page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, April 30, 2012

ဘဝမှာ နေပျော်စေမည့်နည်း ၁၀

ညချစ်သူ | 8:34 AM |
ညချစ်သူ | 8:34 AM |




Best Blogger Tips
Share

by Health Articles on Sunday, April 29, 2012 at 10:23am ·
 
 


အငန်စားမိတိုင်း လေးလံသလို ခံစားနေရ ပါသလား

(၁) ဆားလျှော့စားပါ

ဆား စားသုံးမှု များတာက သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေ စုဆောင်းမိ နေစေပြီး သွေးပေါင်တက်စေပါတယ်။ ဆားစားသုံးမှုကို လျှော့ချနိုင်ဖို့ ဆားနယ်ထားတဲ့ အသား၊ ငါးတွေ၊ ဆားစိမ်ထားတဲ့ အစားအသောက်တွေ အစား လတ်လတ်ဆတ်ဆတ် အစားအသောက်တွေကို ရွေးချယ်စားပါ။ ဟင်းခတ်မှုန့် သုံးမယ့်အစား ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ စပါးလင်စတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကို အစားထိုး သုံးစွဲပါ။


စိတ်ဖိစီးမှုများတိုင်း ဒေါသကြီးတတ်သလား

(၂) လှေကားတက်ပါ

သင်ဟာ  စိတ်ဖိစီးမှုများပြီး တစ်ယောက်တည်း ဒေါသတွေ ကြီးနေတတ်ပါသလား။ ဒီလိုဖြစ်တိုင်း ဆေးလိပ်သောက်တာ၊ အချိုစာတွေ စားတာထက် အကောင်းဆုံး ဖြေရှင်းနိုင်တဲ့ နည်းလမ်းအနေနဲ့ လှေကားထစ်တွေ တက်လိုက်ပါ။ ဒါမှမဟုတ် ၁၀ မိနစ်လောက် လေ့ကျင့်ခန်း လုပ်လိုက်ပါ။ သင့်စိတ်ကို အားအင်ပြည့်ဝနေစေပါတယ်။

စိတ်ညစ်တိုင်း ဒိုးနပ်စားလေ့ရှိသူလား

(၃) သစ်သီးစားတဲ့ အကျင့်ကို ပြောင်းပါ

တချို့တွေက စိတ်ညစ်တဲ့အခါ၊ စိတ်ရှုပ်ထွေးတဲ့အခါ အစာပိုစားမိတတ်ကြပါတယ်။ အဲလိုစားတဲ့အခါ အချိုကဲတဲ့၊ အဆီများတဲ့ အစာတွေအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးစားပေးတာက သင့်ကို ကိုယ်အလေးချိန် တက်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဖြူအောင် ဖွပ်ထားတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ အချိုဓာတ်များတဲ့ အစားအစာတွေက သင့်ကို ကိုယ်အလေးချိန် တက်စေပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဒိုးနပ်တွေ၊ ပေါင်မုန့်တွေစားမယ့် အစား ပန်းသီးတစ်လုံ စားတာက သင့်ကို အကျိုးများစွာ ရှိစေပါတယ်။

မနက်အိပ်ရာ ထချိန်တိုင်း စိတ်ကြည်လင်မှု မရှိဘူးလား

(၄) အိပ်ရေးဝဝအိပ်ပါ

တစ်ညကို ၇-၈ နာရီ ရအောင် အိပ်စက်ပေးပါ။ စွမ်းအင်ပြန်လည် ပြည့်ဝနေစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါတယ်။ ညအိပ်ရာမဝင်မီ ကော်ဖီသောက်တာ၊ လေ့ကျင့်ခန်း အချိန်ကြာကြာလုပ်တာတွေ ရှောင်ပါ။ အိပ်ခန်းထဲမှာ တီဗီ၊ ကွန်ပျူတာ၊ တိရိစ္ဆာန် ထားရှိတာတွေ ရှောင်ပါ။

စိတ်ကူးသစ် မရတိုင်း ခေါင်းကုတ်နေ တတ်သလား

(၅) ဆံပင်ပုံစံသစ် ပြောင်းပါ

သင့်ပုံစံကို အမြင်ပြောင်းသွားအောင် ဆံပင်ပုံစံ ပြောင်းလဲလိုက်ပါ။ အမြင်ပြောင်းသွားတာကြောင့် သင့်စိတ်လည်း ပြောင်းလဲသွားပြီး အတွေးအခေါ်သစ်တွေနဲ့ ဖန်တီးမှုအသစ်တွေကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ရုံးသွားတဲ့အခါလမ်းကြောင်း အသစ်က ပြောင်းသွားတာ၊ ညနေဘက် လမ်းလျှောက်ထွက်တဲ့အခါ သွားနေကျမဟုတ်တဲ့ လမ်းကို သွားတာ၊ စားနေကျမဟုတ်တဲ့ မနက်စာစားတာ စတာတွေက သင့်အမြင်နဲ့ စိတ်ကူးတွေကို ဆန်းစစ်နေစေပါတယ်။

လေ့ကျင့်ခန်း မလုပ်ချင်တိုင်း ထိုင်နေမိသလား

(၆) လမ်းပတ်လျှောက်ပါ

အားကစားခန်းမသွားပြီး ကစားဖို့ ပျင်းရိနေပါသလား။ အနည်းငယ် လှုပ်ရှားတာနဲ့ စွမ်းအင်ပြန်လည် ပြည့်ဝလန်းဆန်းစေဖို့ သင်နေထိုင်ရာ ပတ်ဝန်းကျင်မှာ လမ်းပတ်လျှောက်ပေးပါ။ ယောဂကျင့်ဖို့၊ ထိုက်ချိကစားဖို့တွေ မလုပ်ချင်ပါက မနက်စောစော အိပ်ရာထချိန်မှာ တရားထိုင်ပေးပါ။

ဗိုက်ဆာတိုင်း အစာတွေ အများကြီး စားမိနေသလား

(၇) အမျှင်ဓာတ် များများစားပါ

အမျှင်ဓာတ်က သင့်ကို ပြည့်ဝနေစေတာကြောင့် အစာစားမှု နည်းသွားစေပါတယ်။ သင်ဟာ မကြာခဏ ဗိုက်ဆာတိုင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီကြော်စာတွေ စားမိနေတတ်သလား။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားပေးပါ။ ဆာလောင်မှုကို လျော့နည်းစေပြီး နှလုံးကျန်းမာရေးကိုပါ အထောက်အကူ ဖြစ်စေပါတယ်။ အုတ်ဂျုံ၊ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ကွေကာ၊ ပန်းသီး၊ စတော်ဘယ်ရီသီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးပါ။

တွေးမိတိုင်း စိုးရိမ်သောက ဖြစ်နေပါသလား

(၈) လက်ရှိအချိန်ကို တန်ဖိုးထားပါ

ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကို ပြန်တွေးပြီး ပူပန်နေပါသလား။ ဘယ်လိုမှ ပြန်လည် မရနိုင်တော့တဲ့ ကျန်ခဲ့တဲ့ အချိန်ကာလမှာ ဖြစ်ပျက်ခဲ့တာတွေကို တွေးတော ပူပန်နေတာဟာ အလကား အချိန်ဖြုန်းတာပါပဲ။ လက်ရှိအချိန်က သင့်အတွက် အကောင်းဆုံးနဲ့ တန်ဖိုးအရှိဆုံးပါ။ တွေးတော ပူပန်မှုတွေကိုထားပြီး လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ပါ။

ရောဂါလက္ခဏာတိုင်းကို ပေါ့ပေါ့ဆဆ သဘောထားမိနေလား

(၉) ဆရာဝန်နဲ့ ပြသပါ

ခေါင်းကိုက်တာ၊ ပခုံးနာတာ၊ ချောင်းတဟွတ်ဟွတ် ဆိုးနေတာစတဲ့ ကျန်းမာရေးပြဿနာ တစ်ခုခု ဖြစ်နေတာ ကြာနေပြီလား။ အလွယ်တကူ ဆေးဝယ်သောက် နေပေမယ့် ရောဂါပျောက် မသွားပါက ပေါ့ဆမနေပါနဲ့။ အလွယ်တကူ ဆေးဝယ်သောက်တာက ဆေးရဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်တာကြောင့် မလုပ်သင့်ပါဘူး။ ဆရာဝန်နဲ့ ပြသပြီး မေးမြန်း ဆွေးနွေးဖို့ လိုပါတယ်။

စဉ်းစားတွေးခေါ်မှုတွေ အားနည်းနေပါသလား

(၁ဝ) ဦးနှောက်သုံးပါ

ဦးနှောက်သုံးပြီး အလုပ်လုပ်ရသူတွေဟာ အမြဲလိုလို ကြံစည်တွေးခေါ် လုပ်ကိုင်နေရတာကြောင့် လူမပင်ပန်းပေမယ့် စိတ်ပင်ပန်းတယ်လို့ ပြောတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ပင်ပန်းနေတာကြောင့် သင့်ဦးနှောက်က အတွေးအခေါ်အသစ်တွေ၊ စိတ်ကူးအသစ်တွေ မထွက်တာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို အမြဲသုံးနေဖို့ လိုပါတယ်။ အသုံးမပြုဘဲထားတဲ့အခါ ခန္ဓာကိုယ်မှာ အသုံးမဝင်တဲ့ အစိတ်အပိုင်းလို့ ထင်တာကြောင့် အဲဒီအင်္ဂါအစိတ်အပိုင်းရဲ့ အရည်အသွေးတွေ ကျဆင်းလာပါတယ်။ ဒါကြောင့် ဦးနှောက်ကို အသုံးပြုရတဲ့ ဆူဒိုခု ကစားတာ၊ ပဟေဠိ ဝှက်တာတွေ လုပ်ဆောင်ကြည့်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
By Good Health Originally posted 03/11/2011 11:04AM
Shared from http://news.yatanarpon.com.mm/cp/goodhealth/article-41632

Share

No comments: