page

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, April 17, 2012

အချစ်ရဲ့ ဖွင့်ဆိုချက်လေး

ညချစ်သူ | 4:30 AM |
ညချစ်သူ | 4:30 AM |




Best Blogger Tips
Share


I but know that I Love thee whatever thou art.
Coe, rest in this bosom,
Thomas Moore

မင်းဘယ်လိုပဲဖြစ်နေဖြစ်နေ၊ မင်းကို ငါချစ်တယ်ဆိုတာ သိနေတယ်
ဒီရင်ခွင်မှာ နားခိုလှည့်ပါ

သောမတ်မိုး
“အချစ်ဆိုတာ ဘာလဲ”ဆိုတဲ့ မေးခွန်းကို လူအတော်များများ မေးဖူးကြမယ်၊ ကြားဖူးကြမယ် ထင်ပါတယ်။
ကျွန်တော့်ဘဝမှာလည်း သည်မေးခွန်းကို မကြာခဏ အမေးခံရဖူးသလို ကျွန်တော်ကိုယ်တိုင်လည်း သည်မေးခွန်း
ကို မေးမိခဲ့ဖူးတယ်။ မိတ်ဆွေလေးတစ်ယောက်က “အချစ်ဆိုတာ ဘာလဲ”ဆိုတဲ့ အပ်ကြောင်းထပ် မေးခွန်းကို
မေးနေတာကြားလိုက်ရတယ်။
ကျွန်တော့်ကို တည်ပြီး မေးတာမဟုတ်ပေမယ့် ဖြေကြည့်ချင်စိတ်တွေ ပေါက်လာခဲ့မိ
ရပါတယ်။ သိုးဆောင်းဘာသာစကားမှာတော့ နှစ်သက်စွဲလမ်းမှုကို INFATUATION လို့ ခေါ်ပါတယ်။ အချစ်ဆိုတဲ့
LOVE နဲ့ လုံးလုံး မသက်ဆိုင်တဲ့ ကိစ္စပါ။ အရပ်သုံးစကားနဲ့ အလွယ်ပြောရမယ် ဆိုရင်တော့ “မွှန်စိတ်”လို့ ခေါ်ရမယ်
ထင်ပါတယ်။ နှုတ်ခမ်းနီလေး တစ်တောင့်၊ ပိတ်စလေး တစ်စမှသည် ကားတစ်စင်း၊ အိမ်တစ်လုံးအထိလည်း နှစ်သက်
စွဲလမ်းမှုဆိုတာ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါက သက်မဲ့ အရာဝတ္ထုတွေအပေါ် စွဲလမ်းနှစ်သက်တာမျိုးပါ။ အဲဒီ့ကမှ တစ်ဆင့်
ပန်းချီကားတစ်ကား၊ စာတစ်ပိုဒ်၊ ကဗျာတစ်ပုဒ်၊ တေးသွားတစ်စကို နှစ်သက်စွဲလမ်းတာမျိုးလည်း ဖြစ်နိုင်သေးတယ်။
ဒါမျိုးကျတော့ အနုပညာရဲ့ ဖမ်းစားမှု “မှော်”က ပါလာပြီ။ အဲဒီ့က တစ်ဆင့် အဆိုတော်တစ်ဦး၊ ရုပ်ရှင်သရုပ်ဆောင်
တစ်လက်ကို နှစ်သက်စွဲလမ်းမှုမျိုးလည်း ရှိနေပြန်တယ်။ တရားသဘောနဲ့ ကြည့်ရင်တော့ တပ်မက်ခြင်းဆိုတဲ့
တဏှာက သက်ရှိကိုပဲ စွဲလမ်း၊ စွဲလမ်း၊ သက်မဲ့ကိုပဲ တွယ်ငြိ၊ တွယ်ငြိ၊ အတူတူပါပဲ။ လောကီ သုံးစကားဖြစ်တဲ့
တဏှာပေမကတော့ သက်မဲ့တွေနဲ့ မသက်ဆိုင်လှဘဲ သက်ရှိများအပေါ် စွဲလမ်းတပ်မက်စိတ်ကိုသာ တံဆိပ်ကပ်ပေး
ကြရိုးပါ။ ဒါတွေက အချိန်တန်ရင်၊ ဒါမှမဟုတ် စိတ်ဝင်စားမှု ပြောင်းသွားရင်၊ ဒါမှမဟုတ်လည်း လိုချင်တာ ရပြီး
ရိုးအီသွားရင် အလိုလို ပျောက်သွားတတ်တဲ့ စွဲလမ်းတပ်မက်မှုမျိုးပါ။



မျက်နှာလေးကို မြင်နေရတာနဲ့ ထမင်းမေ့၊ ဟင်းမေ့ဖြစ်ရတာဟာလည်း အဲဒီ့စွဲလမ်းတပ်မက်မှုပါပဲ။ ပင်လယ်ကိုပဲ ကူးရ
ကူးရ၊ တောင်တွေကိုပဲ ကျော်ရ ကျော်ရ၊ ဆူးပုံကိုပဲ နင်းရ နင်းရ၊ ဘာကိုမဆို ကျော်လွှား ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေ
တာဟာ အဲဒီ့ “တပ်မက်စိတ်”ကြောင့်ပါပဲ။ တစ်နည်းပြောရရင် စွဲလမ်းတပ်မက်မှုဟာ လူကို ဆင်ခြင်တုံတရား ကင်းမဲ့
သွားစေတတ်ပါတယ်။ “မွှန်စိတ်”ဆိုတာ အဲဒီ့မှာ ပေါ်လာတော့တာပါပဲ။



အဲဒါကိုပဲ အချစ်လို့ ထင်မိ၊ ယုံမိတတ်ကြတာလည်း လူတိုင်းလောက် နီးနီးပါပဲ။ သည်နေရာမှာ လူပျိုအပျိုဖော်ဝင်ခါ
စမို့လို့၊ ငယ်သေးလို့၊ နုသေးလို့ အဲသလိုဖြစ်ရတာလို့ ထင်စရာ ရှိပါတယ်။ အမှန်တော့ အဲဒီ့“မွှန်စိတ်”ဟာ အရွယ်
မရွေးပါဘူး၊  ကျောင်းသင်ပညာတွေနဲ့လည်း သိပ်မဆိုင်ပါဘူး။ စွဲလမ်းမှုအတိုင်းအဆ ကြီးရင်ကြီးသလို အချိန်
အရွယ်မရွေးဘဲ ပေါ်လာတတ်တဲ့ စိတ်မျိုးပါ။ အဲဒါကို သတိတွေ၊ ဉာဏ်တွေနဲ့ ထိန်းချုပ် ကွပ်ကဲမှု မပြုနိုင်ဘူးဆိုရင်
တော့ ဘဝလှေပါ စုံးစုံးနစ်သွားရတတ်တယ်။



ပိုဆိုးတာက အဲဒီ့ “မွှန်စိတ်”ကိုပဲ “အချစ်”လို့ ခမ်းနားတဲ့ တံဆိပ်တစ်ခု ကပ်လိုက်တာနဲ့တင် ထင်ရာစိုင်းလိုက်ချင်စရာ
ပိုကောင်းသွားပါတယ်။ ဝတ္ထုတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေကလည်း ချစ်ပြီးရင်း ချစ်ပြနေလေတော့ကာ နဂိုကမှ
လူတွေမှာ ဂယောင်ပြနေတဲ့ကြားထဲ မီးလောင်ရာ လေပင့်သလိုတွေ ဖြစ်ကုန်ပါရောလား။


တကယ်တော့ အချစ်တွေကို ဖွဲ့ဆိုသီကုံးတင်ဆက်နေကြတဲ့ အနုပညာသည် အများစုကိုယ်တိုင်က မွှန်စိတ်နဲ့ အချစ်နဲ့
မခွဲတတ်ရှာကြတာကို ဘယ်သူမှ သတိမထားမိဘူးလို့ ထင်ပါတယ်။



ဒါပေမယ့် အဲဒီ့“မွှန်စိတ်”က အချိန်တစ်ချိန်မှာ အတောသတ်သွားတတ်စမြဲပါပဲ။ အထက်မှာပြောခဲ့သလို ရိုးသွား၊
အီသွားချိန်မှာ အချစ်လို့ ထင်တာတွေ အားလုံးကို ပြည်ဖုံးကားချလိုက်ချင်လာကြတာ လူတိုင်းမှာ ဖြစ်လေ့ရှိတဲ့ကိစ္စပါ။


အချစ်ဆိုတာ တမင် ဖန်တီးယူလို့လည်း မရ၊ ဇွတ်အတင်း ဖျောက်ဖျက်ပစ်လို့လည်း မရစကောင်းတဲ့အရာလို့ ပထမဆုံး
ဖွင့်ဆိုလိုက်ချင်ပါတယ်။

 

ဒါဖြင့် စောစောကပြောနေတဲ့ “မွှန်စိတ်”ဆိုတာကရော တမင် ဖန်တီး ယူလို့ ရနိုင်သလားလို့ မေးစရာ ရှိပါတယ်။
ကြိုက်တယ်ဆိုတဲ့အထိက တမင် ဖန်တီးလို့ မရပါဘူး။ ကြိုက်တဲ့အဆင့်ကနေ စွဲလမ်းနှစ်သက်တာ၊ စုံမက်လာတာ
ကိုလည်း တမင် ဖန်တီးလို့ မရဘဲ သူ့အလိုလို ဖြစ်ပေါ်လာတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါကိုပဲ “အချစ်”ဆိုတဲ့
တံဆိပ် ကပ်ပေးလိုက်မိချိန်မှာတော့ “မွှန်စိတ်”ကို “သတိမဲ့” ပျိုးယူလိုက်ရာ ရောက်သွားပါတယ်။ အဲဒီ့မှာတင် အယူ
အကောက်တွေ အကုန်လွဲပြီး ထိန်းမနိုင်၊ တားမရတဲ့ ဇာတ်လမ်းစုံ ပေါ်လာရတော့တာပါပဲ။


“အချစ်”ဆိုတာကျတော့ မွှန်စိတ်လို ရုတ်ချည်း ဖြစ်ပေါ်ခြင်း မရှိပါဘူး။ တစ်နည်းအားဖြင့် “ချစ်လှချေရဲ့၊ ကြိုက်
လှချေရဲ့”လို့  ကုန်းအော်မိရလောက်အောင် “အချစ်(အစစ်)”က မနုံခြာလှပါဘူး။

 

“မြင်မြင်ချင်း ချစ်တယ်”တို့၊ “ရေစက်ဟောင်း”တို့ဆိုတာက သီချင်းထဲ၊ ဝတ္ထုထဲက စကားလုံးသက်သက်တွေပါ။
တကယ်က အချစ်က မျက်စိ မရှိတဲ့အတွက် မမြင်နိုင်ပါဘူး။

 

“မြင်တယ်”ဆိုတာ အာရုံပါ။ အဲဒီ့ အာရုံက ဦးနှောက်ကို စေ့ဆော်လိုက်တဲ့အခါ ကြိုက်ခြင်း၊ မကြိုက်ခြင်းတွေ
ဖြစ်ပေါ်လာတတ်စမြဲပါပဲ။ အဲဒါကိုပဲ မြင်မြင်ချင်း ချစ်သွားတယ်လို့ ပြောရင် အမှားကြီး မှားပါလိမ့်မယ်။ အမှန်က
ကြိုက်မိတာကို သက်သက်မဲ့ “လုံးချ”ချင်ဇောနဲ့ “မြင်မြင်ချင်းပင် ဘာကြောင့်များချစ်ချင်တယ်”တွေ၊ ဘာတွေဆိုပြီး
စွတ်တင်ကြတော့တာပါပဲ။

 

အချစ်က မျက်စိ မရှိပါဘူး။ “မြင်ပြီးမှ ချစ်တယ်”ဆိုတဲ့ စကားထဲက “ချစ်”ဟာ တကယ်တော့ “ချစ်ခြင်း(အစစ်)”ရဲ့
အနက်နဲ့ မသက်ဆိုင်ပါဘူး။ အဲဒီ့“ချစ်”က “ချစ်စရာကောင်းတယ်”ဆိုတဲ့ အသုံးအနှုန်းထဲက “ချစ်”မျိုး၊ ခပ်ပေါ့ပေါ့ပဲ
ဖြစ်ပါတယ်။ လမ်းမှာ ဖျတ်ခနဲ တွေ့လိုက်တဲ့ ကလေးငယ်တစ်ယောက်ကို “သည်ကလေးလေးက သိပ်ချစ်စရာ
ကောင်းတာပဲ”ဆိုတဲ့ စကားမျိုးမှာဖြစ်စေ၊ “သည်ထဘီဆင်လေးက ချစ်စရာလေးနော်”ဆိုတဲ့ စကားမျိုးမှာ ဖြစ်စေ
ပါဝင်တဲ့ “ချစ်”ဆိုတဲ့ ဝေါဟာရရဲ့လေးပင်မှုလောက်နဲ့ သုံးမိတဲ့ “ချစ်”စကားဟာ မွှန်စိတ်နဲ့ ယှဉ်နေတတ်ပါတယ်။

“အချစ်ယောင်”ကတော့ တစ်မျိုးပါ။ အဲဒီ့အချစ်မျိုးကိုတော့ “ကုန်းအော်ချစ်”လို့တောင် ခေါ်နိုင်ပြန်သေးတယ်။

 

ဘာလို့လဲဆိုတော့ “ချစ်တယ်၊ ချစ်တယ်”လို့ တစ်ချိန်လုံး အော်ဟစ် မြည်တမ်းနေပြီး ကိုယ့်ကို ပြန်မချစ်တော့ဘူး
ဆိုတာနဲ့  စိတ်ချဉ်ပေါက်သွားတတ်တဲ့ အချစ်မျိုးပါ။



တစ်နည်းအားဖြင့် “အတ္တဗဟိုပြုအချစ်”လို့လည်း ခေါ်မယ်ဆို ခေါ်နိုင်ပါသေးတယ်။ ငါ့ကို ပြန်ချစ်ရင်ချစ်၊ မချစ်ရင်

နင့်ကို ငါ ဆက်မချစ်နိုင်တော့ဘူးဆိုတာမျိုးဟာ တကယ်တော့ “အချစ်ယောင်”ပါ။

 

တစ်ခါတစ်ရံမှာ လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကောင်ကိုဖြစ်စေ ချစ်လှပါချေရဲ့
တွေ ဖြစ်နေပြီး ဂရုတွေ လွှတ်စိုက်နေမိတတ်ပါတယ်။ ဒါပေမယ့် အချစ်ခံလူ၊ ဒါမှမဟုတ် သတ္တဝါဆီက တုံ့ပြန်ဂရု
စိုက်မှုကို ပြန်မရတဲ့အချိန်မှာ စိတ်ချဉ်တွေ ပေါက်လာပြီး “သင်းတော့လား၊ နေနှင့်ဦးပေါ့။ ငါမရှိမှ ငါ့တန်ဖိုးကို
သိမယ်။ ငါက စေတနာ ထားရသလောက်၊ ချစ်ရသလောက်  သင်းကဖြင့် ငါ့တစ်ဝက်လောက်တောင် ငါ့အပေါ်
သိတတ်မှု မရှိဘူး”စသဖြင့် ဘာဘာညာညာတွေ တွေးမိ၊ ရွတ်မိ ကုန်တဲ့အချစ်မျိုးက “ချစ်တယ်”လို့ ကြွေးကြော်ရင်း
နဲ့ “အချစ်ခံချင်တယ်”ဆိုတဲ့ အတိတ်စိမ်းကို ပေးနေတဲ့ “အချစ်ယောင်”ပါ။

 

တပ်မက်မှုကို အခြေခံနေတဲ့ “ရမ္မက်”ကြောင့် အချစ်ယောင်ဖြစ်လာရတာပါ။ ဒါကိုတော့ အင်္ဂလိပ်လို
PASSION လို့ ခေါ်ကြပါတယ်။

တကယ့်အချစ် (အစစ်)၊ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာက အဲဒါတွေလောက် မပေါ့ပါဘူး။ အဲဒီ့ “အချစ်(အစစ်)”က
သိပ်ပါးရည်နပ်ရည်ရှိတယ်လို့တောင် ဆိုနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့  သူက အချိန် ယူတာကိုး။

 

အချစ်တစ်ခု ဖြစ်လာဖို့အတွက်က ပယောဂတွေ အများကြီး လိုတယ်။ အဲဒီ့ ပယောဂတွေထဲမှာ “လှပတင့်တယ်မှု”
ဟာ သိပ်နေရာမရတတ်ဘူး။ အချစ်က မျက်စိ မပါတဲ့အတွက် “ရုပ်”ကိစ္စဟာ အချစ်မှာ အဓိက ဇာတ်လိုက် မဟုတ်
ဘူး။ ဇာတ်ပို့ဆိုရင်တောင် “ဖြတ်လျှောက်”လောက် ရိပ်ခနဲသာ ပါဝင်ခွင့်ရတဲ့ အနုဉာတ ဇာတ်ပို့မျှသာ ဖြစ်ပါတယ်။

 

“အချစ်(အစစ်)”ရဲ့အဓိက ဇာတ်လိုက်ကျော်က “နီးစပ်မှု” (familiarity) ပါ။ ဒါဖြင့် နီးစပ်တိုင်း ချစ်ကြသလားကွာ
လို့ မေးစရာ ရှိလာရပြန်တယ်။ အဲသလိုဆိုရင်တော့ အဖြေရ ကsပ်ချင်ချင်ပါ။ ဒါပေမယ့် သေချာတာက နီးစပ်ခြင်း
ဟာ ချစ်ခြင်းရဲ့ အမြုတေ ဖြစ်နေတာပါပဲ။ သည်နေရာမှာ “အမြုတေ” (catalyst)လို့ ဆိုလိုက်တာကို ဂရုစိုက်စေ
ချင်ပါတယ်။ အဲဒီ့ အမြုတေ ပေါ်မှာမှ အခြား၊ အခြားသော ပယောဂ ပေါင်းစုံ ပူးလာဖို့ လိုပါသေးတယ်။

 

နီးစပ်မှုကြောင့် ရင်းနှီးကျွမ်းဝင်မှု (friendliness) ပေါ်လာရပါတယ်၊ ရင်းနှီးကျွမ်းဝင်မှုနောက်မှာ နှစ်လိုခြင်း
(admiration) ဆိုတာ ပေါ်လာပါ မယ်။ “နှစ်လိုခြင်း”ဟာ “နှစ်သက်ခြင်း (like)”ဆိုတာနဲ့ မတူတာကိုလည်း သတိ
ထားရပါဦးမယ်။ နှစ်သက်တယ်ဆိုတာက ကြိုက်တဲ့အဆင့်မှာတင် ရပ်နေပါတယ်။ “နှစ်လို”တဲ့အခါမှာတော့
နှစ်သက်ရုံမက လိုလားတာတွေပါ ပါလာတယ်။ လိုလားရာမှာလည်း မိမိအတွက်တင်မက တစ်ဖက်သားအတွက်
ပါ ကိုယ်က လိုလိုလားလား ရှိလာတာကိုမှ နှစ်လိုတာလို့ ပြောလိုက်ချင်ပါတယ်။


အဲသလိုနဲ့ တစ်ဖက်သားအပေါ် တန်ဖိုးထားနိုင်လာတယ် (appreciation)၊ သံယောဇဉ်ကြီးစွာ တွယ်တာလာနိုင်

တယ် (attachment)၊ မြတ်နိုးလို့ လာနိုင်ပါတယ် (affection)။ အဲဒီ့ကမှ နောက်ဆုံး အဆင့်အနေနဲ့ ကရုဏာစိတ်
(compassion)ကလည်း ဆီးမနိုင်၊ တားမရအောင် ပွားလာပါတော့တယ်။

 

အဲသလိုနဲ့ နီးစပ်မှုကို အခြေခံပြီး တငွေ့ငွေ့ ဖွဲ့တည်လာတဲ့ အချစ် (အစစ်)ဟာ လူတစ်ယောက်ရဲ့ဘဝထဲကို
ရောက်လာတတ်ပါတယ်။ အချစ်ဆိုတဲ့စိတ် ဖြစ်လာတဲ့ အခိုက်အတန့်ကို အဲဒီ့လူကိုယ်တိုင်က သတိမထားမိလိုက်
နိုင်ပါဘူး။ တစ်နည်းပြောရရင် တစ်ဖက်သားအပေါ် ဘယ်အချိန်၊ ဘယ်ကာလက စပြီး ချစ်မိသွားတယ်ဆိုတာကို
တိတိပပ အပြောရ ခက်နေတတ်ပါတယ်။

 

အဲဒါဟာ အချစ်ပါလို့ နှုတ်နဲ့ ကြွေးကြော် မြည်တမ်းလိုက်ဖို့လည်း အလွန် ဝန်လေးနေရတတ်ပါတယ်။ ရင်ထဲမှာ ထုနဲ့
ထည်နဲ့၊ အုံနဲ့ ကျင်းနဲ့ ခမ်းခမ်းနားနားကြီး တည်နေတဲ့ ခံစားချက်တစ်ရပ်ကို “အချစ်”ရယ်လို့ ခပ်နုတ်နုတ် အမည်
ပေးလိုက်ရမှာကိုတောင် မဝံ့မရဲ ဖြစ်နေရတတ်ပါတယ်။

 

ကျွန်တော့် ပုဂ္ဂလိက အတွေ့အကြုံနဲ့ အတွေးအမြင်အရ အဲဒါဟာ “အချစ် (အစစ်)” ဖြစ်နေပါတယ်။

Share

No comments: