်၊ ဒါနဲ့ပဲ လယ်သမားဟာ စထွက်တဲ့နေရာရောက်ဖို့အားကုန်ပြေး
လာခဲ့ပါတယ်။ သူဟာလည်း အစားလည်းမစားဖြစ်၊ရေလည်းမသောက်ဖြစ်တာကြောင့်
ခြေများလေးသည်ထက်လေးလာပါတယ်။ မောသည်ထက်မောလာတယ်။လောဘဇောကြောင့်
သာပြေးနေရပေမယ့် အားကုန်ခမ်းလာပါတယ်။ မိုးကုတ်စက်ဝိုင်းမှ စပြီးနေဝင်စပြုချိန်မှာတော့
စထွက်တဲ့နေရာကိုမြင်တွေ့နေရပါပြီ။ အချိန်နည်းနည်းသာ ကျန်ပါတော့တယ်။ စထွက်တဲ့
နေရာရောက်ဖို့လည်း နည်းနည်းသာလိုပါတော့တယ်။ နောက်ဆုံး ကြိုးစားအားထုတ်မှုအတွက်
သူ့မှာရှိသမျှ အင်အားတွေကို ထုတ်ပြီး ဒယိမ်းဒယိုင် နဲ့ ပြေးလာခဲ့ပါတယ်။ စထွက်တဲ့နေရာကိုတော့
ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ပင်ပန်းလွန်းတဲ့အတွက် နှလုံးက မခံနိုင်တာကြောင့် အမောဆို့ပြီး
သေဆုံးသွားပါတယ်။ သူ့အနေနဲ့ မြေတွေ အမြောက်အများလိုချင်ခဲ့ပေမယ့် တကယ်တမ်း ရလိုက်တဲ့
မြေနေရာအားလုံးမှာ ( ၆-ပေx၄-ပေ ) အကျယ် မြေတစ်နေရာသာဖြစ်ပါတယ်။
မိုက်မဲလိုက်တာလို့ အပြောမစောပါနဲ့။ဒီလောကကြီးထဲမှာအဲဒီလို မိုက်မဲသူတွေ အမြောက်အများရှိနေတယ်
ဆိုတာကို ဉာဏ်မျက်စိရှိရင် မြင်နိုင်ပါတယ်။  အဲဒီ မိုက်မဲသူတွေအထဲမှာ
ကိုယ်လည်းပါနိုင်ပါလား ? ဆိုတာကတော့ ဉာဏ်သတိရှိမှ သိနိုင်ပါလိမ့်မယ်။
ဒါကြောင့်အခက်မကြုံရအောင် မတရားသဖြင့် လိုချင်တာကသာလောဘ ဖြစ်တယ်လို့
အသိပေး လိုက်ပါရစေခင်ဗျာ ။

ဒီပုံပြင်လေးကို  အမြဲသတိရပြီးတော့.. ဘယ်အလုပ်ပဲလုပ်လုပ်.. ၀ိသမလောဘဓါတ်တွေ
နည်းနိုင်သမျှနည်းအောင် ကြိုးစားလုပ်ကိုင်ပြီး.. မိမိလုပ်လိုက်တဲ့ အလုပ်ဟာ
မိမိသူတစ်ပါးအတွက် တရားမျှတမှုရှိရဲ့လား.. အပြစ်ကင်းရဲ့လား..
ဖြူစင်သန့်ရှင်းကောင်းမြတ်မှန်ကန်သော အသက်မွေးမှုရှိရဲ့လား ဆိုတာလေး
အမြဲစဉ်းစားချင့်ချိန်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ လို့ ပြောကြားလိုပါတယ်။


သူငယ်ချင်းအားလုံးကို
အစဉ်လေးစားခင်မင်စွာဖြင့်
ညချစ်သူ



Share