page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, June 5, 2012

ဘ၀ဆိုတာ ဗေဒါပင်တွေလိုပါပဲ (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)

ZOLZOL | 10:59 PM |
ZOLZOL | 10:59 PM |




Best Blogger Tips
Share

လောကမှာ အစဆိုတာရှိရင် အဆုံးသတ်ဆိုတာလည်း ရှိရတယ်။ ငယ်ရွယ်ခြင်းဆိုတဲ့ အစရှိလို့ရှိရင် ကြီးရင့်ခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ်။ နုပျိုခြင်းဆိုတဲ့ အစရှိရင် အိုမင်းခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ်။ ကျန်းမာခြင်းဆိုတဲ့ အစရှိရင် ဖျားနာခြင်း၊ နာခြင်း ဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ်။ မွေးဖွားခြင်းဆိုတဲ့ အစရှိရင် သေဆုံးခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ်။ ပေါင်းဆုံခြင်းဆိုတဲ့ အစရှိရင် ခွဲခွာခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ်။

လောကရဲ့  သဘာဝကိုက အစရှိရင် အဆုံးရှိတတ်တဲ့အတွက်ကြောင့် ပေါင်းဆုံခြင်းဆိုတာရှိရင် လမ်းခွဲခြင်းဆိုတာလည်း ရှိတတ်စမြဲပဲ။ လမ်းခွဲခြင်းဟာ နေ့စဉ်နဲ့ အမျှ ရှိနေတာပါပဲ။ လမ်းခွဲခြင်းက နှစ်မျိုး ရှိတယ်။

အသက်ရှင်လျက် လမ်းခွဲခြင်းနဲ့ သေဆုံးပြီးတော့ လမ်းခွဲခြင်း၊ ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းနဲ့ သေကွဲခွဲ ရတဲ့ လမ်းခွဲခြင်း ဆိုပြီးတော့ လမ်းခွဲခြင်းနှစ်မျိုးရှိပါတယ်။ ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းကတော့ အသက်ရှင်နေသမျှ ကာလပတ်လုံး နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ လောကဓံတစ်ခုပါပဲ။

လောကဓံဆိုတာ လောကဓမ္မ၊ " လောက " ဆိုတာ လောကကြီးထဲမှာ " ဓမ္မ" ဆိုတာ ဖြစ်တတ်တဲ့ သဘောတရား။ ဆိုပါတော့ သူငယ်ချင်းနှစ်ယောက်၊ သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ညဘက် လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်ဆိုရင်လည်း အားရအောင် လက်ဖက်ရည်ဆိုင်ထိုင်ပြီးကြလို့ အချိန်တန် ကိုယ့်အိမ်ကိုယ် ပြန်ကြတော့မယ် ဆိုတော့ လမ်းခွဲရပါတယ်။


သူငယ်ချင်း အချင်းချင်း ချစ်လွန်းလို့ ဆိုပြီးတော့ သူ့အိမ်ကို ကိုယ်လိုက်အိပ်၊ သို့မဟုတ် ကိုယ့်အိမ်ကို သူလိုက်အိပ်နဲ့ ဒီလိုလိုက်အိပ်လို့မဖြစ်ဘူး။ တစ်ခါတစ်ရံပဲ ဖြစ်ချင်ဖြစ်မယ်။ အမြဲတမ်းတော့ မဖြစ်နိုင်ဘူး။ ဒီတော့ ဒါလည်းပဲ နေ့စဉ်ကြုံတွေ့ရတဲ့ လမ်းခွဲခြင်းပါပဲ။

ကျောင်းသွားတဲ့သူ ဆိုလို့ရှိရင်လည်း ကျောင်းသွားတယ်၊ ကျောင်းစတတ်တဲ့ အချိန်ကနေ ကျောင်းဆင်းခေါင်းလောင်းထိုးတဲ့
အချိန်ထိ ကျောင်းမှာနေရတယ်။ သူငယ်ချင်းတွေ ၊ ဆရာဆရာမတွေနဲ့ ခေတ္တခဏ ပေါင်းဆုံရတယ်။

ကျောင်းဆင်းခေါင်းလောင်းတီးလိုက်ပြီဆိုတာနဲ့ ကိုယ့်အိမ်ကိုယ် ပြန်လာကြရတယ်။ ကျောင်းမှာ တွေ့တဲ့သူငယ်ချင်း အပေါင်းအသင်းတွေနဲ့လည်း လမ်းခွဲရတယ်။ ကြည်ညိုလေးစားတဲ့ ဆရာ၊ ဆရာမများ နဲ့လည်း လမ်းခွဲရတယ်၊ နေ့စဉ်ကြုံတွေ့ရတဲ့ လမ်းခွဲခြင်းပါပဲ။

ဈေးရောင်းတဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း ထို့အတူပဲပေါ့၊ ဈေးဖွင့်တဲ့ အချိန်ကနေ ဈေးသိမ်းတဲ့အချိန်ထိ ဈေးထဲမှာ ထိုင်ရောင်းတယ်၊ ဆိုင်နီးနားချင်း ပုဂ္ဂိုလ်တွေနဲ့လည်း ခေတ္တခဏ ပေါင်းဆုံရတယ်၊ ကိုယ့်ဆိုင်လာဝယ်နေကျ ဖောက်သည်တွေနဲ့လည်း ခေတ္တခဏ ပေါင်းဆုံရတယ်။

ဒါပေမဲ့ ဈေးသိမ်းလို့ ဈေးပိတ်ပြီး ကိုယ့်အိမ်ကိုယ် ပြန်ရပြီဆိုရင်တော့ အင်မတန်ချစ်လှပါတယ်ဆိုတဲ့ ဆိုင်နီးနားချင်းတွေနဲ့လည်း လမ်းခွဲရပါတယ်၊ ကိုယ့်ကိုကောင်းကျိုးပြုနေတဲ့ ဖောက်သည်တွေနဲ့လည်း လမ်းခွဲရပါတယ်။

ရုံးတတ်တဲ့သူလည်းပဲ ဒီအတိုင်းပဲပေါ့လေ၊ ကိုယ့်ရဲ့  ရုံးကိစ္စ ဆောင်ရွက်ပြီးတော့ ရုံးဆင်းတဲ့ အချိန်လည်းရောက်ရော ကိုယ့်အိမ်ကိုယ်ပြန်၊ ရုံးမှာတွေ့တဲ့သူတွေနဲ့ လမ်းခွဲကြရတယ်။ အဲဒီလိုအားဖြင့် ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းကတော့ နေ့စဉ်နဲ့အမျှ အချိန်တိုင်း ကြုံတွေ့နေရပါတယ်။

သိပ်ချစ်ရပါတယ်ဆိုတဲ့ ဇနီးမောင်နှံနှစ်ဦတောင်မှ တစ်ချိန်လုံး တပူးတွဲတွဲ နေလို့ မရပါဘူး။ လမ်းခွဲရတဲ့ အချိန်ဆိုတာ ရှိရပါသေးတယ်။ အိမ်မှာ အတူနေနေရင်းနဲ့ တစ်ယောက်က အိမ်ထဲမှာ ထမင်းချက်၊ ဟင်းချက်လုပ်နေတယ်၊ ဇနီးမောင်နှံနှစ်ယောက် လမ်းမခွဲရဘူးလား၊ လမ်းခွဲနေရတာပါပဲ၊ တစ်ယောက်နဲ့ တစ်ယောက် မမြင်တွေ့ရတော့ဘူး။

အမျိုးသားက ကိစ္စတစ်ခုရှိလို့ အပြင်ထွက်သွားရင်လည်း လမ်းခွဲရတာပါပဲ။ အမျိုးသမီးက ကိစ္စတစ်ခုရှိလို့ အပြင်ထွက်သွားရင်လည်း လမ်းခွဲရတာပါပဲ။ တစ်ရပ်တစ်ကျေးကိုသွားမှ လမ်းခွဲရတာ မဟုတ်ပါဘူး၊ ကိုယ့်အိမ်ရဲ့ အပြင်ဘက်ကို ထွက်သွားတဲ့ အချိန်မှာလည်း လမ်းခွဲရတယ်၊ ကိုယ့်အိမ်ရဲ့  အပေါ်ထပ်နဲ့ အောက်ထပ်၊ အိမ်ရှေ့ နဲ့ အိမ်နောက်၊ ဒီလိုသွားလာနေတဲ့အချိန်တွေမှာလည်း လမ်းခွဲနေ ရတာပါပဲ။

အတိတ်ကံကောင်းလွန်းလို့ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်က အမြဲတမ်း မျက်စိအောက်က အပျောက်မခံ တပူးတွဲတွဲ နေနိုင်တယ်ပဲထားဦးတော့ ၊ နောက်ဆုံး ကျင်ကြီးကျင်ငယ် စွန့်ချင်လို့ ရေအိမ်ခန်းထဲ ၀င်လို့ ရှိရင် လမ်းမခွဲရဘူးလား။ လမ်းခွဲရပါတယ်။

စက္ကန့်နဲ့အမျှ အမြဲတမ်း ကိုယ်ချစ်တဲ့လူနဲ့ တပူးတွဲတွဲ ပေါင်းသင်းဆက်ဆံနေရတယ်ဆိုတာ ရှိ ရဲ့  လား။ မရှိပါဘူး။ ကိုယ်ချစ်တဲ့လူနဲ့ အချိန်ပြည့် ရင်ချင်းအပ်၊ ကိုယ်ချင်းထပ်ထားလို့ မဖြစ်နိုင်ဘူးနော်။ လမ်းခွဲ ချိန်ဆိုတာ နေ့စဉ်နဲ့အမျှ ရှိပါတယ်။ ရှင်ကွဲခွဲခဲ့ရတဲ့ လမ်းခွဲခြင်းဆိုတာ အမြဲတမ်းရှိပါတယ်။

ဦးပဉ္စင်းအပါအ၀င် တရားနာပရိတ်သတ်များ ကျင်လည်နေရတဲ့ သံသရာဆိုတာက မြစ်ပြင်ကြီးနဲ့ တူပါတယ်၊ ဦးပဉ္စင်းတို့တစ်တွေကတော့ မြစ်ပြင်ထဲမှာရှိတဲ့ ဗေဒါပင်လေးတွေနဲ့တူပါတယ်၊ ကံကြမ္မာ သို့မဟုတ် ကံတရားကတော့ လေနဲ့တူပါတယ်။

မြစ်ပြင်ကြီးထဲမှာ လေက တောင်ဘက်ကနေ တိုက်လိုက်တော့ ဗေဒါပင်လေးတွေ မြောက်ဘက် ရွှေ့ သွားလိုက်၊ လေကမြောက်ဘက်ကနေ တိုက်လိုက်တော့ ဗေဒါပင်လေးတွေ တောင်ဘက်ရွှေ့  သွားလိုက်၊ လေက အရှေ့ ဘက်နေ တိုက်လိုက်တော့ ဗေဒါပင်လေးတွေ အနောက်ဘက် ရွှေ့ သွားလိုက်၊ လေက အနောက်ဘက်နေ တိုက်လိုက်တော့ ဗေဒါပင်လေးတွေ အရှေ့ ဘက် ရွှေ့ သွားလိုက်နဲ့ လေခေါ် ဆောင်ရာနောက်ကို ဗေဒါပင်တွေ ရွှေ့ ရွှေ့ ပြီးတော့ သွားကြရပါတယ်။

အဲဒီလို ရွှေ့ သွားရင်းနဲ့ တစ်ခါတစ်ရံ ဟိုဗေဒါပင်အုပ်နဲ့ ဆုံလိုက်၊ တစ်ခါတစ်ရံ ဒီဗေဒါပင်အုပ်နဲ့ ဆုံလိုက်၊ ဒီလေတိုက်လိုက်လို့ပဲ ဆုံပြီးသား ဗေဒါအုပ်နဲ့ ကွဲသွားပြန်လိုက်၊ တစ်ပင်တည်းဖြစ်နေရပြန်လိုက်၊ တော်ကြာ လေကြောင်းသင့်လိုက်လို့ ဟိုဗေဒါတစ်အုပ်နဲ့  ပြန်ပေါင်းမိလိုက်၊ အဲဒီလိုနဲ့ ပဲ ဗေဒါပင်တွေဟာ ဆုံလိုက် ကွဲလိုက်၊ ကွဲလိုက် ဆုံလိုက်နဲ့ မြစ်ပြင်ကြီးထဲမှာ ပုံသဏ္ဌာန်အမျိုးမျိုး၊ အနေအထားအမျိုးမျိုး ပြောင်းလဲပြီး ရွေ့ လျား ကျင်လည်နေရပါတယ်။

အဲဒီလိုပါပဲ သံသရာတည်းဟူသော မြစ်ပြင်ကြီးထဲမှာလည်း ဦးပဉ္စင်းတို့တစ်တွေဟာ ကံကြမ္မာ လေပင့်တဲ့အတိုင်း၊ ကံတရား လေက စီမံပေးလိုက်တဲ့အတိုင်း လူအမျိုးမျိုးနဲ့ ပေါင်းဆုံလိုက် ခွဲခွာလိုက်၊ ခွဲခွာလိုက် ပေါင်းဆုံလိုက်နဲ့ ပုံစံအမျိုးမျိုး၊ အနေအထားအမျိုးမျိုး ပြောင်းလဲပြီး လှုပ်ရှားကျင်လည် နေရပါတယ်။

နေ့စဉ်နဲ့အမျှ၊ လစဉ်နဲ့အမျှ၊ နှစ်စဉ်နဲ့အမျှ ဆိုသလို လမ်းခွဲခြင်းအမျိုးမျိုးကို ကြုံတွေ့နေရပါတယ်။ ဒီလောက်ပြောလိုက်ရင် ဉာဏ်နဲ့ ချဲ့ ထွင်ပြီးတော့ အသေးစိတ် ဆင်ခြင်လို့ ရသွားပါပြီ။ အဲဒီလို အသက်ရှင်နေစဉ်မှာ ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းနဲ့ လမ်းခွဲရတဲ့အခါမှာလည်း " လမ်းခွဲတာ ၀မ်းနည်းစရာလား " ဆိုတဲ့မေးခွန်းက အကျုံးဝင်ပါတယ်။

သံသရာခရီးရှည်ကြီးကို

တစ်ယောက်တည်းလျှောက်လှမ်းလို့

ရတာမဟုတ်တော့လည်း

အပေါင်းအဖော်မိတ်ဆွေဆိုတာတွေနဲ့

မလွဲမသွေဆုံစည်းကြရမှာပါပဲ။

တွေ့ခိုက်ဆုံခိုက် လက်တွဲခိုက်မှာ

သံယောဇဉ်နှောင်ကြိုးမပါတဲ့

မေတ္တာစိတ်သန့်သန့်လေးနဲ့

သူ့တာဝန်ကိုယ့်တာဝန်ကျေပွန်စွာ

ချစ်ခင်ကြင်နာလိုက်ကြမယ်ဆိုရင်

ဘ၀ခရီးဖော်တွေနဲ့

မလွှဲမရှောင်သာလမ်းခွဲကြရတဲ့အခါ

ဝမ်းနည်းပူပန်နေစရာမလိုတော့ပါဘူး။

နှုတ်ဆက်ထွက်ခွာသူနဲ့

လက်ပြကျန်ရစ်ခဲ့သူ

ဘယ်သူပိုဝမ်းနည်းရပါသလဲ။

ထွက်ခွာသူက ပိုသံယောဇဉ်ကြီးရင်

သူပိုဝမ်းနည်းရမှာပါ။

ကျန်ရစ်ခဲ့သူက ပိုသံယောဇဉ်ကြီးရင်

သူပိုဝမ်းနည်းရမှာပါ။

နှစ်ယောက်လုံး ညီတူသံယောဇဉ်ကြီးရင်တော့

နှစ်ယောက်လုံးညီတူဝမ်းနည်းရမှာပေါ့။

လမ်းခွဲမှာဝမ်းနည်းစရာမလိုအောင်

သံယောဇဉ်နှောင်ကြိုးတွေကို

အတတ်နိုင်ဆုံး ဖြေလျှော့လိုက်ကြစို့လားကွယ်။

အရှင်ဆန္ဒာဓိက၏ လမ်းခွဲတာဝမ်းနည်းစရာလား စာအုပ်မှ
Share

No comments: