page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, June 14, 2012

ပင်ပန်းနေတဲ့ သင့်မျက်လုံးလေးတွေကို အနားပေးပါ။

ZOLZOL | 2:49 AM |
ZOLZOL | 2:49 AM |




Best Blogger Tips
Share





သင် ဒီနေ့ ကွန်ပြူတာရှေ့မှာ ဘယ်နှနာရီလောက်ထိုင်ခဲ့ပြီလဲ၊ ပြီးတော့ မနေ့က နဲ့ တနေ့ကရော? တပတ်ကို ကွန်ပြူတာနဲ့ ဘယ်နှစ်ကြိမ်လောက် အလုပ်လုပ်ဖြစ်လဲ? နေ့တိုင်းလား? ဒီမေးခွန်းရဲ့အဖြေတွေမှာ သင့်မျက်စိအတွက် ဂရုတစိုက် စိုးရိမ်သင့်ပြီဆိုပြီဆိုတာကို ပြနေပါလိမ့်မယ်၊ ကွန်ပြူတာရှေ့မှာ ကြာကြာထိုင်လေ မျက်စိပိုညောင်းလေ ဖြစ်လာဖူးကြမှာပါ၊ တခါတခါ များ ခေါင်းတွေကိုက် မျက်ရိုးတွေကိုက်ပြီး အမြင်အာရုံဝေဝါးတာတွေတောင်ကြုံဖူးကြမှာပါ။ ကျွန်မတို့လူသားတွေအနေနဲ့ ဘဝဝမ်းစာအတွက် ဒါမှမဟုတ် ဝါသနာအတွက်  နေ့ပေါင်းများစွာရဲ့ နာရီတော်တော်များများ ကွန်ပြူတာ မော်နီတာရှေ့မှာ အချိန်တွေကုန်ဆုံးကြရပါတယ်။ တနေ့တာ လုပ်ငန်းတာဝန် ပြီးဆုံးရင်တော့လည်း အနားယူကြပါတယ်။ အဲလို အနားယူတဲ့အခါမှာ လည်းဘဲ TV Screen ဒါမှမဟုတ် ကွန်ပြူတာScreen တွေရှေ့မှာ ဘဲ ရုပ်ရှင်ကြည့်ရင်း ဒါမှမဟုတ် ဂိမ်းလေးဆော့ရင်း ဒါမှမဟုတ် တခြား ဝါသနာပါရာ တစ်ခုခုလုပ်ရင်းနဲ့ဘဲ  စိတ်အပန်းဖြေဖူးကြမှာပါ၊ ကျွန်မတို့ရဲ့ မျက်စိလေး ဘယ်လိုနေရှာမလဲ။ အဲလိုမလုပ်သင့်ဘူးလို့တော့ မပြောပါဘူး၊ ကင်းကွာလို့ မရတဲ့ ဝန်းကျင်တစ်ခု အတွက် အဆင်ပြေမဲ့ အကူညီလေးတစ်ခုဘဲပေးချင်တာပါ၊ ဘယ်လိုမျိုးလဲဆိုရင် သင့်မျက်လုံးကျန်းမာရေးအတွက် အသုံးတည့်တဲ့ စေမဲ့ ၊ အချိန်သီးသန့်ပေးစရာမလိုဘဲ သက်တောင့်သက်သာဖြစ်စေမဲ့ မျက်လုံးလေ့ကျင့်ခန်း တချို့ကို ဝေမျှပေးချင်ပါတယ်။


ကျွန်မတို့ဘာကြောင့်မျက်လုံးလေ့ကျင့်ခန်းတွေလုပ်ရမှာလဲ၊ ဘာတွေများအရေးပါနေလို့လဲ?

နေ့စဉ် ကွန်ပြူတာ အသုံးများတဲ့ မျက်လုံးမှာ အဖြစ်များတဲ့ပြဿနာကတော့ မျက်လုံး ကြွက်သားတွေ ချိန်ညှိမှုအား လျှော့နည်းခြင်းဘဲ ဖြစ်ပါတယ်။ ကိုယ့်မျက်လုံးကြွက်သားတွေ အဲလိုချိန်ညှိမှုအား လျှော့နည်းနေရင် ကျွန်မတို့ ဘယ်လိုများသိနိုင်မလဲ? လက္ခဏာကတော့ ကိုယ့်လက်တစ်ကမ်းက အရာတစ်ခုခုကို အာရုံစိုက်ကြည့်ရင် ဝါးသွားလိုက် သေချာကြည့်ရင် ပြန်ကြည်သွားလိုက် ပြန်ဝါးသွားလိုက်ဖြစ်တာပါဘဲ၊ (ဒီနေရာမှာ မျက်စိမှုန်ခြင်းကိုမဆိုလိုပါ၊ မှုန်နေတဲ့မျက်စိက ဝါးပြီး မှုန်သာနေပါသည် ပြန်ကြည်မလာပါ)  ဒါဟာဘာကိုပြသလဲဆိုရင် ကျွန်မတို့ရဲ့ အမြင်အာရုံ အားနည်းစပြုနေပြီ ဆိုတာပါဘဲ။ နောက်ပြဿနာတစ်ခုကတော့ မျက်လုံး တောင့်တင်းခြင်းဖြစ်ပါတယ်၊ ကွန်ပြူတာ Screen ကိုကြည့်နေရင်း မျက်လုံးတွေတောင့်တင်းလာတာမျိုးပါ၊ တောင့်တင်းလာတာကြာလာမယ်ဆိုရင်တော့ မျက်လုံးတွေ ယားယံလာမယ်၊ မျက်လုံးတွေခြောက်လာမယ်၊ တခါတရံ အရာဝတ္တုတွေကို နှစ်ကိုယ်ခွဲမြင်ရတတ်သလို တချို့အခြေအနေများမှာ မျက်လုံးရဲ့ အရောင်ခွဲခြားမှုစွမ်းရည်ပါ ထိခိုက်လာနိုင်ပါတယ်။ ဒီလို မျက်လုံးတင်းခြင်း လက္ခဏာတွေ ဖြစ်နေတဲ့အချိန် ကြာရှည်လာမယ် ဖြစ်လာတဲ့ အကြိမ်ရေ စိတ်လာမယ် ဆိုရင် သင့်ရဲ့ အလုပ်လုပ်နိုင်စွမ်းရည် ကို တိုက်ရိုက် ထိခိုက်လာနိုင်ပါတယ်၊
ဟုတ်ပါတယ်၊ ကျွန်မတို့လို ကွန်ပြူတာ အသုံးများသူတိုင်း ဒီလက္ခဏာတွေကို အနည်းနဲ့ အများတော့ ခံစားနေကြရပါတယ်။ ဒါတွေကို ကျွန်မတို့ ဘယ်လို ဖြေရှင်းကြမလဲ???
ဒီလိုဖြစ်နေတဲ့ မျက်လုံးပြဿနာတွေကို ခုဖော်ပြမဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေနဲ့ ထိထိရောက်ရောက် လျှော့ချနိုင်ပါတယ်၊ ကြိုးစားကြည့်ပါ လွယ်ကူရိုးရှင်းပြီး အချိန်သီးသန့်ပေးရန်မလိုသလို သင့်အလုပ်ထဲမှာလည်း ပြုလုပ်နိုင်ပါတယ်၊ အချိန်နေရာမရွေးကို ပြုလုပ်နိုင်ပါတယ်၊ ကျွန်မတို့အတွက် အဖိုးတန်ပြီး အသုံးဝင်လှတဲ့ မျက်လုံးတွေကို သက်သာသလိုနေစေပြီး သူတို့အတွက် ထိုက်သင့်တဲ့ အနားပေးမှုလေး ပေးကြရအောင်ပါ….

လေ့ကျင့်ခန်း (၁)
ပထမဆုံး သက်သာသလို ပုံစံနဲ့ထိုင်နေပါ။ သင့်လက်ဖဝါးနှစ်ဖက်ကို တစ်ဖက်နှင့်တဖက် အချက်နှစ်ဆယ်သုံးဆယ် လောက်ခပ်ပြင်းပြင်းလေးပွတ်ပေးပါ ။ပြီးရင် သင့်မျက်လုံးတွေကို သင့်လက်ဖဝါးများနဲ့ ဖုံးထားလိုက်ပါ၊ မျက်လုံးကို ဖိမထားပါနဲ့၊ သက်တောင့်သက်သာလေးနဲ့ မြင်နေရတဲ့ မှောင်မဲနေတဲ့မြင်ကွင်းကို စက္ကန့်သုံးဆယ်ခန့်ကြည့်နေပါ၊ အသက်ကိုဖြေးဖြေးမှန်မှန်လေး ဝအောင်ရှူပေးရပါမယ်။

လေ့ကျင့်ခန်း (၂)
ထိုင်ရက်ပုံစံနဲ့ဘဲ မျက်လုံးကို အပေါ်ကို ငါးစက္ကန့်ကြည့်ပေးပါ၊ အပေါ်ကိုကြည့်တဲ့နေရာမှာ မျက်နှာကိုအတည့် အနေအထားမပြောင်းဘဲနဲ့ မျက်လုံးကိုဘဲ သင့်ခေါင်းပေါ်မှာဘာပါလိမ့်အတွေးနဲ့ကြည့်သလို အပေါ်ကိုကြည့်နိုင်သလောက်ကြည့်ခြင်းကိုဆိုလိုပါတယ်၊ နောက်မျက်လုံးကိုခဏလေး မှိတ်ထားလိုက်ပါ၊ နောက်ပြန်ဖွင့်ပြီး အောက်ဖက်ကိုငါးစက္ကန့်ကြည့်ပေးပါ၊ အောက်ဖက်ကိုကြည့်တာမှာလဲ ဒီလိုပါဘဲ မျက်နှာကို အနေအထားမပြောင်းဘဲနဲ့ မျက်လုံးကိုဘဲ သင့်ခြေထောက်မှာ ယင်ကောင်နားနေလားကြည့်သလိုကြည့်ပါ၊ နောက်မျက်လုံးကို ခဏလေးပြန်မှိတ်ထားပါ၊ ဒီလို အထက်အောက်ကြည့်ခြင်းကို ငါးကြိမ်လောက်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၃)
ဒီတခေါက်တော့ ညာဖက်ကို ငါးစက္ကန့်ကြည့်ပါ၊မျက်လုံးကို ညာထောင့်ကပ်နိုင်သမျှကပ်အောင်ကြည့်ခြင်း ကိုဆိုလိုပါတယ်၊  ပြီးရင် ခဏ မျက်စိမှိတ်၊ ပြီးရင် ဗယ်ဖက်ကိုငါးစက္ကန့်ကြည့်ပါ၊ မျက်လုံးကို ဗယ်ထောင့်ကပ်နိုင်သမျှ ကပ်အောင်ကြည့်ခြင်းကိုဆိုလိုပါတယ်၊  ပြီးရင် မျက်စိမှိတ်၊ ဒီလိုဗယ်ညာကြည့်ခြင်း ငါးကြိမ်လောက်လုပ်ပေးပါ။

လေ့ကျင့်ခန်း(၄)
သင်သာ အချိန်ရခဲ့ရင်တော့ အထက်က လေ့ကျင့်ခန်းတွင် ကြည့်သလို အပေါ်ကြည့်၊ ဗယ်ကြည့် အောက်ကြည့် ညာကြည့် ပြီးရင် အပေါ်ကြည့်ညာကြည့်၊ အောက်ကြည့် ဗယ်ကြည့် အစဉ်လိုက် သုံးကြိမ်ခန့် ထပ်လုပ်ကြည့်ပါ၊

လေ့ကျင့်ခန်း(၅)
မျက်လုံးကို သင်မှိတ်နိုင်သလောက် အားနဲ့ ငါးစက္ကန့်တင်းတင်းပိတ်ထားပါ။ ပြီးရင်ပြန်ဖွင့်ပြီးခဏနား ပြီးရင် ငါးစက္ကန့်ပြန်မှိတ်၊ အဲလို ပိတ်လိုက်ဖွင့်လိုက် ငါးကြိမ်လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း(၆)
သင့်မျက်လုံးကို နာရီလက်တံအတိုင်း စက်ဝိုင်းပုံ ငါးပတ်ကြည့်ပေးပါ၊ အရမ်းမြန်စရာမလိုပါ၊ နောက် နာရီလက်တံပြောင်းပြန် စက်ဝိုင်းပုံ ငါးပတ်ကြည့်ပေးပါ။

လေ့ကျင့်ခန်(၇)
သင့်ရဲ့နှာခေါင်းဖျားလေးကို သုံးစက္ကန့် ကြည့်ကြည့်ပါ။ ပြီးရင်း သုံးစက္ကန့်နားပါ၊ နောက် အပေါ်က မျက်နှာကျက်ကို ခေါင်းမလှုပ်ဘဲ သုံးစက္ကန့် ကြည့်ပါ။ ပြီးရင် သုံးစက္ကန့်နားပါ၊ ဒီလေ့ကျင့်ခန်းကို လည်း ငါးကြိမ်လုပ်ရပါမယ်။

လေ့ကျင့်ခန်း(၈)
သင့်အနီးအနားက အရာဝတ္တုတစ်ခုကို ရှာပါ၊ ဥပမာ နီးနီးနားနား သင့်ကီးဘုတ်က Escape Key ဆိုပါစို့၊ အဲဒါကို နှစ်စက္ကန့် အာရုံစိုက်ကြည့်ပါ၊ နောက် အဝေးတနေရာက ဥပမာ ပြတင်းပေါက် အဲဒါကို နှစ်စက္ကန့်လောက်လှမ်းကြည့်ပါ၊ ဒါကိုတော့ ဆယ်ကြိမ်လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း(၉)
အခန်းထောင့်မှာရပ်နေပါ(ဒါမှမဟုတ်လည်း သင်ထိုင်နေတဲ့နေရာမှာဘဲဆိုရင်လည်း အဆင်ပြေပါတယ်)အခန်းထဲက ပစ္စည်းတွေကိုလိုက်ကြည့်ပါ။ စားပွဲကိုကြည့်မယ်၊ နောက် နာရီကိုကြည့်မယ်၊ တံခါးတွေကိုကြည့်မယ်၊ ပန်းအိုးကိုကြည့်မယ်၊ ဖိုင်တွဲတွေကိုကြည့်မယ်၊ စာအုပ်တွေကိုကြည့်မယ် အဲလိုပေါ့၊ အဲလိုမျိုး တစ်မိနစ်လောက်လျှောက်ကြည့်ပါ။

သင်မျက်လုံးကျန်းမာရေး အတွက် သိသင့်တဲ့ အချက်လေးတချို့လည်း ရှိပါသေးတယ်
  • ဒီလေ့ကျင့်ခန်းတွေလုပ်နေတုန်းမှာ လေ့ကျင့်ခန်းတစ်ခုပြီး နောက်လေ့ကျင့်ခန်းတစ်ခုမစခင် မျက်လုံးကိုစက္ကန့် အနည်းငယ် မှိတ်လိုက်ဖွင့်လိုက်လုပ်ပေးပါ
  • တခါတရံ မျက်လုံးကို ရေအေးဝတ်ကပ်ပေးပါ။(ရေခဲတုံးလေးများထည့်သောရေတွင် မွေးပွမျက်နှာသုတ်ပုဝါလေးကိုနှစ် ရေညှစ်ပြီး မျက်လုံးပေါ်တင်ပေးခြင်း ကိုဆိုလိုပါသည်)။ ရေခဲရေ (သို့)ရေခဲများ နှင့် နူးညံ့သော သင့်မျက်လုံးများတိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ကျဉ် သင့်ပါသည်။ ကျွန်မတို့ရဲ့ မျက်လုံးတွေက အအေးကြိုက်ပါတယ်၊ မျက်လုံးဟာ လူသားတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးထဲမှာ အအေးဒါဏ် အခံနိုင်ဆုံးသော အစိတ်အပိုင်း လည်းဖြစ်ပါတယ်၊ ကွန်ပြူတာအကြည့်များလို့ခေါင်းကိုက်ရင် ရေအေးဝတ်ကပ်ပေးခြင်းဖြင့် အမှန်တကယ် သက်သာပျောက်ကင်းစေပါသည်။
  • အခါအားလျှော်စွာ သင့်မျက်ခွံများနဲ့ မျက်လုံးဝန်းကျင် ကို ညှင်သာစွာ နှိပ်နယ်ပေးပါ
  • Vitamin A ကြွယ်ဝတဲ့ အစားသောက်များလည်း စားပေးပါ။ ဥပမာ မုန်လာဥနီ ရွှေဖရုံသီး ခရမ်းချဉ်သီး စတဲ့ အနီရောင်ရှိအသီးများတွင် Vitamin A ကြွယ်ဝစွာပါဝင်ပါတယ်။ လိုအပ်ရင် မျက်လုံးကျန်းမာရေးအတွက်  Vitamin A ကိုမှီဝဲပေးပါ၊
  • အိပ်ရေးဝအောင်အိပ်ပေးပါ
ဖတ်ဖူးသော အင်္ဂလိပ် ဆေးဆောင်းပါးလေးတစ်ခုကို မိမိအတွက် အသုံးဝင်လွန်းသောကြောင့် သူငယ်ချင်းများအတွက် တတ်သလောက်လေး ထုတ်နုတ် ဘာသာပြန် မျှဝေပါသည်၊ ချွတ်ချော်မှုရှိခဲ့လျှင် ဘာသာပြန်သူ၏ တာဝန်သာဖြစ်ပါကြောင်း….. :)

စိုးဝေဖြိုး
စာလေးကတော့ အဟောင်းလေးပါ သိသင့်တယ်ထင်လို့ သင့်ကျန်းမာရေးအတွက်ထပ်မှန်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။     ။
Share

1 comment:

ချစ်စံအိမ် said...

ဖတ်သွားပါတယ်ရှင့်