page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, June 11, 2012

တလွဲမာနရဲ့ ဒုက္ခ

ညချစ်သူ | 1:17 AM |
ညချစ်သူ | 1:17 AM |




Best Blogger Tips
Share
မူလခေါင်းစဉ်က " မြက်ထမ်းသမားနဲ့သူတောင်းစား" ပါတဲ့
မြက်ထမ်းသမားဟာ တောင်ကုန်းလေးအတိုင်း တရွေ့ရွေ့တတ်လာတယ်။ စိမ်းလန်းပြီး ရှည်လျားတဲ့ မြက်တွေကိုတောင်ခြေမှာရှိတဲ့ မြက်ရိုင်းတောကြီးထဲက ရိတ်လာတာ။ သူ့မှာ နွားခြောက်ကောင်ရှိတယ်။ လယ်သုံးဧကရှိတယ်။ ဒါပေမယ့် သားသမီးမထွန်းကားဘူး။ ကိုယ်ခွဲကိုယ်ပွားမရှိတော့ ဥစ္စာရှင်လို ဥစ္စာရင်ခဲ ကိုယ်တိုင်ပဲရှိသမျှအလုပ်တွေ ကုန်းကြုံး ပြီးတော့လုပ်နေရလေ့ရှိတယ်။ 

သူ့မယားလေးက သနပ်ခါးဖွေးဖွေး၊ သီချင်းလေးတအေးအေးနဲ့ နေလေ့ရှိတယ်။ ရွာမှာ တော့ အချောအလှထိပ်ခေါင်တင်ပေါ့။ နွားကျောင်းသားကအစ၊ စာရင်းငှားကအစ သူ့မိန်း မအလှကို ငေးရီနေတတ်လေ့ရှိတယ်။ သူက“ကြာကူလီတွေ၊ဒုသ-န-သောတွေ”လို့ အော် ဟစ်မောင်းမဲပစ်လေ့ရှိတယ်။ ဒါကြောင့်တော်တန်ရုံအလုပ်တွေကို ကိုယ်တိုင်ပဲ လုပ်လေ့ရှိ တယ်။ လူငှားနဲ့များလုပ်မိရင် အဲဒီလူငှားက သူ့မယားဆီမှာ ရေတောင်းသောက်ရတာနဲ့၊ ဆေးလိပ်တောင်း မီးညှိရတာနဲ့။ မိန်းမကလည်း စေတနာရေစီးကမ်းပြိုလိုက်ပြီး ရေ တောင်းရင် ထန်းလျက်ပါ ကျွေးရတာနဲ့၊ မိန်းမတစ်ယောက်ယူထားရတာ မြက်ထုံးကြီး ထမ်းထားရ တာထက် လေးတယ်လို့သူထင်မိရဲ့။ 
ဒါပေမယ့် ဒီမိန်းမမျက်နှာလေးများ ချွေးတွေသံတွေကြားထဲက မြင်လိုက်ရပြီဆိုရင် ရေမ သောက်ရပဲနဲ့ အမောအပန်းတွေ ပြေပျောက်သွားတယ်လို့ သူထင်တယ်။ အဲဒါကြောင့် လည်း အခုမြက်ရိတ်ပြီးရွာကို ခပ်မြန်မြန်ပြန်လာတယ်။ မြက်ထုံးကြီးက လေးလံတော့ သူ့စိတ်ကမြန်နေသလောက် သူ့ခြေထောက်တွေက တဖြည်းဖြည်း တရွေ့ရွေ့မျှသာ။ ဒီတောင်ကုန်းကလေး ကျော်ပြီး တော်တော်သွားမိရင်တော့ ရွာပြန်ရောက်ပါပြီ။ ဒါပေမယ့် သူတော်တော်မောနေပြီ။ ဖြစ်နိုင်ရင် ဒီမြက်ထုံးကြီးကိုတောင် ပခုံးပေါ်က ပစ်ချခဲ့ချင်ပြီ။ ဒါနဲ့တောင်ထိပ်ရောက်တော့ အရိပ်ကောင်းရာမှာ မြက်ထုံးကြီး ဘုန်းခနဲပစ်ချပြီးတော့ ခြေပစ်လက်ပစ်နားလိုက်တယ်။ တစ်ကိုယ်လုံးက စီးကျနေတဲ့ ချွေးတွေကိုကြည့်ပြီး သူရေ ဆာလာတယ်။ အင်း…ရေဘူးကပါမလာဘူး။ တောင်ပေါ်လေကို ခပ်ပြင်းပြင်း ရှူရှိုက်ရင်း သာ သူအမောဖြေနေတယ်။
“တော်တော်မောသွားပြီလား ကိုယ့်ဆရာ။ ရော့…ရော့ ရေသောက်လိုက်ပါဦး” 
ခပ်သြသြ အသံကြားလိုက်ရတော့ သူလန့်သွားတယ်။ ကြည့်လိုက်တော့ ခပ်ညိုညို၊ ခပ်ပုပု လူ တစ်ယောက်ကို တွေ့ရတယ်။ ပုဆိုးတိုတိုဝတ်ထားပြီး အပေါ်ပိုင်းကိုယ်ဗလာနဲ့၊ လည် ပင်းမှာ တဘက်ဟောင်းတစ်ထည် ရစ်သိုင်းထားတယ်။ 
“ရော့ဗျာ… အမောပြေ သောက်ပါ” 
တုန်ယင်နေတဲ့လက်တစ်ဖက်နဲ့ သူရေဘူးကိုလှမ်းယူလိုက်တယ်။ သူစိမ်းကို တစ်ချက် အကဲခတ်ရင်း၊ ရေဘူးကိုနှုတ်ခမ်းမှာတေ့ရင်း ဂလွတ်ဂလွတ်နဲ့ မြည်အောင် သောက်ချပစ် လိုက်တယ်။ ပြီးတော့ ရေဘူးကိုပြန်ကမ်းပေးရင်း “ခင်ဗျားဘယ်သူလဲ”လို့ မေးလိုက်တယ်။
လူဆိုးဓားပြ ဖြစ်နေရင်မခက်ဘူးလား။ သူ့မှာဘာမှအဖိုးတန်တာ မပါပေမယ့် ဒီမြက်ထုံး ကြီးကို လုယူသွားရင် မခက်ဘူးလား။
သူစိမ်းက ဟက်ဟက်ပက်ပက်ကြီး ရယ်လိုက်တယ်။ ပြီးမှ…. 
“ကျုပ်ကို မမှတ်မိဘူးလား ကိုချစ်ခင်။ မယားအလှလေးကို နာမည်နဲ့လိုက်အောင်  ချစ်တတ် ခင်တတ်တဲ့ ကိုချစ်ခင်ရေ ကျုပ်လူဆိုး မဟုတ်ပါဘူး။ အင်း….လူကောင်းလို့ လည်း မပြောချင်ဘူး။ ကျုပ်ဟာ ခင်ဗျားအတွက်ရော လောကကြီးအတွက်ရော အရေးကြီး တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် အိမ်တစ်အိမ်မှာ လိုရမယ်ရ ဝယ်သိမ်းထားတဲ့ ပစ္စည်းလေး တစ်ခုလိုပေါ့ဗျာ။ လိုတဲ့အခါ ထုတ်သုံးရသလိုပါပဲ။ အခုလဲခင်ဗျား ရေဆာနေတယ်။ မောနေတယ်။ ကျုပ်ဟာ လိုရမယ်ရ လူတစ်ယောက်အနေနဲ့ အခုခင်ဗျားကို ရေတိုက် တယ်။ ဒါပါပဲ။ ခင်ဗျားဆီက ကျုပ်ဘာမှ ပြန်မလိုချင်ပါဘူး။”
 လို့ ဌာန်နဲ့ မာန်နဲ့ ပြောလိုက် တယ်။ 
ငါ့အကြောင်း ငါ့နာမည်သိနေပါလား။ ဒင်း…ဘယ်သူလဲ မေးလို့မဖြေလည်း ရှိပါစေတော့။ အင်း…ပုံပြင်တွေထဲမှာ ကြားဖူးသလို တောစောင့်နတ်၊ တောင်စောင့်နတ်ကြီးများလား။ ဘာပဲဖြစ်ဖြစ် အမောပြေသွားပြီ။ မယားလှလေးလည်း မျှော်နေရော့မယ်။ ဒင်းနဲ့လေရှည် နေလို့ မဖြစ်ချေဘူး။
“ကျေးဇူးပဲဗျာ။ ကျုပ်မှာအလုပ်တွေရှိသေးတယ်။ သွားဦးမှပဲ” 
ပြောပြောဆိုဆိုမြက်ထုံးကြီးကို ကောက်ထမ်းတယ်။ ဟန်ချက်မညီတော့ မြက်ထုံးကြီးက အောက်ကို ပြန်ပြုတ်ကျသွားတယ်။ သူနောက်တစ်ကြိမ် ကြိုးစားပြီး မြက်ထုံးကြီးကို ထမ်းတင်လိုက်တယ်။ သူ့ခန္ဓာကိုယ်ယိုင်ထိုးသွားပြီး မြက်ထုံးကြီး ပြုတ်ကျသွားပြန်တယ်။ မြက်ထုံးကြီးဟာ သုံးလေးပတ်လိမ့်သွားပြီး သူစိမ်းရဲ့ခြေရင်းမှာ ရပ်တန့်သွားတယ်။
“မြက်ထုံးကြီးဟာ ခင်ဗျားထမ်းနိုင်တာထက် ပိုလေးနေတယ်။ ဒီမြက်တွေရိပ်ကတည်းက ခင်ဗျား ထမ်းနိုင်တာထက် ပိုရိပ်ခဲ့တာကိုး။ အေးလေ…စိတ်ကလိုချင်နေတာ။ ခန္ဓာကိုယ် က မတတ်နိုင်တော့ဘူး။ ဒီတောင်ကုန်းပေါ်ရောက်အောင် တော်တော် တတ်လာခဲ့ရတာ။ ဟိုဘက်ကို ဆက်လျှောက်ဖို့ကလည်း တော်တော်ဝေးသေးတယ်။”
သူစိမ်းကပြောလက်စနဲ့ပဲ သူ့ကိုတစ်လှည့်၊ မြက်ထုံးကြီးကို တလှည့်ကြည့်နေတယ်။ ဒီကောင်ကဘာလဲ။ လိုရမယ်ရ လူတစ်ယောက်ဆိုတဲ့ ဒီကောင်ဟာခုနက သူတော် ကောင်းယောင်ဆောင် ရေတိုက်ခဲ့ပြီး အခုမြက်ထုံးကြီးကို လုယူတော့မယ်။
သူဟာအားကုန်ညှစ်ပြီး မြက်ထုံးကြီးကို ပြေးယူထမ်းတင်လိုက်တယ်။ လေးငါးလှမ်း လောက်ရောက်တော့ လူရောမြက်ထုံးကြီးပါ လုံးထွေးလဲကျသွားတယ်။ သူစိမ်းဆီက သက် ပြင်းချသံ အတိုင်းသားကြားလိုက်ရတယ်။ 
“ကျုပ်မလိုက်ပို့နိုင်တာ စိတ်မကောင်းဘူးဗျာ။ အင်း…လူကိုယ်တိုင် ထမ်းပိုးပြီး လိုက်မပို့နိုင် ပေမယ့် အကြံဥာဏ် အနေဖြင့်တော့ လိုက်ပို့နိုင်ပါတယ်။ ဒီလိုဗျာခင်ဗျားဟာ  အစတည်း က မနိုင်ဝန်ကို ထမ်းလာတယ်။ အဲဒီတော့ ကိုယ်နဲ့မနိုင်ရင် ဥာဏ်နဲ့နိုင်အောင် လုပ်ရမယ် ဗျ။ ဥာဏ်ကူရမယ်။ အကြံယူရမယ်” 
လို့ ပိုင်စိုးပိုင်နင်း ပြောနေတယ်။
“ဒီမြက်တွေ လျှော့ချခဲ့ဖို့ မင်းအကြံပေးမလို့လား။ ငါတစ်မနက်လုံး ပင်ပင်ပန်းပန်းရိတ်ခဲ့ရ တာ။ လမ်းတစ်ဝက်ရောက်အောင် ထမ်းလာပြီးမှ မြက်တစ်ပင်မှ လွှင့်မပစ်နိုင်ဘူး။ ဒီမြက် တွေ အကုန်ယူသွားမယ်။” 
ပင်ပန်းနေတော့ စိတ်တိုလာပြီး သူအော်ပြောလိုက်တယ်။ ချက်ချင်းပဲ မြက်ထုံးကြီးကို ကမန်းကတန်း ကောက်ထမ်း။ အားလွန်ပြီး မြက်ထုံးကြီးပြုတ်ကျသွားပြန်တယ်။ ဒီလူဟာ မှော်အတတ်နဲ့များ ငါ့ကိုပြုစားနေပြီလားလို့ သူထင်လာတယ်။ သူစိမ်းကတော့ တဟဲဟဲ ရယ်နေလေရဲ့။
“ကဲပါဗျာ။ ကျုပ်ခပ်မြန်မြန်ပဲ အခမဲ့အကြံပေးပါတော့မယ်။ အားကြီးတဲ့ဝန် မနိုင်ဝန်ကို ပခုံး ပေါ်မှာ ဖိဖိစီးစီးနီးနီးကပ်ကပ် ဖက်တွယ်ထမ်းပိုးထားလို့ ဘယ်နိုင်မလဲဗျ။ ဒီတော့အားကြီး တဲ့ဝန်ကို  တစ်ဝက်စီခွဲပစ်လိုက်ပါ။ ပြီးတော့ပခုံးနဲ့ နည်းနည်းဝေးတဲ့ နေရာပို့လိုက်စမ်းပါ။ ပခုံးကြီးနဲ့တိုက်ရိုက်ထမ်းစရာ မလိုပါဘူးဗျာ။ အကူလိုတယ်ဗျ။ ကူထမ်းပေးမယ့်ထမ်းပိုး လိုတယ်လေဗျာ။ ကဲ….ကြာပါတယ်ဗျာ” 
သူစိမ်းဟာ ပြောပြောဆိုဆို နောက်ကျောဘက်ပုဆိုးကြားမှာ ထိုးထားတဲ့ဓားကို ဆွဲထုတ် လိုက်တယ်။ ရုတ်တရက် သူလန့်သွားတယ်။ ဒါပေမယ့် သူစိမ်းက သူ့ကိုရန်မလုပ်ပါဘူး။ အနီးက ဝါးတောထဲက ဝါးတစ်လုံးကို ခုတ်ယူလိုက်ပြီး အကိုင်းအခက်အရွက်တွေကို ဖျင်လိုက်တယ်။  
“ကဲ…ထမ်းပိုးရပြီ။ ခင်ဗျားမြက်ထုံးကြီးကို တစ်ဝက်စီခွဲ တစ်ဝက်စီမျှထမ်းရင် အဆင်ပြေပြီ လို့ ကျုပ်ထင်ပါတယ်။ ကဲ…လုပ်ကြည့်စမ်းပါတော့” 
သူဟာ အာစေးမိနေသူလို ဘာမှပြန်မပြောတော့ဘဲ သူစိမ်းပြောတဲ့အတိုင်း လုပ်ကြည့် လိုက်တယ်။ ဟုတ်သားပဲ။ မနိုင်ဝန်ကို ခွဲပြီးထမ်းလိုက်တော့ ပေါ့ပါးသွားလိုက်တာ။ ခုနက ဖြင့် မြက်ထုံးကြီးကို တအင့်အင့်မြည်အောင် ထမ်းလာရတာ။ ခါးကြီးကုန်းလို့၊ ခါးကြီး စောင်းလို့ ခြေထောက်တွေသာ ခွေယိုင်လို့။ ခုတော့ ကြောကြော့မော့မော့လေးပါပဲ။ လေးညှို့က လွှတ်လိုက်တဲ့မြှားလိုမြန်ပြီး ငှက်ကလေးထပျံသလို ပေါ့ပါးနေလိုက်တာ။
မြက်ထမ်းသမားဟာ အတော်လေး ခရီးရောက်လာတော့မှ “ငါ့နှယ်ရိုင်းလိုက်တာ။ အကြံ ကောင်းဥာဏ်ကောင်းပေးသူကို ကျေးဇူးစကားလေးမှ မဆိုခဲ့ရဘူး။”လို့ သတိရလာပြီး မြက်ထုံးကို ချလိုက်တယ်။ ချက်ချင်းပဲ နောက်ကြောင်းကို ခပ်မြန်မြန် ပြန်လှည့်လာခဲ့ တယ်။ 
“ဘာများမေ့ကျန်ခဲ့လို့လဲဗျ” သူစိမ်းက ဆီးကြိုပြီးတော့မေးတယ်။ 
“ခင်ဗျားကို ကျေးဇူးတင်စကားပြောဖို့ မေ့ကျန်ခဲ့လို့ဗျာ။ ခင်ဗျားဟာ အင်္ကျီမပါကိုယ်ဗလာ ကျင်းထားပေမယ့် ပညာအလင်းရောင် ရှိသူဖြစ်ပါတယ်။ ခင်ဗျားရဲ့ အကြံဥာဏ်ကြောင့် ကျုပ်ရဲ့မနိုင်ဝန်ဟာ ပေါ့ပါးသွားခဲ့ပါပြီ။ ကျေးဇူးအထူးတင်ပါတယ်။ ဒါနဲ့ခင်ဗျားက ကျုပ်နာ မည်ကိုတောင် သိနေတယ်။ ကျုပ်ကခင်ဗျားကို မသိတာခွင့်လွှတ်ပါ။ ခင်ဗျားဘယ်သူလဲ။” 
သူစိမ်းက အားရပါးရ လွတ်လွတ်လပ်လပ်ကြီး ရယ်မောလိုက်တယ်။ ပြီးမှ 
“ကျုပ်ရဲ့ပုံပန်းကို မမှတ်မိပေမယ့် ကျုပ်အသံကိုတော့ ခင်ဗျားမှတ်မိမှာပါ ကိုချစ်ခင်။ ခင်ဗျား ရဲ့ အိမ်ပေါက်ဝမှာ ကျုပ်ဒီလိုအော်ခဲ့ဖူးတယ်လေ။ အစ်ကိုကြီးတို့ အစ်မကြီးတို့ ခင်ဗျာ ပုဗ္ဗေစ အခြေမလှသူ ကို…” 
“တော်…တော်…မင်းဟာ လက်စသတ်တော့ သူတောင်းစားဖိုးထောင် ဖြစ်နေတာကိုး။ မင်းလို သူတောင်းစားဆီကမှ ငါက အကြံဥာဏ်ယူမိတယ်….ထွီ” 
မြက်ထမ်းသမားဟာ ချာခနဲလှည့်ထွက်လာခဲ့တယ်။ သူတောင်းစားရဲ့ ရယ်သံတွေကပဲ့ တင်နေတယ်။ သူထားခဲ့တဲ့ မြက်ထုံးနှစ်ထုံးနဲ့ ဝါးလုံးထမ်းပိုးအနား ပြန်ရောက်တဲ့အထိ ဒေါသနဲ့ တုန်ယင်နေတော့တယ်။ သူဟာမြက်ထုံးကြီှးနှစ်ထုံးကို မြက်ထုံးကြီး တစ်ခုတည်း ဖြစ်အောင် ချက်ချင်းပဲ လုပ်ပစ်လိုက်တယ်။ ဝါးလုံးကိုလည်း ကန်ထုတ်ပစ်လိုက်တယ်။
ပြီးတော့ မနိုင်ဝန်မြက်ထုံးကို ပခုံးပေါ်ကောက်တင်လိုက်တယ်။ ရုတ်တရက် သူဟာ လဲပြို သွားမတတ် အားကုန်ညှစ်ပြီး တောင့်ခံထားလိုက်တယ်။ ဘယ်လောက်ကြာအောင် တောင့်ခံထား နိုင်မလဲဆိုတာ သူကိုယ်တိုင်မသိပါဘူး။ မြက်ထမ်းသမားဟာ ရှေ့ကို တစ် လှမ်းနှစ်လှမ်း လေးငါးလှမ်း ဆက်ပြီးတော့ လျှောက်ကြည့်ပါတယ်။ ဒီမြက်ထုံးကြီး ရွာအ ရောက် သယ်နိုင်ပါ့မလားဆိုတာ သူမစဉ်းစားပါဘူး။ 
သူ့ပခုံးပေါ်က မြက်ထုံးကြီးထက် သူ့ရဲ့ဒေါသ၊ သူ့ရဲ့မာန၊ သူ့ရဲ့အတ္တတွေဟာ ပိုပြီးလေးလံလှ ပါတယ်။ 
ဒါကြောင့် ဒီအကြောင်းအရာကို တွေးကြည့်မယ်ဆိုရင် ကိုယ့်ဒေါသနဲ့ကိုယ် ပင်ပန်းဆင်းရဲ ရတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့အကြံဥာဏ်ဖြစ်မယ်ဆိုရင် သူတောင်းစား ဆီကလည်း ယူသင့်ရင်ယူရပါမယ်။ တလွဲမာန၊အတ္တကြောင့် ပင်ပန်းဆင်းရဲရပုံ၊ မနိုင်ဝန် ကို တစ်ယောက်တည်း လုပ်တဲ့အတွက် ပင်ပန်းရပုံ၊ သူတစ်ပါးကို အထင်အမြင်သေးစွာ ဆက်ဆံတဲ့အတွက် ကိုယ်သာ ပင်ပန်းရပုံတို့ကို အထက်ပါ အကြောင်း အရာလေးက ထောက်ပြနေပါတယ်။
အခုစာဖတ်သူလည်း အတွေးတစ်ခုခုရသွားမယ်လို့ မျှော်လင့်မိပါတယ်။ 
အမည်မဲ့နေရာတစ်ခု ဘလောဂ်စာမျက်နှာ မှ
စိုးမင်းဦး
Share

No comments: