page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, May 9, 2012

ပျော်ရွှင်မှုဟူသည်

ညချစ်သူ | 2:44 AM |
ညချစ်သူ | 2:44 AM |




Best Blogger Tips
Share


@–>->——-

ပျော်ရွှင်မှုဟူသည် လူငယ်တစ်ယောက်အတွက် နှင်းဆီပွင့်နှင့်တူ၏။

ဖူးငုံကာစအနေမှာပင် သင်း၍မွှေးသော ရနံ့ကလေးဖြင့် မက်မောချင်ဖွယ်ကောင်းလှသည်။

မိုးအဆုံး၊မြေအဆုံး၊ ကမ္ဘာမြေအဆုံးတိုင် ဤနှင်းဆီလောက်လှသော နောက်တစ်ပွင့် မရှိတော့ပြီဟု ထင်မှတ်ရလောက်အောင် ဖူးပွင့်နေတတ်၏။

နှင်းဆီအဖူးကို အခူးမတတ်ချေက ဆူးစူးမည့်ရန်ကလဲ ရှိသေးသည်။

လွတ်လပ်စွာလှပနေသော နှင်းဆီကလေး အလွယ်တကူမပျက်စီးစေရန် အဟန့်အတားအဖြစ် ဆူးခက်များရှိနေခြင်းက သဘာဝကျသည်ဟု လူငယ်သည် နားလည် လက်ခံခဲ့၏။

ပျော်ရွှင်မှုနှင်းဆီကလေးကို လူငယ်သည် အလွဲသုံးစား မလုပ်ခဲ့ချေ။

သူ၏ နှင်းဆီပွင့်လေးကို မြတ်နိုးခဲ့၏။

လူငယ်ဘ၀၏ ပျော်ရွှင်ခြင်းများသည် နောင်နှစ်ပေါင်းများစွာအထိ ဤအတိုင်းသာရှိနေလိမ့်မည်ဟုလည်း ထင်မှတ်မိခဲ့လေသည်။

@–>->——-

ထိုသို့ဖြင့် နွေမိုးဆောင်းတို့သည် ပြောင်းခဲ့၏။

လူငယ်သည်လည်း ဘ၀ကို ရင်ဆိုင်ကျော်ဖြတ်နေရပြီဖြစ်သည်

မေတ္တာတရားဟူသည် သူ၏၀န်းကျင်တွင် ရှားပါးပစ္စည်းပမာ ဖြစ်လာသည်။

@–>->——-

ပျော်ရွှင်မှုတည်းဟူသော သူ၏နှင်းဆီကလေးမှာ ညှိုး၍ ညှိုး၍လာချေတော့၏။

လူငယ်ခမျာ မနိုင်ဝန်ထမ်းထားရသော မြည်းသတ္တ၀ါကလေးပမာ တရွေ့ရွေ့သာ သွားနိုင်တော့သည်။

မျှော်လင့်ချက်ပန်းတိုင်ဟူသည်ကား အဘယ်နည်း။

ကမ်းမမြင်လမ်းမမြင် ပင်လယ်ကြီးထဲတွင် မျောနေလေသော လှေငယ်လေးကဲ့သို့ တချက်တချက် လှမ်းမြင်ရသည်မှာ ကုန်းမြေလေလားဟု အနားကပ်သွားခါမှ ကျောက်ဆောင်ကမ်းပါးဖြစ်နေ၍ ၀င်တိုက်မိမည်စိုးသောကြောင့် ပြန်လှည့်ခဲ့ရသည်များလည်း ရှိ၏။

အားပေးကူညီမည့်သူဟူ၍ တစ်စုံတစ်ယောက်ကိုမျှ မျှော်လင့်၍မရချေ။

@–>->——-

သူသူငါငါ အားလုံးတို့မှာ မိမိတို့နှင်းဆီရှင်သန်ရေးကိုသာ အတ္တများဖြင့် မျောနေကြ၏။

အချို့က ငွေကြေးကိုအသုံးပြု၍ နှင်းဆီအတုများ ဖန်တီးကြ၏။

ထိုသူတို့၏ နှင်းဆီအတု၊ ပျော်ရွှင်ခြင်းအတုများမှာ ငွေကြေး၏တန်ခိုးကြောင့် တာရှည်ခံသည်။

တော်ရုံနှင့် ကြွေလွင့်သွားခြင်း မရှိတော့ပေ။

မိမိတို့၏ နှင်းဆီအတွက် သူတစ်ပါး၏နှင်းဆီလေးများကို အတ္တဆန်စွာ နင်းချေပစ်ခဲ့သူများလည်းရှိ၏။

လူနည်းစုအချို့မှာမူ လောကကို ဓမ္မဓိဌာန်ကျကျ ရှုမြင်ပြီး အေးချမ်းစွာ နေထိုင်တတ်သဖြင့် သူတို့၏နှင်းဆီပန်းကလေးများမှာ ထာဝစဉ်လန်းဆန်းလေသည်။

လူငယ်သည် အမျိုးမျိုးသောနှင်းဆီတို့အကြောင်းကို နားလည်ခဲ့ပြီ။

ရှစ်ပါးသောလောကဓံတို့နှင့်အတူ လူ့ဘ၀ကို အလိုက်သင့်နေထိုင်သွားရန်လည်း ဆုံးဖြတ်ချက်ချလိုက်ရသည်။

ဘ၀ဟူသည် နောက်လှည့်ထွက်ပြေး၍ ရကောင်းသောအရာမျိုးမဟုတ်။

ရှေ့ဆက်သွားရန်သာ ရှိတော့လေသည်။

@–>->——-

ချစ်သောနှင်းဆီကလေး မှာကား ကြွေလွင့်ခဲ့ပြီဖြစ်သည်။

လူငယ်မှာမူ လောက၀တ္တရားများကို ရင့်ကျက်တည်ငြိမ်ဟန်မပျက် ဆက်လက်ထမ်းဆောင်ရင်း လွင့်ကြွေခဲ့လေသော နှင်းဆီလေးကို လွမ်းဆွတ်အောက်မေ့လျက်သာ ရှိတော့သတည်း ။ ။
Share

1 comment:

ချစ်စံအိမ် said...

လာရောက်ဖတ်ခဲ့ပါတယ်ရှင်